ထိုင်းမဲဆောက်မြို့မှ မြန်မာမြဝတီမြို့အတွက် ဆေးအကူအညီပေး

မြန်မာနိုင်ငံကို ထိုင်းနိုင်ငံနယ်စပ် မဲဆောက်မြို့တာဝန်ရှိသူတွေနဲ့ ကုန်သည်တွေက ဆေးဘက်ဆိုင်ရာပစ္စည်း အကူအညီတွေ ပေးအပ်ခဲ့တဲ့ မြင်ကွင်း။ (စက်တင်ဘာ ၂၉၊ ၂၀၂၀)

ကိုဗစ်ရောဂါ ကူးစက်မှုတွေ တိုးလာနေတဲ့ မြန်မာနိုင်ငံကို ထိုင်းနိုင်ငံနယ်စပ် မဲဆောက်မြို့တာဝန်ရှိသူတွေနဲ့ ကုန်သည်တွေက ဆေးဘက်ဆိုင်ရာပစ္စည်း အကူအညီတွေ ပေးအပ်ခဲ့တဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက ပြောပြပါမယ်။

ထိုင်းမြန်မာနယ်စပ် တာ့ခ် ခရိုင် မဲဆောက်မြို့ပိုင်နဲ့ ကုန်သည်ကြီးများအသင်း ထိုင်းကျန်းမာရေးဆိုင်ရာ အဖွဲ့အစည်းတွေက မြန်မာနိုင်ငံ နယ်စပ်မြို့ဖြစ်တဲ့ မြဝတီမြို့အတွက် ကိုဗစ်-၁၉ ကာကွယ်ကုသရေး ဆေးဘက်ဆိုင်ရာပစ္စည်း ၅ တန်လောက်ကို ကုန်တင်ကား ၂ စီးနဲ့ လွှဲပြောင်းပေးလိုက်တာပါ။ ထိုင်းနိုင်ငံက ပေးပို့တဲ့ အကူအညီတွေကိုတော့ မြဝတီခရိုင် အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က လက်ခံရယူခဲ့ပါတယ်။

တာ့ခ်ခရိုင် အုပ်ချုပ်ရေးမှူး Mr. Orrasit Samphantharat ကတော့ ကပ်ရောဂါ ကူးစက်မှုတွေ တိုးလာနေတဲ့ မြန်မာနိုင်ငံကို ဆေးဘက်ဆိုင်ရာ အကူအညီတွေ ပေးအပ်ရတဲ့အကြောင်းကို မနေ့တုန်းက အခုလို ရှင်းပြသွားပါတယ်။

မြဝတီမှာ ကိုဗစ်ရောဂါကူးဆက်ပြန့်ပွားနေတဲ့ နေတာကတော့ လောလောဆယ် မြဝတီအုပ်ချုပ်ရေးအာဏာပိုင်တွေရဲ့ အတည်ပြုချက်အရ ကိုဗစ်လူနာ ငါး ဦးရှိပြီး နှစ်ဦးဟာ ရောဂါပျောက်ကင်းသွားပြီ ဖြစ်ကြောင်းနဲ့ ကူးစက်ခံရသူတွေဟာ ရန်ကုန်ကနေ လာတဲ့သူတွေဖြစ်ပြီး အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်က ကူးစက်တာလို့ သိရှိရကြောင်း တာ့ခ်ခရိုင်အုပ်ချုပ်ရေးမှူးက ထိုင်းဘာသာနဲ့ ပြောဆိုခဲ့တာပါ။

မြန်မာနိုင်ငံမှာ ကပ်ရောဂါ ကူးစက်မှုတွေ တိုးလာနေတာကြောင့် နယ်စပ်ဒေသ အဝင်အထွက်တွေ တင်းကြပ်ထားတဲ့ ထိုင်းနိုငံကတော့ တရားမဝင် နယ်စပ်ဖြတ်ကျော်သူတွေကို ဆက်တိုက်ဆိုသလို ဖမ်းဆီးပြီး စောင့်ကြည့်ရေးစင်တာတွေကို ပို့နေပါတယ်။

ထိုင်း ဒုဝန်ကြီးချုပ်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ Don Pramudwinai က ရောဂါကူးစက်မှုတွေ တကျော့ပြန် ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံကို ကူညီမယ့်အကြောင်း ဒီသီတင်းပတ်ထဲ ဘန်ကောက်မြို့မှာ ကျင်းပခဲ့တဲ့ ကိုဗစ်ကပ်ရောဂါ ကာကွယ်တိုက်ဖျက်ရေး စီမံခန့်ခွဲမှုအဖွဲ့ (CCSA) အစည်းအဝေးအပြီးမှာ ပြောဆိုခဲ့ပြီးနောက် အခုလို ထောက်ပံ့လိုက်တာလည်း ဖြစ်ပါတယ်။

ထိုင်းနိုင်ငံဘက်ကတော့ ကိုဗစ်ရောဂါ နယ်စပ်ဒေသတွေဆီ ပျံ့နှံ့လာနေမှုကို တားဆီးကာကွယ်နိုင်ဖို့အရေး ဆေးဝါးနဲ့ ကာကွယ်ရေး ကုသရေး အတွေ့အကြုံတွေ ဖလှယ် ပူးပေါင်းလုပ်ဆောင်သွားမယ်လို့လည်း ပြောဆိုထားပါတယ်။


မအေးအေးမာ/VOA (Burmese)

https://burmese.voanews.com/a/thai-authorities-myanmar-medical-assistance/5603167.html

ထိုင်းမဲဆောက်မြို့မှ မြန်မာမြဝတီမြို့အတွက် ဆေးအကူအညီပေး ထိုင်းမဲဆောက်မြို့မှ မြန်မာမြဝတီမြို့အတွက် ဆေးအကူအညီပေး Reviewed by THITHTOOLWIN on 20:05 Rating: 5

No comments:

Powered by Blogger.