ရန်ကုန်မှာ နယ်ကျော်သွားလာသူတွေ ကို စစ်ဆေး နေ

နယ်ကျော်သွားလာသူတွေ ကိုစစ်ဆေး နေ

ရန်ကုန်တိုင်းအတွင်းက ကျောက်တံတား ၊တောင်ဥက္ကလာပ၊အင်းစိန်၊ လှိုင်သာယာ ၊မြောက်ဥက္ကလာပ စတဲ့မြို့နယ်တွေမှာ စက်တင်ဘာ ၂၇ ရက်နေ့ ကစပြီး ရဲတပ်ဖွဲ့၊အထွေထွေအုပ်ချုပ်ရေးအပါအဝင် ပူးပေါင်းအဖွဲ့တွေကနေ မြို့နယ်ကျော် သွားလာတာတွေ ကို စတင်စစ်ဆေးပြီး ပညာပေးတာတွေပြုလုပ်နေတယ်လို့ သိရပါတယ်။

တောင်ဥက္ကလာပမှာတော့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ စစ်ဆေးမှုတွေလုပ်နေပြီး ခွင့်ပြုထားတဲ့လုပ်ငန်းတွေ မဟုတ်ဘဲ သွားလာနေသူတွေကို ပညာပေးပြီး အိမ်ပြန်လွှတ်တာတွေလုပ်နေတယ်လို့ တောင်ဥက္ကလာပမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဒေါ်သစ်သစ်မြင့်က ဘီဘီစီကို ပြောပါတယ်။

မြောက်ဥက္ကလာပမှာတော့ မြို့နယ်အဝင်အထွက်တွေကို မြောက်ဥက္ကလာပ အဝိုင်းကြီးမှာ စစ်ဆေးနေပြီး ခွင့်ပြုထားတဲ့လုပ်ငန်းတွေက မဟုတ်ဘဲ နယ်ကျော်သွားလာသူတွေ ကို ပညာပေး ပြောဆိုတာတွေရှိတယ် လို့လည်း ကိုယ်တွေ့ကြုံရသူတစ်ဦး ကပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်တင်ဘာလ ၂၄ ရက်နေ့ကစပြီး stay home ကာလအတွင်း ဖွင့်လှစ်ဖို့ခွင့်ပြုထားတဲ့ စက်ရုံ၊အလုပ်ရုံ၊ကုမ္ပဏီ လုပ်ငန်း အဖွဲ့အစည်းတွေကို လုပ်ငန်းလည်ပတ်ရေး အတွက် သွားလာရာမှာ အွန်လိုင်းက တစ်ဆင့် မှတ်ပုံတင်ပြီး QR pass လျှောက်ထားကြဖို့လည်း မြန်မာနိုင်ငံ ကုန်သည်စက်မှု လုပ်ငန်းရှင်များ အသင်းချုပ်က ထုတ်ပြန်ထားခဲ့ပါတယ်။

စျေးဝယ်တာနဲ့ ဆေးရုံဆေးခန်းသွားပြတာမှအပ နေအိမ်ပြင်ပကို ထွက်ခွာခြင်း မပြုရဘူး လို့ အစိုးရက ကန့်သတ်ထား

စက်တင်ဘာ ၂၄ ရက်ကနေ အောက်တိုဘာ ၇ရက်နေ့အထိ ရန်ကုန်တိုင်းအတွင်းက မြို့နယ် ၄၄ခု အတွင်းမှာ အစိုးရကခွင့်ပြုထားတဲ့ လုပ်ငန်းတွေမှ အပ ကျန်လုပ်ငန်းတွေကို နေအိမ်ကသာလုပ်ကိုင်ဖို့ နဲ့ ပိတ်ထားဖို့ကို ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။

အထည်ချုပ်လုပ်ငန်းတွေကိုလည်း အောက်တိုဘာလ ၇ ရက်နေ့အထိပိတ်ထားသလို ဒီနှစ်ပတ်တာ ကာလအတွင်း ဆက်လက်လုပ်ကိုင်ခွင့်ပြုထားတဲ့လုပ်ငန်းတွေကိုလည်း သွားလာခွင့် QR pass လျှောက်ထားပြီး အပြင်ထွက်ရာမှာ ပြသရမှာဖြစ်တယ်လို့ မြန်မာနိုင်ငံ ကုန်သည်စက်မှု လုပ်ငန်းရှင်များ အသင်းချုပ်က ထုတ်ပြန်ထားပါတယ်။

ရန်ကုန်တိုင်းက သာမန်ပြည်သူတွေကိုတော့ အဲဒီသတ်မှတ်ရက်တွေအတွင်းမှာ စျေးဝယ်တာနဲ့ ဆေးရုံဆေးခန်းသွားပြတာမှအပ နေအိမ်ပြင်ပကိုထွက်ခွာခြင်း မပြုရဘူး လို့ အစိုးရက ကန့်သတ်ထားပါတယ်။

အရေးပေါ်ကိစ္စရပ်များအတွက် သွားလာရန်ရှိပါကလည်း သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေကို သတင်းပို့ပြီး ခွင့်ပြုချက်နဲ့ သွားလာရမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

အခုလိုစစ်ဆေးရတာဟာလည်း လူတွေ မလိုအပ်ဘဲ အပြင်ကိုထွက်နေမှာစိုးလို့ ဖြစ်တယ်လို့ လည်း တောင်ဥက္ကလာပမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သစ်သစ်မြင့် က ပြောပါတယ် ။

အင်းစိန်မှာလည်းစစ်ဆေးမှုတွေ လုပ်

ကျန်းမာရေးဝန်ကြီးဌာနရဲ့ ရန်ကုန်တိုင်းအတွင်း သွားလာခွင့် ကနဦးခွင့်ပြုချက်မှာ ဘဏ်နဲ့ ငွေကြေးဝန်ဆောင်မှုလုပ်ငန်း၊ စက်သုံးဆီ အရောင်းဆိုင်၊စားသောက်ကုန်နဲ့ သား၊ငါး လုပ်ငန်း၊ဆေးဝါးနဲ့ ဆေးပစ္စည်းကိရိယာထုတ်လုပ်ရေးနဲ့ ဖြန့်ဖြူးရောင်းချရေး၊ ရေသန့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချရေးနနဲ့ နေ့စဉ်တစ်ကိုယ်ရည်သုံးပစ္စည်းထုတ်လုပ်တဲ့ စက်ရုံတွေမှာ လုပ်ကိုင်နေသူတွေတော့ ဒီအစဉ်အစီမှာမပါဝင်ဘဲ ခွင့်ပြုခဲ့တယ်လို့သိရပါတယ်။

နောက်ရက်မှာတော့ ရန်ကုန်တိုင်းမှာ နေအိမ်မှာပဲ နေကြဖို့ Stay at Home အမိန့်ထုတ်ထားတဲ့ ကာလအတွင်း ခြွင်းချက်နဲ့ အပြင်ထွက် အလုပ်ခွင့်ရမယ့် အလုပ်အကိုင်တွေကို ကျန်းမာရေးဝန်ကြီးဌာနက ထပ်မံဖြည့်စွက် ခွင်ပြုလိုက်ပါတယ်။

အဲဒီမှာ လေကြောင်းလိုင်း အပါအဝင် လေကြောင်းလိုင်းဝန်ဆောင်မှုလုပ်ငန်းတွေ ၊အပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းတွေ ၊အကောက်ခွန် ဝန်ဆောင်မှုလုပ်ငန်းတွေ ပါဝင်လာပါတယ်။

ဒါအပြင်ရန်ကုန်အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းမှာ နိုင်ငံတကာ ကုန်တင်သင်္ဘော တွေအတွက် ဝန်ဆောင်မှုပေးရတဲ့ ပုဂ္ဂလိက ဆိပ်ကမ်းတွေ ၊ သင်္ဘောဌာနေ ကိုယ်စားလှယ်ရုံးတွေ ၊ကုန်သေတ္တာ မော်တော်ယာဉ်လုပ်ငန်းတွေ ပါဝင်လာတာကိုတွေ့ရပါတယ်။


ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းတွေကိုလည်း ခွင့်ပြုပေးခဲ့ပါတယ်။

မြို့နယ်ကျော် သွားလာတာတွေ ကို စတင်စစ်ဆေးပြီး ပညာပေးတာတွေပြုလုပ်နေ

ရန်ကုန်တိုင်းအတွင်းက စားသောက်ကုန်ရောင်းချတဲ့လုပ်ငန်းရှင်တစ်ဦးကတော့ QR pass လျှောက်ရမယ့် ဝဘ်ဆိုက်ဟာ ဒီနေ့ နေ့လယ်ပိုင်းမှာ ဝင်လို့မရဘဲ ဖြစ်နေတယ်လို့ ဘီဘီစီကို ပြောပါတယ်။

ဘီဘီစီက အဲဒီဝဘ်ဆိုက် လိပ်စာအတိုင်း ကိုယ်တိုင်ဝင်ကြည့်တဲ့အခါမှာလည်း ဒီဝဘ်ဆိုက် ကိုပြုပြင်မွမ်းမံမှုတွေနဲ့ ထိမ်းသိန်းမှုများလုပ်ဆောင်နေတယ် ဆိုတာကို ဖော်ပြထားတာတွေ့ရပါတယ်။

လူအများအပြား QR pass ဝင်လျှောက်ကြလို့ အခုလို ဝင်မရဖြစ်တယ်လို့ ယူဆကြောင်းလည်း ရန်ကုန်မြို့ခံတစ်ဦးကပြောပါတယ်။

မြန်မာနိုင်ငံ ကုန်သည်စက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ဘက်က တာဝန်ရှိသူတွေဘက် ကိုတော့ ဆက်သွယ်လိုမရခဲ့ပါဘူး။

ဒါပေမဲ့ မြန်မာနိုင်ငံ ကုန်သည်စက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ရဲ့ ဖေ့ဘုတ်စာမျက်နှာမှာတော့ ဖုန်းနဲ့ဖြည့်တဲ့သူများက error များတက်နေသည်ကို တွေ့ရသည့်အတွက် ဖုန်းနဲ့အစား ကွန်ပျူတာက ဖြည့်မယ့် လုပ်ငန်းကုမ္ပဏီများအတွက် ပိုအဆင်ပြေပါတယ်၊ ဖြည့်တဲ့အခါ မှန်ကန်စွာဖြည့်ဖို့လိုပါတယ် လို့ ပြန်လည်ရှင်းလင်း ဖော်ပြထားတာတွေ့ရပါတယ်။

တောင်ဥက္ကလာပမှာ စက်တင်ဘာလ ၂၇ ရက်နေ့က စစ်ဆေးမှုတွေလုပ်နေ

ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ စက်တင်ဘာ ၂၆ ရက် ည ၈ နာရီ သတင်းထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူပေါင်း ၉,၉၉၁ ဦးနဲ့ သေဆုံးသူပေါင်း ၁၉၈ ဦး ရှိပြီလို့ ဖော်ပြထားပါတယ်။

စက်တင်ဘာလ ၂၆ ရက်နေ့ ညနေအထိ ထပ်တွေ့တဲ့ လူနာ ၈၈၀ဦးမှာ ရန်ကုန် က ၇၆၉ ဦး၊ရခိုင် က ၃၅ ဦး၊ဧရာဝတီ ၁၁ဦး၊ မန္တလေးတိုင်း ၄ဦး၊ ပဲခူး ၁၇ ဦး၊စစ်ကိုင်း ၆ ဦး၊မွန် ၁၃ ဦး၊နေပြည်တော် ၁၅ ဦး၊ကရင် ၂ ဦး၊မကွေး ၆ ဦး၊တနင်္သာရီနဲ့ ကချင်က ၁ ဦးစီ ပါတာကိုတွေ့ရ တယ်။

ရန်ကုန်ဟာ လက်ရှိ ပိုးတွေ့လူနာ အများဆုံးမြို့ဖြစ်ပြီးတော့ ရန်ကုန်တိုင်းအတွင်းမှာကူးစက်ခံရ သူ ၇၄၀၀ ကျော်ရှိတယ်လို့လည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနထုတ်ပြန်ချက်တွေ အရသိရပါတယ်။

အခုလို မြို့နယ်ကျော် သွားလာမှု ကန့်သတ်ချက်တွေကို မလိုက်နာဘဲ ဖောက်ဖျက်ပါက နောက်ရက်တွေမှာ တည်ဆဲဥပဒေတွေနဲ့ အရေးယူဆောင်ရွက်သွား ဖို့ရှိတယ်လို့လည်းတောင်ဥက္ကလာပမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဒေါ်သစ်သစ်မြင့်က ဘီဘီစီကို ပြောပါတယ်။ 


BBC Burmese

https://www.bbc.com/burmese/burma-54315614

ရန်ကုန်မှာ နယ်ကျော်သွားလာသူတွေ ကို စစ်ဆေး နေ  ရန်ကုန်မှာ နယ်ကျော်သွားလာသူတွေ ကို စစ်ဆေး နေ Reviewed by THITHTOOLWIN on 23:20 Rating: 5

No comments:

Powered by Blogger.