မဟာတံတိုင်းကြီးရဲ့ ပျက်စီးနေတဲ့ နေရာတွေပေါ် တက်ခွင့် ပိတ်လိုက်

ကီလိုမီတာ ထောင်ပေါင်းများစွာ ရှည်လျားတဲ့ မဟာတံတိုင်းကြီးရဲ့ နေရာအတော်များများ ပြင်ဆင်မွမ်းမံထား

တရုတ်နိုင်ငံမှာ လူအစည်ကားဆုံး အားလပ်ရက်ရာသီ ကာလ နီးကပ်လာတာနဲ့အမျှ "မဟာတံတိုင်းကြီးရဲ့ ပျက်စီးယိုယွင်းနေတဲ့ နေရာတွေပေါ် " တက်သူတွေကို အရေးယူမယ်လို့ တရုတ်အစိုးရက သတိပေးလိုက်ပါတယ်။

ပြင်ဆင်မွမ်းမံ မထားတာကြောင့် ခရီးသွားတွေ မသွားကြဖို့ ကန့်သတ်ထားတဲ့ မဟာတံတိုင်းကြီးထဲက နေရာတချို့ကို "wild Great Wall" "မဟာတံတိုင်းကြီးရဲ့ ပျက်စီးနေတဲ့ အပိုင်းများ" လို့ ရည်ညွှန်းလေ့ ရှိပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း အားလပ်ရက် ခရီးသွားရာသီရောက်တိုင်း ဒီနေရာတွေဟာ လူ အတော်များများ စိတ်ဝင်တစား သွားရောက်လည်ပတ်ရာ နေရာ ဖြစ်လာခဲ့ပါတယ်။

ပြည်တွင်း ခရီးသွား ထောင်ပေါင်းများစွာ လာကြမယ်လို့ မျှော်လင့်ရတဲ့ ရွှေရောင်သီတင်းပတ် အားလပ်ရက်ရာသီမှာ စည်းကမ်းချိုးဖောက်ရင် ဒဏ်ကြေး တပ်တာမျိုးကို ပိုတင်းတင်းကျပ်ကျပ် လုပ်သွားမှာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ ဆိုးဆိုးဝါးဝါး ထိခိုက်ခဲ့တဲ့ ခရီးသွားလုပ်ငန်းကို ဒီအားလပ်ရက် ရာသီမှာ ပြန်လည်မြှင့်တင်နိုင်ဖို့ မျှော်လင့်ထားပါတယ်။

"ဒီနှစ် အမျိုးသားနေ့ ရုံးပိတ်ရက်အဖြစ် ၈ ရက် ပိတ်မှာပါ။ ဒီပိတ်ရက်တွေမှာ 'မဟာတံတိုင်းကြီးရဲ့ ပျက်စီးနေတဲ့ အပိုင်းတွေ'ကို သွားရောက်လည်ပတ်ကြမယ့် ခရီးသွားဧည့်သည် အရေအတွက်ကလည်း ပိုတိုးလာမှာ သေချာပါတယ်" လို့ ယန်ကျင်း ခရိုင် ယဉ်ကျေးမှု အမွေအနှစ်ဆိုင်ရာ စီမံခန့်ခွဲရေး ဒါရိုက်တာ ယု ဟန်ကွမ်း က တရုတ်နိုင်ငံထုတ် The Global Times သတင်းစာကို ပြောပါတယ်။

မဟာတံတိုင်းကြီးရဲ့ ကန့်သတ်တားမြစ်နေရာတွေကို သွားရောက်သူတွေကို တရုတ်ယွမ်ငွေ ၂၀၀ ကနေ ၃၀,၀၀၀ အထိ ဒဏ်တပ်သွားမယ်လို့ တရုတ်အစိုးရက လူထုကို သတိပေးထားပါတယ်။

ဒါ့အပြင် လုံခြုံရေးကိုလည်း တိုးချဲ့ ချသွားမှာ ဖြစ်ပြီး မဟာတံတိုင်းကြီးတလျှောက် စခန်းချနေတဲ့ လုံခြုံရေး ၁၃၁ ဦးလုံးကို ရွှေရောင်သီတင်းပတ်ကာလအတွင်း တာဝန်ချသွားမှာ ဖြစ်တယ်လို့ Beijing Dialy သတင်းစာမှာ ဖော်ပြပါတယ်။

"မဟာတံတိုင်းကြီးရဲ့ ပျက်စီးယိုယွင်းနေတဲ့ အပိုင်းတွေပေါ် " စူးစမ်းလေ့လာရေးခရီး သွားဖို့ စီစဉ်နေတာတွေ ရှိမရှိ သိရဖို့အတွက် လူမှုကွန်ရက်ပေါ်မှာလည်း အာဏာပိုင်တွေက ပိုက်စိပ်တိုက် ရှာနေပါတယ်။

မဟာတံတိုင်းကြီးရဲ့ တချို့နေရာတွေက အင်မတန် မတ်စောက်တဲ့အတွက် ခရီးသွားဧည့်သည်တွေ လမ်းပျောက်တာမျိုး၊ ပြုတ်ကျတာမျိုးတွေ ဖြစ်နိုင်တယ်လို့ မစ္စတာ ယုက ပြောပါတယ်။ အဲဒီအစိတ်အပိုင်းတွေပေါ် တက်ရောက်တဲ့အတွက် သမိုင်းဝင် မဟာတံတိုင်းကြီးမှာ ထိခိုက် ပျက်စီးမှုတွေ ရှိလာနိုင်တယ်လို့လည်း အာဏာပိုင်တွေက သတိပေးထားပါတယ်။

ခရီးသွားဧည့်သည်တွေ သွားရောက်လည်ပတ်ဖို့ ခွင့်ပြုထားတဲ့ နေရာတွေက ကီလိုမီတာ ထောင်သောင်းချီ ရှည်လျားတဲ့ နာမည်ကျော် အထင်ကရ မဟာတံတိုင်းကြီးရဲ့ အစိတ်အပိုင်း အနည်းငယ်လောက်ပဲ ဖြစ်ပါတယ်။

မဟာတံတိုင်းကြီးရဲ့ ပျက်စီးနေတဲ့ အပိုင်းများ (ဘယ်)၊ ပြင်ဆင်မွမ်းမံထားတဲ့ အပိုင်းများ (ညာ)

တံတိုင်းကြီးရဲ့ တခြားအစိတ်အပိုင်းတွေကတော့ ရှေးမူမပျက် ပကတိအတိုင်း ရှိနေဆဲပါ။

ဒါပေမဲ့ အဲဒီနေရာတွေကို ပြင်ဆင်မွမ်းမံမှုတွေ လုပ်နေတယ်လို့ တရုတ်အစိုးရက အစောပိုင်းတုန်းက ကြေညာထားပါတယ်။

အောက်တိုဘာလ ၁ ရက်နေ့မှာ ကျရောက်မယ့် ရွှေရောင်သီတင်းပတ် အားလပ်ရက်ကာလမှာ တရုတ်ပြည်သူ သန်းရာပေါင်းများစွာ ခရီးသွားကြမယ်လို့ မျှော်လင့်ရပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ကန့်သတ်တားမြစ်မှုတွေ လနဲ့ချီကြာအောင် ကြုံတွေ့ခဲ့ရပြီးတဲ့နောက်မှာတော့ ခရီးသွားဖို့ မျိုသိပ်ထားရတဲ့ စိတ်တွေ ပြန်လည် နိုးထလာဖွယ် ရှိနေပါတယ်။

ပုံမှန်အားဖြင့် ဒီ ၈ ရက်တာ အားလပ်ရက် ကာလမှာ ထောင်သောင်းချီတဲ့ တရုတ်နိုင်ငံသားတွေဟာ နိုင်ငံရပ်ခြားကို သွားရောက်လည်ပတ်လေ့ ရှိကြပါတယ်။

ဒါပေမဲ့ ဒီနှစ်မှာတော့ ဗိုင်းရပ်စ်ပိုး ပျံ့နှံ့မှုတွေကြောင့် ပြည်ပ ခရီးသွားလာခွင့် ကန့်သတ်ပိတ်ပင်မှုတွေ ရှိနေတဲ့အတွက် ပြည်တွင်းခရီးသွားလာမှု တဟုန်ထိုး မြင့်တက်လာဖွယ် ရှိနေပါတယ်။

တရုတ်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ကျယ်ကျယ်ပြန်ပြန့် ဟန့်တားလိုက်နိုင်ခဲ့ပုံ ရှိပြီး အခုအခါ ကန့်သတ်တားမြစ်မှု အများစုကို ဖြေလျှော့ပေးလိုက်ပြီ ဖြစ်ပါတယ်။ 


BBC Burmese

https://www.bbc.com/burmese/world-54355935

မဟာတံတိုင်းကြီးရဲ့ ပျက်စီးနေတဲ့ နေရာတွေပေါ် တက်ခွင့် ပိတ်လိုက်  မဟာတံတိုင်းကြီးရဲ့ ပျက်စီးနေတဲ့ နေရာတွေပေါ် တက်ခွင့် ပိတ်လိုက် Reviewed by THITHTOOLWIN on 20:21 Rating: 5

No comments:

Powered by Blogger.