ကိုဗစ်ကပ်ဘေး မိသားစုတွေအထောက်အပံ့လိုအပ်နေ


မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေကြောင့် အိမ်ပြင်မထွက်ဖို့ အမိန့်ထုတ်ထားတဲ့ အချိန်မှာ လိုအပ်ရင် ထောက်ပံ့ကူညီဖို့ အစိုးရက ပြင်ဆင်နေရာမှာ ဘယ်လိုလူတွေ အကူအညီလိုနေသလဲဆိုတာကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအိမ့်သန္တာထွန်းက ပြောပြပါမယ်။

ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေကြောင့် လပိုင်းအတွင်းမှာပဲ သေဆုံးသူ ၂၀၀ ကျော်နဲ့ ကူးစက်သူ ၁၀,၀၀၀ လောက် တိုးလာရာက ရန်ကုန်တိုင်း တခုလုံးနီးပါး အိမ်ပြင်မထွက်ဖို့ အမိန့်ထုတ်ထားတာကြောင့် အခက်အခဲဖြစ်တဲ့သူတွေလည်း တိုးလာနေပါတယ်။ အစိုးရက အခြေခံလူတန်းစားတွေ အပါအဝင် အကူအညီလိုသူတွေကို ထောက်ပံ့တာတွေ ရှိခဲ့ပေမဲ့ နယ်မြို့တွေကလာပြီး အလုပ်လုပ်နေသူတွေလို ရန်ကုန်မှာရှိတဲ့ တချို့သူတွေ အထောက်အပံ့ မရတာတွေလည်း ရှိပါတယ်။ ရခိုင်ပြည်နယ်ကလာပြီး ရန်ကုန်မှာ စက်ချုပ်လုပ်ငန်းလုပ်တဲ့ မအေးအေးမှုံက သူကြုံနေရတဲ့ အခက်အခဲတွေကို ခုလိုပြောပြပါတယ်။

“ဒီအတိုင်းပဲ ထိုင်နေရတာပေါ့။ ဘာအလုပ်မှမရှိတာ။ မကြီးတို့က စက်ချုပ်တဲ့သူတွေဆိုတော့ ပွဲလမ်း သဘင်၊ သွားမယ့်လာမယ့် နေရာတွေရှိမှ ချုပ်ရတာဆိုတော့ ခုက ဘယ်မှလဲ မသွားမလာရတော့ ဘာမှ လဲ မလုပ်ရဘူး။ တစ်လ တစ်လ အိမ်လစာနဲ့ စားတာသောက်တာနဲ့ မရှိရှိတာ ပေါင်စားရောင်းစားတော့လည်း၊ ရှိတာတွေလည်း မရှိတော့ဘူး။ အဲ့ဒီရောဂါဖြစ်ပြီဆိုကတည်းက သူများတွေဆီမှာ (ထောက်ပံ့ကြေး) ပေးတာတော့ ကြားဖူးတယ်။ မကြီးတို့ရပ်ကွက်မှာ တစ်ခါမှမပေးသေးဘူး။ ဘာတစ်ခုမှလည်း မပေးဘူး။ သူတို့စာထဲမှာတော့ အိမ်ထောင်စုရှိတဲ့သူတိုင်း ရမယ်လို့တော့ ရေးထားတာပဲ။ မကြီးတို့က နယ်ကလာတာဆိုတော့ အိမ်ထောင်စုတော့ မရှိဘူးပေါ့လေ၊ အိမ်ငှားနေတာ ဆိုတော့။ အဲ့လိုကြောင့် မို့လို့လားတော့ မသိပါဘူး။ တချို့ရပ်ကွက်တွေမှာတော့ အိမ်ပိုင်ရှိတဲ့သူတွေ ရတယ်။ အိမ်ငှားတွေ မရဘူးလို့တော့ ကြားတာပဲ။ တစ်ခုမဟုတ်တစ်ခုတော့ ဖြေရှင်းစေချင်တယ်။ မဟုတ်ရင် ပိုက်ဆံပေး၊ မဟုတ်ရင် အလုပ်ပေးပေါ့။”

ရန်ကုန်တိုင်းအတွင်း အိမ်ပြင်မထွက်ဖို့ အမိန့်ထုတ်ပြန်ထားချိန်မှာပဲ လိုအပ်ရင် အကူအညီပေးဖို့ဆိုပြီး မကြာသေးခင်ကစ စာရင်းကောက်ယူ တာတွေလည်း ရှိပါတယ်။ သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးကတော့ ရန်ကုန်တိုင်းဒေသကြီးအတွင်း အိမ်မှာနေဖို့ အမိန့်ထုတ်ထား ချိန်မှာ လိုအပ်ရင် အထောက်အပံ့တွေ ပေးနိုင်အောင် ကြိုတင်ပြင်ဆင်ထားတာဖြစ်ကြောင်း အွန်လိုင်းကနေ ပြောဆိုထားတာပါ။ ရောဂါပြန့်ပွားမှုကို ထိန်းချုပ်နိုင်ဖို့ အဆက်အသွယ်တွေ ဖြတ်တောက်ထားရတဲ့ နောက်ဆုံးအခြေအနေရောက်လာရင် အခက်အခဲမရှိအောင် ကြိုတင်ပြင်ဆင်ထားတာလို့လည်း သတင်းထောက်တွေကို ပြောဆိုထားပါတယ်။

စီးပွားရေး ပညာရှင် ဒေါက်တာဇော်ဦးကတော့ အစိုးရက ကပ်ရောဂါကာလ အကူအညီပေးတဲ့နေရာမှာ လိုအပ်တဲ့သူတွေကိုသာ ထိရောက်အောင် ထောက်ပံ့နိုင်ဖို့ အရေးကြီးတယ်လို့ သုံးသပ်ပါတယ်။

“ခုအချိန်က ဦးစားပေးကို ပိုပြီးတော့ သတ်မှတ်ပြီး ဆောင်ရွက်ဖို့က အရေးကြီးပါတယ်။ အဲ့တော့ ဒီဟာကလည်း နိုင်ငံတကာ ဆင်းရဲမှု လျှော့ချရေးတွေမှာ အခုလိုမျိုး ကိုဗစ်ကာလမှာသူတိုပြောတာတော့ Target ပေါ့၊ ဘယ်သူ တွေကို ထိထိရောက်ရောက် ကူပေးချင်လဲ။ ထိထိရောက်ရောက် ကူပေးချင်တဲ့သူကို ပိုပြီးတော့ ဦးစားပေးသတ်မှတ်မယ်။ သူတို့ဆီကို အမြန်ဆုံးနှင့် ရောဂါကူးစက်မှု သက်သာအောင် ပေးနိုင်ဖို့ လိုတယ်၊ ခုကာလမှာ။ အဲ့တော့ အားလုံးတပြေးညီပေးရမယ်ဆိုရင် နံပတ် ၁၊ ရတဲ့ ပမာဏက နည်းသွားမယ်။ ရန်ကုန်မြို့မှာရှိတဲ့ လူ ၇,၀၀၀,၀၀၀ လုံးကို ပေးမယ်ဆိုရင်တော့ တစ်ယောက်ကို တစ်ကျပ်ပဲ ရမယ်။ အဲ့ဒီမှာ လူ ၇၀,၀၀၀ လောက်ကိုပဲ သေသေချာချာ ဦးစားပေးသတ်မှတ်ပေးမယ်ဆိုရင်တော့ တစ်ယောက်ကို တစ်ထောင်လောက်ထိ ရသွားမယ်။ အဲ့တော့ ပြောရရင်တော့ အဲ့ဒီ ရှုထောင်က ကြည့်ပြီးရင် ထိရောက်မှု ပိုရှိတယ်။ အများကြီးကို အကုန်လုံး တပြေးညီပေးလိုက်တယ်ဆိုတာကတော့ နိုင်ငံရဲ့ စေတနာလို့ တစ်ဘက်က ပြောလို့ရပေမဲ့ တကယ်တမ်းက ဝေဒနာဖြစ်သွားဖို့များတယ်။”

ရန်ကုန်တိုင်းအတွင်း ကိုဗစ်ကပ်ရောဂါကူးစက်မှု မြင့်မားလာတဲ့အတွက် ကူးစက်မှုတွေကို ကာကွယ်ဖို့ စက်တင်ဘာလ ၂၄ ရက်နေ့ကနေ အောက်တိုဘာလ ၇ ရက်နေ့အထိ နေအိမ်မှာပဲ နေကြဖို့ အမိန့်ထုတ်ပြန်ထားပြီး၊ မဖြစ်မနေ လုပ်ငန်းတချို့မှာ လုပ်ကိုင်နေသူတွေကိုသာ သွားလာခွင့်ပြုထားပါတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့အစောပိုင်းအထိ ထုတ်ပြန်ချက်အရ ကိုဗစ်ရောဂါကြောင့် သေဆုံးသူ ၂၈၂ ယောက် နဲ့ ကူးစက်သူ ၁၂,၀၀၀ ကျော် ရှိနေပါတယ်။


အိမ့်သန္တာထွန်း/VOA (Burmese)

https://burmese.voanews.com/a/myanmar-covid-cash-assistance/5603153.html

ကိုဗစ်ကပ်ဘေး မိသားစုတွေအထောက်အပံ့လိုအပ်နေ ကိုဗစ်ကပ်ဘေး မိသားစုတွေအထောက်အပံ့လိုအပ်နေ Reviewed by THITHTOOLWIN on 20:04 Rating: 5

No comments:

Powered by Blogger.