မိုင်းကိုင်မှာ ရှမ်းလက်နက်ကိုင်အဖွဲ့ ရွေးကောက်ပွဲစည်းရုံးမှု တားမြစ်နေ

တအန်း(ပလောင်) အမျိုးသားပါတီ TNP ကို မိုင်းကိုင်မြို့နယ်မှာ တွေ့ရ။ (ဓာတ်ပုံ - TNP-Mong Kung - စက်တင်ဘာ ၂၈၊ ၂၀၂၀)

ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့နယ်မှာ ရှမ်းလက်ကိုင်အဖွဲ့က နိုင်ငံရေးပါတီတွေကို မဲဆွယ်စည်းရုံးခွင့်မပြုဘူးဆိုပြီး ဒေသခံ တအန်း(ပလောင်) ပါတီက၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြားထားတဲ့သတင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က ပြောပြပေးပါမယ်။

မိုင်းကိုင်မြို့နယ်၊ ပန်ကေတုကျေးရွာအုပ်စုက တအန်း(ပလောင်)ရွာ ၃ ရွာမှာ နိုင်ငံရေးပါတီတွေကို မဲဆွယ်စည်းရုံးခွင့်မပြုဖို့နဲ့ ပျက်ကွက်ခဲ့ရင် ဒဏ်ငွေပေးဆောင်ရမယ်လို့ NCA အပစ်ရပ်စာချုပ်ကို လက်မှတ်ရေးထိုးထားတဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS က သတိပေးထားကြောင်း တအန်း(ပလောင်) အမျိုးသားပါတီ TNP ကပြောပါတယ်။

ဒီလိုသတိပေးထားတာကြောင့် TNP ပါတီက သွားရောက်မဲဆွယ်ရာမှာ ရွာလူထုက လက်မခံရဲဘဲ ဖြစ်နေတယ်လို့လည်း ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ၁၊ မိုင်းအုန်းခိုင်က VOA ကို ပြောပါတယ်။

“TNP အနေနဲ့က ပလောင်အမျိုးသားပါတီအနေနဲ့က စည်းရုံးရေးဆင်းဖို့လေ။ စည်းရုံးရေးဆင်းဖို့ဆို ပန်ကေတု ကျေးရွာကို ကျနော်တို့က ကွင်းဆင်းတယ်။ ဆင်းတဲ့အခါကျတော့ ရွာလူထုတွေက လက်ခံရဲဘူး။ မတွေ့ဆုံရဲဘူးပေါ့ဗျာ။ ဘယ်လိုကြောင့်ဆို ဒီဘက်က RCSS က သူတို့ကို ပါတီတွေနဲ့ တွေ့ဆုံမယ်ဆိုရင်တော့ တစ်ရွာကို ၁၀သိန်း ဒဏ်ငွေ ပေးဆောင်ရမယ်ဆိုတဲ့ ထပ်ထပ်ရောက်လာတဲ့အခါကျတော့ ရွာလူထုတွေက စိုးရိမ်သွားတာပေါ့။ စိုးရိမ်မှုတွေဖြစ်တဲ့အခါက ပါတီနဲ့ တွေ့ဖို့ လက်မခံရဲတာဖြစ်ပါတယ်။”

RCSS အဖွဲ့ကတော့ သူတို့ထိန်းချုပ်ရာ နယ်မြေမှာ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမယ်ဆိုရင် ကြိုတင်အကြောင်းကြားဖို့ အစောပိုင်းမှာ သတိပေးထားပါတယ်။ TNP ပါတီကတော့ ပန်ကေတုကျေးရွာအုပ်စုကို မသွားမီမှာ RCSS ရဲ့ ညွှန်ကြားချက်အတိုင်း အကြောင်းကြားခဲ့ပြီး ဒီလ ၂၄ ရက်နေ့က သွားရောက်တာဖြစ်ကြောင်းနဲ့ RCSS တားမြစ်တာနဲ့ ပတ်သက်ပြီး ၂၆ ရက်နေ့မှာပဲ လွိုင်လင် ခရိုင် ရွေးကောက်ပွဲ ကော်မရှင်ထံကို တိုင်ကြားစာပေးပို့ထားတယ်လို့လည်း ပြောပါတယ်။

လွိုင်လင် ခရိုင်ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးသိန်းနိုင်ကလည်း TNP ပါတီရဲ့ တိုင်ကြားချက် လက်ခံရရှိထားကြောင်း အခုလို ပြောပါတယ်။

“၂၆ ရက်နေ့က စာတင်ထားတယ်။ ပန်ကေတုအုပ်စု ရွာ ၃ ရွာရှိတယ်။ လွယ်ရွှဲတို့၊ ကုန်းပေါင်းတို့ ရွာလေး ၃ ရွာ၊ အဲဒီရွာမှာ မဲဆွယ်လို့ မရဘူးတဲ့။ မဲဆွယ်လို့ မရတဲ့အကြောင်းရင်းက RCSS ကနေပြီးတော့ ရွာသူကြီးတွေကို စာရေးထားတယ်တဲ့။ ရွာမှာ မဲဆွယ်မယ်ဆိုရင် ရွာတွေကို ဒဏ်ရိုက်မယ်။ အဲဒါကြောင့်မို့ ပလောင်ပါတီ လာလို့ရှိရင် ရွာတွေကို ဒဏ်ရိုက်မယ်။ သူကတော့ ၁၀ သိန်းလို့ ပြောတယ်။ ဒါပေမဲ့ ရှမ်းစာနဲ့ ငါ ရေးထားတာ ဖတ်ကြည့်တာတော့ ၁၀၀,၀၀၀ ပဲ တွေ့တယ်။ အဲလိုမျိုးဒဏ်ရိုက်မယ်ဆိုလို့ မဲဆွယ်လို့ မရဘူးတဲ့ အဲ့ဒါ လေးကို စာတင်ထားတယ်။”

မိုင်းကိုင်မြို့နယ်အတွင်းမှာ နိုင်ငံရေးပါတီ ၆ ခုထက်မနည်း ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်ထားပြီး၊ ကျန်ပါတီတွေကတော့ တားမြစ်ခံရလို့ တိုင်ကြားတာမျိုး မရှိကြောင်းလည်း ရွေးကောက်ပွဲ ကော်မရှင်က ပြောပါတယ်။

ခရိုင်ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ပါတီအဖွဲ့အစည်းအချင်းချင်း၊ ဒါမှမဟုတ် ဌာနဆိုင်ရာနဲ့ တစုံတရာဖြစ်ရင် ခေါ်ယူညှိနှိုင်းနိုင်ပေမဲ့ အခုအဖြစ်အပျက်က လက်နက်ကိုင်အဖွဲ့အစည်းဖြစ်နေတာကြောင့် အထက်ကို တင်ပြထားကြောင်း အခုလို ဆက်ပြောပါတယ်။

“လက်နက်ကိုင်အဖွဲ့ဆိုတော့ ငါတို့က ခေါ်လို့လည်း မရဘူး။ ငါတို့က ကိုင်လို့ တွယ်လို့ ရတဲ့ကိစ္စတွေ မဟုတ်ဘူးဖြစ်နေတယ်။ ငါတို့ ဘောင်အပြင်ရောက်သွားပြီ။ အဲတော့ ပြည်နယ် ကော်မရှင်ကိုတော့ ဆက်တင်ပြထားတာပေါ့။ ပြည်နယ်ကော်မရှင်က အစိုးရတို့ ဘာတို့နဲ့ သူ့မှာ လမ်းကြောင်းတွေ ရှိပါလိမ့်မယ်။ အဲဒီ လမ်းကြောင်းတွေက တဆင့် ဒီအဖွဲ့အစည်းတွေကို ထိန်းကြောင်းပေးဖို့ပေါ့နော်။ အဲလိုမျိုးတော့ လုပ်ပေးနိုင်အောင်လို့တော့ စာတင်ထားလိုက်တယ်။”

ဒီသတင်းနဲ့ပတ်သက်ပြီး အတည်ပြုမေးမြန်းနိုင်ဖို့ RCSS က တာဝန်ရှိသူတွေကို ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံ ဖြေဆိုတာ မရှိခဲ့ပါဘူး။

၂၀၁၅ ခုနှစ်ရွေးကောက်ပွဲကာလကလည်း တအန်း(ပလောင်)အမျိုးသားပါတီ TNP မိုင်းကိုင်မြို့နယ် ဥက္ကဋ္ဌ မိုင်းအောင်ခန်းကို RCSS က ဒီဒေသမှာ မလှုပ်ရှားဖို့ သတိပေးတားမြစ်ခဲ့ဖူးသလို ဒီတားမြစ်ချက်ကို မလိုက်နာတာကြောင့် TNP ပါတီ မိုင်းကိုင်မြို့နယ် ပါတီဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးကို တစ်လကျော်ကြာ ဖမ်းဆီးချုပ်နှောင်ခဲ့ဖူးပါတယ်။

ကိုဗစ်ကပ်ရောဂါနဲ့ နယ်မြေလုံခြုံရေး ပြဿနာတွေ ရှိတဲ့ နေရာတွေမှာ ရွေးကောက်ပွဲတွေ ရွှေ့သင့်၊ မသင့်ဆိုတာကိုတော့ ရှေ့လထဲလောက်မှာ ကြေညာမယ်လို့လည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သတင်းထုတ်ပြန်ထားပါတယ်။


မိုးဇော်/VOA (Burmese)

https://burmese.voanews.com/a/palaung-campaign-myanmar-election/5601761.html

မိုင်းကိုင်မှာ ရှမ်းလက်နက်ကိုင်အဖွဲ့ ရွေးကောက်ပွဲစည်းရုံးမှု တားမြစ်နေ မိုင်းကိုင်မှာ ရှမ်းလက်နက်ကိုင်အဖွဲ့ ရွေးကောက်ပွဲစည်းရုံးမှု တားမြစ်နေ Reviewed by THITHTOOLWIN on 00:05 Rating: 5

No comments:

Powered by Blogger.