COVID 19 ကပ်ရောဂါထိန်းချုပ်ရေးအတွက် ဖားကန့်နဲ့ အခြားရတနာမြေတွေမှာ မိုးတွင်းကာလ ကျောက်မျက် တူးဖော်ခွင့် ရပ်နားထားတာကို နောက်ထပ် ၂ လ သက်တမ်းတိုးဖို့ စီစဉ်နေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က ပြောပြပေးပါမယ်။
မိုးရာသီကာလမှာ လုံးခင်း၊ ဖားကန့်၊ ခန္တီးနဲ့ မော်လူး-မော်ဟန် ရတနာမြေတွေကနေ ကျောက်စိမ်းရိုင်း ထုတ်လုပ်တာကို ဇူလိုင်လ ၁ ရက်နေ့ကနေ စက်တင်ဘာလ ၃၀ ရက်နေ့အထိ ယာယီ ရပ်နားထားခဲ့တာပါ။
ပုံမှန်အခြေအနေဆိုရင် အောက်တိုဘာလ ၁ ရက်နေ့မှာ ကျောက်မျက်တူးဖော်မှုကို ပြန်လည်ခွင့်ပြုရမှာ ဖြစ်ပေမဲ့ လက်ရှိ ဖြစ်ပွားနေတဲ့ ကပ်ရောဂါထိန်းချုပ်နိုင်ဖို့အတွက် နောက်ထပ် ၂ လ ထပ်မံရပ်နားဖို့ စီစဉ်နေကြောင်း မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေး လုပ်ငန်းရုံးချုပ်က အဆင့်မြင့်အရာရှိတစ်ဦးက အခုလို ပြောပါတယ်။
“အဲဒီက နယ်မြေအခြေအနေရယ်၊ လုပ်ငန်းအခြေအနေရယ်၊ ဒီရောဂါအခြေအနေကြောင့်မို့ ကျနော်တို့က ဒါကိုတော့ ဟို ကျန်တဲ့ ကျောက်မျက်လုပ်ငန်းရှင်တွေ၊ အသင်းတွေ၊ ကျန်တဲ့ဒေသတွေရောပေါ့နော်။ သူတို့ တင်ပြချက်ရတော့ ဆက်လက်ပြီးတော့ ၂ လ ယာယီရပ်နားဖို့ အထက်ကိုတော့ တင်ပြထားပါတယ်ဗျ။ ဒီဟာလေးကို။ ခွင့်ပြုချက်ပေါ့၊ ခွင့်ပြုချက်ရတာနဲ့ ချက်ချင်းထုတ်ပြန်ပါမယ်။ လောလောဆယ်ကတော့ ဒီလုပ်ငန်းတွေက အငြိမ်ပဲ ဆက်ပြီးတော့ သွားနေမှာပေါ့နော်။ အဲဒါ ညွှန်ကြားချက်ကတော့ တရားဝင် ထုတ်ဖို့ပဲ ကျန်ပါတော့တယ်။”
နောက်ထပ် ၂ လ ယာယီရပ်နားဖို့ကို ကျောက်မျက်လုပ်ငန်းရှင်များအသင်းထံကနေ သဘောထားရယူပြီး လွန်ခဲ့တဲ့အပတ်က အစိုးရအဖွဲ့ကို တင်ပြထားတာဖြစ်ကြောင်းနဲ့ အစိုးရဆီက ခွင့်ပြုချက်မရရှိမီမှာ လုပ်ငန်းတွေ ရပ်နားထားဖို့ ညွှန်ကြားထားကြောင်းလည်း ပြောပါတယ်။
ဖားကန့်ဒေသက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်က လက်ရှိ ဖားကန့်ဒေသမှာ COVID 19 ကူးစက်မှုအခြေအနေကို အခုလို ပြောပါတယ်။
“ဖားကန့်မှာ မနေ့က သူတို့စစ်တဲ့အထဲမှာ အကုန်လုံးပေါ်တာကတော့ ဒီနေ့ထိကတော့ ၃၅ယောက်လို့ ပြောတယ်ဗျ။ COVID 19 က၊ Positive က ၃၅ ယောက်၊ အဲဒီတောင်ပြိုရွာတစ်ခုမှာပဲ။ သူတို့က စစ်တွေက လာပြီးတော့မှ အကုန် contact ဖြစ်သွားတာ။ အဲဒီမှာ ၃၅ ဦးရှိတယ်။ ဆေးရုံကဆင်းတာကတော့ ဟိုနေ့က ၄ ဦးရယ်၊ အကုန်လုံး ၉ ဦးလောက်တော့ ဆင်းပြီ။”
လောလောဆယ် ဖားကန့်မြို့နယ်အတွင်း ကပ်ရောဂါထိန်းချုပ်ရေးအတွက် ဆောင်ရွက်နေတာတွေကိုလည်း အခုလို ဆက်ပြောပါတယ်။
“အခုကတော့ ရန်ကုန်လိုပဲ အားလုံးက Stay at home ပဲ။ နောက်ပြီးတော့မှ အပြင်မသွား၊မလာဖို့၊ နောက် တစ်ရပ်ကွက်နဲ့ တစ်ရပ်ကွက်သွားမယ်ဆို out pass ပေါ့ဗျာ။ ကဒ်ပြားလေးနဲ့ စျေးဝယ်ဘာညာဆို အဲဒီမှာ တစ်ချိန်ပဲ ထွက်ရမယ်ဆို ကန့်သတ်ထားတာပေါ့။ အဝင်အထွက်တွေကတော့ အကုန် ဂိတ်တွေနဲ့ ထားတာပေါ့။ ဒါပေမဲ့ ဝင်လို့ထွက်လို့ တော့ ရတာပေါ့။ ဒီ အစားအသောက်ဝယ်တာတို့ ဘာတို့ စျေးသွားတာတို့။ မြို့အဝင်အထွက်တွေလည်း အကုန်လုံး ကန့်သတ်ထားတယ်။ လာသမျှလူကတော့အကုန်လုံး Quarantine ဝင်ရမယ်။ ကိုယ်စရိတ်နဲ့ ကိုယ်ပေါ့။”
ကချင်ပြည်နယ်မှာ စက်တင်ဘာလ ၃၀ ရက် မနက်ပိုင်းအထိ COVID 19 ပိုးတွေ့လူနာ ၄၅ ဦး တွေ့ရှိထားပြီး ဖားကန့်မြို့နယ်မှာ ၃၅ ဦး ရှိကြောင်း ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
မိုးဇော်/VOA (Burmese)
https://burmese.voanews.com/a/hpakant-myanmar-jade/5603193.html

No comments:
Post a Comment