ဒုတိယအကြိမ်မဲစာရင်းတွေကို အောက်တိုဘာ ၁ရက်နေ့မှာစကပ်မယ်၊ အွန်လိုင်းကလည်း စစ်နိုင်မယ်

မဲစာရင်းတွေ အောက်တိုဘာ ၁ ရက်နေ့က စပြီး မြေပြင်မှာ စာရင်းကပ်ကြေညာသွားမှာဖြစ်သလို အွန်လိုင်းကတစ်ဆင့်လည်း စစ်ဆေးနိုင်မှာဖြစ်

၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းတွေကို အောက်တိုဘာ ၁ ရက်နေ့က စပြီး မြေပြင်မှာ စာရင်းကပ်ကြေညာသွားမှာဖြစ်သလို အွန်လိုင်းကတစ်ဆင့်လည်း စစ်ဆေးနိုင်မှာဖြစ်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေ စက်တင်ဘာ ၂၉ ရက်နေ့က ကြေညာထားပါတယ်။

ကော်မရှင်က ကြေညာပြီးနောက် စက်တင်ဘာ ၃၀ ရက်နေ့မှာ UEC ရဲ့ ဝဘ်ဆိုဒ်ကတစ်ဆင့် မဲစာရင်း ဝင်ရောက်စစ်ဆေးသူအများအပြားရှိခဲ့ပြီး အချို့မှာ ပထမအကြိမ် သွားရောက်ကပ်ထားတဲ့ မဲစာရင်းမှာ ပါဝင်ခဲ့ပေမဲ့ အွန်လိုင်းကစစ်ရာမှာတော့ စာရင်းမပါတာတွေလည်းရှိတယ်လို့ UEC ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာမှာ ဝင်ရောက်မှတ်ချက်ပေးသူတွေလည်း ရှိနေပါတယ်။

လာမယ့် နိုဝင်ဘာ ၈ ရက်နေ့မှာကျင်းပသွားမယ့် ရွေးကောက်ပွဲအတွက် မဲစာရင်းပြင်ဆင်ခွင့်ဟာ ဒီအကြိမ်ဟာ နောက်ဆုံးအကြိမ်ဖြစ်ပါတယ်။

" မြို့နယ်အတိုင်းအတာကတော့ ရပ်/ကျေးအားလုံးကို ဖြန့်ထားပြီးပြီ။ အောက်တိုဘာ ၁ ရက်နေ့ကစပြီး မဲစာရင်းတွေကပ်ဖို့ အရံသင့်စီစဉ်ထားပြီးပြီ။ မဲစာရင်း ပြင်ဖို့ ပုံစံတွေအားလုံး အသင့်ပြင်ပြီး ကော်မရှင်က ဝန်ထမ်းတွေ ရှိနေမှာပါ။ ရန်ကုန်အနေနဲ့ဆို သင်္ဃန်းကျွန်းဆိုလည်း အဖြစ်များတဲ့ထဲပါတယ်။ ကျွန်တော်တို့ လည်း ကြောက်ကြောက်နဲ့လာရတာပဲ။ တာဝန်က တာဝန်ဆိုတော့။'' လို့ ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ် ကော်မရှင် ဥက္ကဋ္ဌဖြစ်သူ ဦးဌေးမြင့်က ဘီဘီစီကိုပြောပါတယ်။

မဲစာရင်းတွေကို အွန်လိုင်းက စစ်လို့ရပေမဲ့ လည်း ပြင်ဆင်ဖို့လိုသူတွေအနေနဲ့ အောက်တိုဘာ ၁ ရက်ကနေ ၁၄ ရက်အနေ့အတွင်းမှာ ရပ်ကွက်၊ကျေးရွာအလိုက် ကော်မရှင်ရုံးတွေမှာ လာရောက် ပြင်ဆင်ဖို့ လိုအပ်မှာဖြစ်တယ်လို့ မြို့နယ်ကော်မရှင်တွေထံကသိရပါတယ်။

' ' အခုက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ညွှန်ကြားချက်တွေရှိတယ်။ ကျန်းမာရေးဝန်ကြီး ဌာနက ညွှန်ကြားချက်တွေရှိတယ်။ အိမ်အပြင်မထွက်ဖို့လို့ နားလည်ထားတယ်။ မဲစာရင်းစစ်ဖို့ကိစ္စကို သွားမယ်ဆိုလို့ရှိရင်လည်း ဘယ်လောက်အတိုင်းအတာထိခွင့်ပြုမလဲဆိုတာကို အင်ဖော်မေးရှင်းပေးထား တာမရှိဘူး။ စိတ်တော့ပူတယ်။ ဘယ်လိုမျိုးပြင်မလဲ။ မြေပြင်မှာသွားပြင်ဖို့လိုလာတာဆိုတော့။ အဲဒါတစ်ခု တော့ စိတ်ပူတယ်။''လို့ ရွေးကောက်ပွဲဆိုင်ရာအသိပညာပေးတဲ့လုပ်ငန်းတွေကို ဆောင်ရွက်နေတဲ့ MynFrel က မဇင်မာဦးက ဘီဘီစီကိုပြောပါတယ်။

ပြင်ဆင်ဖို့လိုသူတွေအနေနဲ့ရပ်ကွက်၊ကျေးရွာအလိုက် ကော်မရှင်ရုံးတွေမှာ သွားရောက် ပြင်ဆင်ဖို့ လိုအပ်မှာဖြစ်

စက်တင်ဘာ ၂၉ ရက်နေ့အထိ ကိုဗစ်အတည်ပြုလူနာ တစ်သောင်းနှစ်ထောင်ကျော်နဲ့ သေဆုံးသူ နှစ်ရာ့ ရှစ်ဆယ်ကျော်အထိ ရှိနေတဲ့ထဲ လူဦးရေ ၇ သန်းကျော်နေထိုင်တဲ့ ရန်ကုန်တိုင်းက ဖြစ်ပွားမှုနဲ့သေဆုံးမှု အများဆုံးဖြစ်နေတာပါ။

ဒါကြောင့် ရန်ကုန်တိုင်းမှာမြို့နယ်တွေကိုအောက်တိုဘာ ၇ရက်နေ့အထိ Stay at home အမိန့်ထုတ်ထားပြီး မြို့နယ်ကျော်သွားလာတာမျိုးမလုပ်ဖို့လည်း စည်းကမ်းတင်းကျပ်ထားပါတယ်။

' ' ရန်ကုန်မှာက stay at home ကြေညာထားတော့ မဲဆန္ဒရှင် အသိပညာပေးတာတွေကို ဆိုရှယ် မီဒီယာကနေပဲ လုပ်နိုင်တယ်။ ရန်ကုန်မဟုတ်တဲ့ အရေးလည်းကြီးတယ် လုပ်ဖို့လည်း လိုအပ်တဲ့ နယ်တွေကိုတော့နယ်ဒေသခံတွေနဲ့ တစ်အိမ်တက်ဆင်း မဲအသိပညာပေးတာ mask တွေဝေတာ၊ ကျန်းမာရေးအသိပညာပေးတာတွေကို ကန်ပိန်းအနေနဲ့လုပ်ဖို့တော့စီစဉ်ထားတယ်။ မဲစာရင်းကပ်တဲ့ ၁၄ ရက်အတွင်းကို မီအောင်တော့ လုပ်ရမှာပေါ့'' လို့ ရွေးကောက်ပွဲအသိပညာပေးတာတွေကို လုပ်ဆောင်တဲ့အဖွဲ့တွေအနေနဲ့လည်း အကန့်အသတ်တွေရှိနေတဲ့အပေါ် မဇင်မာဦးက ပြောပြပါတယ်။


BBC Burmese

https://www.bbc.com/burmese/burma-54025338

ဒုတိယအကြိမ်မဲစာရင်းတွေကို အောက်တိုဘာ ၁ရက်နေ့မှာစကပ်မယ်၊ အွန်လိုင်းကလည်း စစ်နိုင်မယ် ဒုတိယအကြိမ်မဲစာရင်းတွေကို အောက်တိုဘာ ၁ရက်နေ့မှာစကပ်မယ်၊ အွန်လိုင်းကလည်း စစ်နိုင်မယ် Reviewed by THITHTOOLWIN on 20:10 Rating: 5

No comments:

Powered by Blogger.