ပုဏ္ဏားကျွန်း လမ်းဘေးကွမ်းယာဆိုင် ခေါင်မိုးထုပ်တန်းမှာ လက်နက်ကြီးကျည်တွေတွေ့

ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသ ပုဏ္ဏားကျွန်းမြို့ပေါ်ရပ်ကွက်တစ်ခုဖြစ်တဲ့ ရွာဟောင်းပိုင်း ရပ်ကွက်က လမ်းဘေးကွမ်းယာ ဆိုင်တစ်ဆိုင်ရဲ့ ခေါင်မိုးထုပ်တန်းပေါ်မှာ လက်နက်ကြီးကျည်နှစ်လုံးကို ကြိုးနဲ့တွဲလျက် စက်တင်ဘာ ၁၄ ရက် မနက်ပိုင်းမှာ တွေ့ရှိရတယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းမောင်က ပြောပါတယ်။

အဲ့ဒီလက်နက်ကြီးကျည်တွေ တွေ့တဲ့ ကွမ်းယာဆိုင်ဟာ ရန်ကုန်-စစ်တွေအဝေးပြေးလမ်းမဘေး ဓာတ်အားခွဲစက်ရုံ ရှေ့မှာရှိတဲ့ ကွမ်းယာဆိုင်ဖြစ်ပြီးတော့ လက်နက်ကြီးကျည်နှစ်လုံးကို အဝါရောင် ပလက်စ်တစ်ကြိုးနဲ့ချည်ပြီး ထုပ်တန်းမှာ တွဲလောင်းချ ချိတ်ဆွဲထားတာ တွေ့ရတယ်လို့ သူကပြောပါတယ်။

လမ်းသွားလမ်းလာတွေက လမ်းဘေးကွမ်းယာဆိုင်ရဲ့ ခေါင်မိုးထုပ်တန်းပေါ်မှာ လက်နက်ကြီး တွေကို ဒီနေနေ့မနက်ပိုင်းမှာ မြင်တွေ့ခဲ့တာဖြစ်ပြီး ဘယ်အဖွဲ့အစည်းတွေက အခုလို ပြုလုပ်ခဲ့တယ် ဆိုတာကို မသိရသေး ဘူးလို့ လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းမောင်က ပြောပါတယ်။

အဲ့ဒီ လက်နက်ကြီးကျည်နှစ်လုံးဟာ အလျား တစ်ပေခန့်အရှည် ရှိပြီးတော့ ကျည်ရဲ့နောက်ဘက်မှာ အနက်ရောင်ဒလက်ပါတဲ့ အမျိုးအစားဖြစ်တာကို တွေ့ရကာ မတော်တဆ ပေါက်ကွဲမှုတွေ ဖြစ်ပွားမှာကိုလဲ မြို့ခံတွေက စိုးရိမ်နေကြပါတယ်။


ကွမ်းယာဆိုင်မှာ လက်နက်ကြီးကျည်နှစ်လုံးချိတ်ဆွဲလျက်တွေ့နေရတာကို ရပ်ကွက် အုပ်ချုပ်ရေးမှူးက သက်ဆိုင်ရာအဖွဲ့အစည်းတွေဖြစ်တဲ့ ရဲတပ်ဖွဲ့နဲ့ အထွေထွအုပ်ချုပ်ရေး ဦးစီးဌာနတို့ကို အကြောင်းကြားထားတယ်လို့ သိရပါတယ်။

အဲ့ဒီ လက်နက်ကြီးကျည်နှစ်လုံးကို အခုနေ့လယ်ပိုင်းအထိ ဖယ်ရှားမှုတွေ မလုပ်နိုင်သေးဘူးလို့ သိရသလို ဒီလိုလက်နက်ကြီးတွေ တွေ့တာနဲ့ ပတ်သက်လို့ ပုဏ္ဏားကျွန်းမြို့မ ရဲစခန်းမှူးကို မေးမြန်းဖို့ဆက်သွယ်ခဲ့ပေမဲ့ အဆက်အသွယ်မရရှိခဲ့ပါဘူး။

အဲ့ဒီကွမ်းယာဆိုင်ဟာ ရွာဟောင်းပိုင်းရပ်ကွက်မှာ နေထိုင်တဲ့ ဦးထွန်းငြိမ်းဝင်းရဲ့ ကွမ်းယာဆိုင် ဖြစ်ပြီး သူရဲ့ဇနီးသည် ကလေးမွေးဖွားထားတဲ့အတွက် ဆိုင်ပိတ်ထားတာ တစ်ပတ် လောက်ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။

အခုလိုမျိုး လမ်းသွားလမ်းလာတွေရှိတဲ့နေရာ၊ လူနေရပ်ကွက်နဲ့နီးတဲ့နေရာတွေမှာ လက်နက်ကြီး ကျည်နှစ်လုံး ချိတ်ဆွဲထားတာဟာ ဒေသခံပြည်သူတွေကို အထိတ်တလန့်ဖြစ်စေပြီး သက်ဆိုင်ရာက လာရောက် ဖယ်ရှားပေးစေချင်တယ်လို့ ရွာဟောင်းရပ်ကွက်က ဦးသန်းဝင်းက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကတော့ ပုဏ္ဏားကျွန်းမြို့ပေါ်မှာ စစ်ကြောင်း သွားလာ လှုပ်ရှားတာတွေရှိနေခဲ့ပြီး ဂူဝဆိပ်ကမ်းကနေ ပုဏ္ဏားကျွန်းမြို့အခြေစိုက် ၅၅၀ တပ်ရင်းကို ပစ္စည်းသယ်ယူတာတွေ ပြုလုပ်ပြီးတော့ အဲ့ဒီလမ်းတစ်လျှောက်လုံးမှာလဲ အစောင့်အရှောက် တွေချထားတာကိုတွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာတော့ ပုဏ္ဏားကျွန်းမြို့ဟာ ကိုဗစ် ၁၉ ရောဂါကူးစက်မှုဖြစ်ပွာနေတဲ့ မြို့နယ်တစ်ခုဖြစ်ပြီး Stay at home အိမ်မှာနေထိုင်ကြဖို့ အမိန့်ထုတ်ပြန်ထားသလို ညမထွက်ရ အမိန့်ထုတ်ပြန်ထားတဲ့မြို့နယ်တစ်ခုလဲဖြစ်ပါတယ်။


BBC Burmese

https://www.bbc.com/burmese/burma-54147677

ပုဏ္ဏားကျွန်း လမ်းဘေးကွမ်းယာဆိုင် ခေါင်မိုးထုပ်တန်းမှာ လက်နက်ကြီးကျည်တွေတွေ့  ပုဏ္ဏားကျွန်း လမ်းဘေးကွမ်းယာဆိုင် ခေါင်မိုးထုပ်တန်းမှာ လက်နက်ကြီးကျည်တွေတွေ့ Reviewed by THITHTOOLWIN on 21:02 Rating: 5

No comments:

Powered by Blogger.