ကိုဗစ် ကုသထိန်းချုပ်ရေး ကျန်းမာရေး ဝန်ကြီးဟောင်းပါဝင်တဲ့ နည်းပညာကူညီရေး အဖွဲ့ဖွဲ့

ဆေးဖြန်း

မြန်မာနိုင်ငံမှာ ကိုဗစ် ပိုးကူးစက်သူဦးရေ ဆက်တိုက် မြင့်မားလာနေချိန်မှာ အရင် ကျန်းမာရေး ဝန်ကြီးဟောင်း ပါမောက္ခ ဒေါက်တာကျော်မြင့် ဦးဆောင်ပြီး နည်းပညာပိုင်းဆိုင်ရာ အကူအညီပေးရေး အဖွဲ့တဖွဲ့ကို အစိုးရက ထပ်မံဖွဲ့စည်းလိုက်ပါတယ်။

ဒီအဖွဲ့မှာ ကုသရေး၊ ဆေးရုံတွေ စံမံခန့်ခွဲရေး၊ ပြည်သူ့ကျန်းမာရေး၊ ကူးစက်နှိမ်နင်းရေး အစရှိတဲ့ ကျွမ်းကျင် အငြိမ်းစား ပါမောက္ခကြီးတွေ ပါဝင်ပါတယ်။

ဒါ့အပြင် ရက်ပိုင်းအတွင်းမှာပဲ ကိုဗစ် ကုသရေးစင်တာတွေ အရေးပေါ် တိုးချဲ့တည်ဆောက်ထားပြီး တခြားပြည်နယ်နဲ့တိုင်းတွေက ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေလည်း ကိုဗစ်လူနာ အများဆုံး တွေ့ရတဲ့ ရန်ကုန်တိုင်းကို အားဖြည့်ဖို့ ရောက်လာပါတယ်။

အဲဒီ နည်းပညာပိုင်းဆိုင်ရာ အကူအညီပေးရေး အဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်လို့ ကျန်းမာရေး ဝန်ကြီးဌာန ပြောခွင့်ရသူ ညွှန်ကြားရေးမှူး ဒေါက်တာ သန်းနိုင်စိုးက ဘီဘီစီကို အခုလို ပြောပါတယ်။

"ပင်စင်အငြိမ်းစား ယူထားပေမယ့် အရေးကြုံရင် သူတို့မှာရှိတဲ့ အင်မတန်မှ အဖိုးတန်လှတဲ့ ပညာတွေ၊ အတွေ့အကြုံတွေကို အသုံးပြုပြီးတော့ နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုပိုင်းဆိုင်ရာမှာ အမျိုးသားအဆင့် ကိုဗစ်ကော်မတီကို လိုအပ်တဲ့ အကြံဉာဏ်တွေ အများကြီး ပေးနိုင်လို့ တကယ့်ကို အဖိုးတန်တဲ့ ကျွမ်းကျင်မှုပိုင်းဆိုင်ရာ အဖွဲ့ကြီး ဖြစ်တယ်" လို့ ဆိုပါတယ်။

ကျွမ်းကျင် ပညာရှင် အငြိမ်းစား ပါမောက္ခကြီးတွေဘက်ကလည်း လိုအပ်တဲ့ အကူအညီတွေ ပံပိုးပေးနေသလို နိုင်ငံတဝန်း ဆေးရုံတွေနဲ့ ကွာရန်တင်း စင်တာတွေ လုံလုံလောက်လောက် ရှိဖို့၊ လိုအပ်တဲ့ ဝန်ထမ်းအရေအတွက်နဲ့ စေတနာ့ဝန်ထမ်း ဦးရေ လုံလောက်ဖို့ ရှိဖို့ အပါအဝင် ဆေးဝါးနဲ့ ဆေးပစ္စည်းတွေ လုံလောက်မှု ရှိဖို့ကိုလည်း သက်ဆိုင်ရာ ဝန်ကြီးဌာနတွေဘက်က ဆောင်ရွက်နေတယ်လို့ ကိုဗစ် ၁၉ ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားထားပါတယ်။

ကိုဗစ်အတည်ပြုလူနာဦးရေနဲ့ သေဆုံးသူ ဦးရေ တဖြည်းဖြည်း တိုးလာနေပေမယ့်လည်း ကုသဆောင်ရွက်မှုအပိုင်းမှာတော့ နိုင်နင်းမှု ရှိတယ်လို့ ဒေါက်တာ သန်းနိုင်စိုးက ဆိုပါတယ်။

"လက်ရှိအခြေအနေအထားကတော့ စိုးရိမ်ရပါတယ်။ စိုးရိမ်လို့လည်း semi-lockdown တို့ Stay At Home တတ်နိုင်သမျှ အိမ်မှာပဲ နေပေးကြပါ။ အိမ်မှာ နေမှသာလျှင် ကူးစက်ခံရမှုတွေက ပြတ်တောက်မှာပေါ့။ မနိုင်မနင်းဖြစ်တဲ့ အခြေအနေတော့ မရှိသေးဘူးဗျ။ ရုန်းကန်ရတဲ့ အခြေအနေတော့ ရှိတာပေါ့နော်။ နဂိုကနဲ့စာရင် workload က ဆယ်ဆလောက်များလာတယ်။ ဒီ workload ကို နိုင်ဖို့အတွက်က

နံပါတ်၁ အရေးကြီးဆုံးက လူနာတွေကို ကုသစောင့်ရှောက်မှုတွေ ပေးရင်းနဲ့ ကူးစက် မခံရဖို့ အဓိကပေါ့။ ဒါကတော့ အရေးကြီးဆုံး ဆောင်ရွက်ရတာပေါ့နော်။

နံပါတ် ၂ ကတော့ လူနာများလာတာနဲ့အမျှ လူတွေတွေကို ခွဲခြားပြီး ကုသပေးနိုင်မယ့်နေရာ isolation and treatment centre ပေါ့။"

ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ အိမ်ပြင်မထွက်ရစည်းကမ်းတွေကို ချမှတ်တာ၊ ကူးစက်ခံရသူတွေက တဆင့်ထိတွေ့မှုတွေကိုလိုက်လံဖော်ထုတ်ကာ ကွင်းဆက်ဖြတ်တာ၊ လိုအပ်တဲ နေရာတွေကို အုပ်ချုပ်ရေး အဖွဲ့တွေနဲ့ ပူးပေါင်းလုပ်ဆောင်တာစတဲ့ အရာတွေကိုနိုင်နိုင်နင်းနင်းလုပ်ဆောင်နေတယ်လို့လည်း ဒေါက်တာသန်းနိုင်စိုးကပြောပါတယ်။

လက်ရှိ ကမ္ဘာ့တဝန်း ပျံ့နှံ့နေတဲ့ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး မြန်မာအစိုးရက ကျပ် ဘီလျံ တထောင်ကျော် အသုံးပြုသွားမယ်လို့ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာလ ၂၁ ရက်နေ့မှာ ပြည်သူတွေကို မိန့်ခွန်းပြောကြားထားပါတယ်။

တကယ်လို့ ကိုဗစ်ကာကွယ်ဆေးတွေ တခြား ကမ္ဘာ့နိုင်ငံတွေက ထုတ်လာရင်လည်း အချိန်နဲ့ တစ်ပြေးညီ မြန်မာနိုင်ငံကို အမြန်ဆုံး ရောက်ဖို့ကိုလည်း အစိုးရအနေနဲ့ ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။

ဒါကြောင့် ပြည်သူတွေ အနေနဲ့ စိတ်ဓာတ်မကျကြဖို့နဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စည်းကမ်းတွေကို လိုက်နာကြဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေ ၁၁၅ ဦးရှိပြီ ဖြစ်ပြီး ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသူဦးရေကလည်း ၆,၇၄၃ ရှိပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက စက်တင်ဘာ ၂၂ ရက် ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကိုဗစ်အတည်ပြုလူနာ တနေ့တခြား တိုးလာနေတဲ့အတွက် ကိုကိုးကျွန်းမြို့နယ်ကလွဲလို့ ရန်ကုန်တိုင်းအတွင်းက မြို့နယ်တွေအားလုံးမှာ ပြည်သူတွေ အိမ်မှာပဲ နေကြဖို့ တင်းကြပ်တဲ့ စည်းမျဉ်းတွေ ချမှတ်ထားခဲ့ပေမယ့် စက်တင်ဘာလ ၂၁ ရက်နေ့မှာ ပိုးတွေ့ရှိသူဦးရေ ၆၆၅ ဦးအထိ စံချိန်တင် တွေ့ရှိခဲ့တာပါ။

အဲဒီထဲက ကူးစက်ခံရသူ အများစုကလည်း ရန်ကုန်တိုင်းက ဖြစ်ပါတယ်။

ဒါ့အပြင် ပိုးကူးစက်ခံရသူ ဦးရေ မြင့်တက်နေတဲ့ ရန်ကုန်တိုင်းအတွင်း ဆေးရုံကုတင်တိုးဖို့အတွက်ကိုလည်း ဒဂုံတောင်အောင်မြင့်မိုရ်အိမ်ရာ၊ သုဝဏ္ဏဘောလုံးကွင်း အစရှိတဲ့နေရာတွေမှာ ထပ်မံတိုးချဲ့မှုတွေကို လုပ်ဆောင်နေပါတယ်။

သုဝဏ္ဏ မြက်ခင်းတု အားကစားကွင်းမှာ တိုးချဲ့ တည်ဆောက်လိုက်တဲ့ ကိုဗစ်-၁၉ ရောဂါ ကုသရေးဌာန(သုဝဏ္ဏ)


BBC Burmese

https://www.bbc.com/burmese/burma-54251227

ကိုဗစ် ကုသထိန်းချုပ်ရေး ကျန်းမာရေး ဝန်ကြီးဟောင်းပါဝင်တဲ့ နည်းပညာကူညီရေး အဖွဲ့ဖွဲ့  ကိုဗစ် ကုသထိန်းချုပ်ရေး ကျန်းမာရေး ဝန်ကြီးဟောင်းပါဝင်တဲ့ နည်းပညာကူညီရေး အဖွဲ့ဖွဲ့ Reviewed by THITHTOOLWIN on 00:00 Rating: 5

No comments:

Powered by Blogger.