အလုပ်အကိုင်ကြောင့် ကပ်ဘေးကာလ အိမ်မှာပဲနေဖို့ ခက်ခဲနေ


ကိုကိုးကျွန်းမြို့နယ်ကလွဲပြီး ရန်ကုန်တိုင်းထဲက မြို့နယ်တွေအားလုံးကို စက်တင်ဘာလ ၂၁ ရက်နေ့ ဒီကနေ့စပြီး နေအိမ်တွေမှာနေကြဖို့ ကျန်းမာရေးဝန်ကြီးဌာနက အမိန့်ထုတ်လိုက်ပေမယ့် ရန်ကုန်မြို့ထဲမှာတော့ ပြီးခဲ့တဲ့ ရက်တွေမှာ သွားလာနေကျအတိုင်း ပုံမှန်သွားလာနေကြတဲ့အပြင် အခြေခံလူတန်းစားတွေမှာလည်း စားဝတ်နေ ရေးအတွက် အလုပ်ကို ပုံမှန်လုပ်ကိုင်နေရဆဲဖြစ်ပါတယ်။

ရန်ကုန်တိုင်းတစ်တိုင်းလုံးက ပြည်သူတွေအနေနဲ့ မလိုအပ်ဘဲ အိမ်ပြင်မထွက်ဖို့ Stay at home အမိန့်ကို အစိုးရက စက်တင်ဘာ ၂၀ ရက် မနေ့ညက ထုတ်ပြန်လိုက်ပြီး အဲဒီအမိန့်ဟာ စက်တင်ဘာလ ၂၁ ရက် ဒီကနေ့ မနက် ၈ နာရီမှာစပြီး အကျုံးဝင်ပါတယ်။

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ခြောက်ထောင်ဝန်းကျင် ရှိလာတဲ့အချိန်မှာ ရောဂါကူးစက်ခံထား ရသူ အများဆုံးရှိတဲ့ ရန်ကုန်တိုင်းအတွင်း အခုလို အမိန့်ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းမှာ စုစုပေါင်း  ၄၅ မြို့နယ် ရှိပြီး  ကိုးကိုးကျွန်းမြို့နယ်ကတော့ ဒီအမိန့်မှာ အကျုံးမဝင်ပါဘူး။

ဘဏ်လုပ်ငန်း၊ စက်သုံးဆီ၊ စားသောက်ကုန်၊ ဆေးဝါးဖြန့်ဖြူးရေး၊ ရေသန့်ထုတ်လုပ်ဖြန့်ဖြူးရေး နေ့စဉ် တကိုယ်ရေသုံး ပစ္စည်းထုတ်လုပ်တဲ့စက်ရုံတွေမှာ တာဝန်ထမ်းဆောင်နေသူတွေကလွဲလို့ အားလုံးဟာ နေအိမ်မှာနေကြရမှာပါ။ ဒါပေမဲ့ အငှားယာဉ်မောင်းနေရတဲ့ ဦးဇော်ဦးကတော့ စားဝတ်နေရေးအတွက် မထွက်လို့မရဘူးလို့  RFA ကို ပြောပါတယ်။

တကယ်လို့ မထွက်ရတဲ့အထဲ သူတို့ကားမောင်းသမားတွေ ပါနေရင်လည်း ဥပဒေကို ချိုးဖောက်တာမ ဟုတ်ဘဲ စားဝတ်နေရေးကြောင့်ထွက်ရတာပါ ဆိုပြီး သေချာရှင်းပြမယ်လို့ ဦးဇော်ဦးက ဆိုပါတယ်။

ဦးဇော်ဦးတစ်ယောက်တည်းတော့မဟုတ်ပါဘူး၊ Stay at Home ထဲမှာ အကျုံးဝင်ပေမယ့် မဖြစ်မနေ ထွက်နေရတဲ့ အောက်ခြေလူတန်းစားတွေကတော့ ရန်ကုန်မြို့ထဲမှာ ပုံမှန်အတိုင်းသွားနေရဆဲပါ။

အစိုးရ ကျန်းမာရေးဝန်ကြီးဌာနရဲ့ အမိန့်အရ မဖြစ်မနေ ဈေးဝယ်သွားရမယ်ဆိုရင် တစ်ယောက်ပဲ သွားဖို့နဲ့ ဆေးရုံ ဆေးခန်းဆိုရင် နှစ်ယောက်ပဲ သွားရမယ့်အပြင် အစိုးရ ဝန်ထမ်းတွေအနေနဲ့လည်း နှစ်ပတ်ရုံးတက်၊ နှစ်ပတ် နေအိမ်ကနေ အလုပ်လုပ်တဲ့ အစီအစဉ်နဲ့ အလှည့်ကျ လုပ်သွားရမယ်လို့ ပါရှိပါတယ်။

စမ်းချောင်းမြို့နယ်မှာ ဆိုက်က္ကားနင်းနေတဲ့ ဦးမှုံကြီးကတော့ အားလုံး တန်းတူညီတူဖြစ်အောင် ပိတ်တာမျိုး မဟုတ်ရင်တော့ မိသားစုစားဝတ်နေရေးအတွက် အလုပ် ထွက်လုပ်နေရမှာပဲလို့ ပြောပါတယ်။

ဖွင့်ထားတဲ့ ဈေးတွေမှာတော့ ဈေးသည် အများအပြားက ဆိုင်ထွက်ကြပါတယ်။ ဈေးဝယ်သူရော ဈေးရောင်းသူပါ အများစုက နှာခေါင်းစည်းတပ်ထားကြတာ တွေ့ရပါတယ်။ မကြာသေးခင်က ကပ်ဘေးကာလ အမိန့်၊ ညွှန်ကြား ချက် ချိုးဖောက်မှုနဲ့ ရန်ကုန်မှာနေထိုင်သူ ရာနဲ့ချီ အထိန်းသိမ်းခံခဲ့ရပါတယ်။

မနေ့က ထုတ်ပြန်လိုက်တဲ့ အမိန့်ကို မလိုက်နာရင် တည်ဆဲဥပဒေနဲ့ အရေးယူမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါပေမဲ့လည်း မဖြစ်မနေ ထွက်နေရမယ့် အောက်ခြေလူတန်းစားတွေကတော့ အစိုးရထုတ်ပြန်ချက်ကို သိသည် ဖြစ်စေ မသိသည်ဖြစ်စေ မိသားစု စားဝတ်နေရေးအတွက်ကတော့ ပုံမှန်အတိုင်း သွားလာနေကြရမှာပဲလို့ ပြောကြပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ မနက်အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ စုစုပေါင်း ခြောက်ထောင်ဝန်းကျင် ရှိသွားပြီဖြစ်သလို သေဆုံးသူကတော့  ကိုးဆယ်ကျော်ဖြစ်သွားပြီ ဖြစ်ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/stay-at-home-ygn-09212020101328.html

အလုပ်အကိုင်ကြောင့် ကပ်ဘေးကာလ အိမ်မှာပဲနေဖို့ ခက်ခဲနေ အလုပ်အကိုင်ကြောင့် ကပ်ဘေးကာလ အိမ်မှာပဲနေဖို့ ခက်ခဲနေ Reviewed by THITHTOOLWIN on 01:26 Rating: 5

No comments:

Powered by Blogger.