ဂျာမနီမှာ ကိုဗစ်ဆိုင်ရာ ကန့်သတ်မှုတွေ ထပ်မံတင်းကြပ်

Germany ရဲများ

ဂျာမနီနိုင်ငံက ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်းများတဲ့ နေရာတွေမှာ ပါတီပွဲနဲ့ မိသားစု တွေ့ဆုံပွဲတွေ အတွက် စုဝေးနိုင်တဲ့ လူအရေအတွက်ကို ကန့်သတ်သွားမယ်လို့ဝန်ကြီးချုပ် Angela Merkel က အင်္ဂါနေ့က ပြောပါတယ်။ ပြည်နယ် ၁၆ ပြည်နယ်က ပြည်နယ် ဝန်ကြီးချုပ်တွေနဲ့ ဆွေးနွေးအပြီးမှာ ဝန်ကြီးချုပ် Merkel က အခုလို ပြောလိုက်တာပါ။

လတ်တလော ဂျာမနီမှာ မင်္ဂလာအခမ်းအနားပွဲ၊ မိသားစုတွေ့ဆုံပွဲနဲ့ ပါတီပွဲတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ ဖြစ်ပွားနေတာကြောင့် ရောဂါ ထိန်းချုပ်ရေး တုန့်ပြန်ဆောင်ရွက်မှုတွေလုပ်ဆောင်ဖို့ လိုအပ်နေပြီလို့ Merkel ကပြောပါတယ်။

နိုင်ငံတွင်း ဘယ်နေရာမဆို လူ ၁ သိန်းမှာ ၃၅ ယောက် ရောဂါကူးစက်မှုနှုန်းရှိရင် အပြင်မှာ ဖြစ်ဖြစ်၊ အဆောက်အဦးအတွင်းမှာဖြစ်ဖြစ် လူ အယောက် ၅၀ ထက်ပိုပြီး စုဝေးခွင့်ပြုမှာ မဟုတ်ပါဘူး။ တကယ်လို့ လူ ၁ သိန်းမှာ ၅၀ ထိကူးစက်မှုနှုန်းရှိရင်တော့ လူ ၂၅ ယောက် ပဲစုဝေးခွင့်ပြုမှာ ဖြစ်ပါတယ်။ ဂျာမနီမှာ အခုအချိန်အထိ COVID 19 ကူးစက်သူ ၂၈၉၇၀၀ ကျော်နဲ့ သေဆုံးသူ ၉၅၀၀ ကျော်ရှိပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/germany-covid-restriction-/5602996.html

ကူဝိတ်စော်ဘွား ကွယ်လွန်

မှတ်တမ်းဓါတ်ပုံ -ကူဝိတ် စော်ဘွား Sheikh Sabah Al Ahmad Al Sabah

၂၀၀၆ ခုနှစ်ကစပြီး ကူဝိတ်နိုင်ငံကို အုပ်ချုပ်ခဲ့သူ ကူဝိတ် စော်ဘွား Sheikh Sabah Al Ahmad Al Sabah အင်္ဂါနေ့က ကွယ်လွန်သွားခဲ့ ပြီလို့ နိုင်ငံပိုင် ရုပ်မြင်သံကြားဌာနက ကြေညာခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ သူဟာ အသက် ၉၁ နှစ်ရှိပါပြီ။

လွန်ခဲ့တဲ့ ၂ လလောက်ကပဲ ကူဝိတ်စော်ဘွားဟာ ခွဲစိတ်ကုသမှု တစ်ခုခံယူအပြီး အမေရိကန် လေတပ်ပိုင် C-17 အမျိုးအစား ဆေးရုံ လေယာဉ်နဲ့ အမေရိကန်နိုင်ငံကို လာရောက်ခဲ့တယ်လို့ NBC သတင်းဌာနက ပြောပါတယ်။

သူရဲ့ ညီဖြစ်သူ အသက် ၈၃နှစ်ရှိပြီဖြစ်တဲ့ အိမ်ရှေ့မင်းသား Sheikh Nawaf Al Ahmad Al Sabah ကစော်ဘွားအရိုက်အရာကိုဆက်ခံ ပြီး ရေနံကြွယ်ဝတဲ့ ကူဝိတ်နိုင်ငံရဲ့ ခေါင်းဆောင်သစ် ဖြစ်လာလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။

ကွယ်လွန်သူ စော်ဘွား Sheikh Sabah ဟာ အာဏာမရခင်က ကူဝိတ်နိုင်ငံရဲ့ ထိပ်တန်း သံတမန်ဖြစ်ခဲ့ပြီး အဲဒီအချိန်က ၁၉၉၀ ခုနှစ် ပင်လယ်ကွေ့ စစ်ပွဲအတွင်း ပျက်ယွင်းခဲ့ရတဲ့ အီရတ်နိုင်ငံနဲ့ ဆက်ဆံရေး ပြန်လည်ကောင်းမွန်အောင် လုပ်တဲ့အထဲ ပါဝင်ခဲ့ပါတယ်။

ဒါ့အပြင်၊ အီရတ်၊ ဆီရီးယားအပါအဝင် စစ်ဒဏ်ခံနေရတဲ့နိုင်ငံတွေအတွက် ရန်ပုံငွေ ရှာဖွေရေး ဆွေးနွေးပွဲ ညီလာခံတွေကိုလည်း ဦးဆောင် ကျင်းပပေးခဲ့သူ ဖြစ်သလို ကာတာနဲ့ တခြား အာရပ်နိုင်ငံတွေအကြား ဆက်ဆံရေး တင်းမာနေတာကိုလည်း ကြားဝင် စေ့စပ် ပေးခဲ့သူ ဖြစ်ပါတယ်။

သူ ကွယ်လွန်တဲ့ သတင်းကို ကြားရပြီးတဲ့နောက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် António Guterres ရဲ့ ပြောခွင့်ရက Sheikh Sabah ကို ကုလသမဂ္ဂရဲ့ ရင်းနှီးတဲ့ မိတ်ဆွေ တစ်ယောက်လို့ ခေါ်ဆိုလိုက်ပြီး ဒေသတွင်းနဲ့ ကမ္ဘာ့ ငြိမ်းချမ်းရေး တည်တံ့ရေးဆိုတဲ့ ရည်ရွယ် ပန်းတိုင်ကို အားကောင်းခိုင်မာအောင် အမြဲတမ်း အားထုတ် လုပ်ကိုင်သူတစ်ယောက် ဖြစ်တယ်လို့လည်း ချီးကျူး စကား ပြောကြား ခဲ့ပါတယ်။

ကွယ်လွန်သူ စော်ဘွားဟာ ၁၇၅၂ ခုနှစ်က တည်ရှိခဲ့တဲ့ ကူဝိတ်နိုင်ငံရဲ့Al Sabah နန်းဆက်က ဆင်းသက်သူဖြစ်ပြီး ကူဝိတ်ကို ၁၅ ယောက်မြောက် အုပ်စိုးသူ ဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံဆီက ၁၉၆၁ ခုနှစ်ကလွတ်လပ်ရေးရပြီးနောက်ပိုင်း ပဉမ္စမြောက် စော်ဘွား ဖြစ်ပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/kuwait-emir-sheikh-pass-away-/5603002.html

 

(၃၀-၉-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြု လူနာသစ် (၉၄၆)ဦး တွေ့ရှိ


 (၂၉-၉-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီမှ (၃၀-၉-၂၀၂၀) ရက်နေ့၊ ည  (၈:၀၀)နာရီ အတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၆,၂၆၂) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြု လူနာသစ် (၉၄၆)ဦး တွေ့ရှိရပါသည်။ 


Ministry of Health and Sports, Myanmar

https://www.facebook.com/MinistryOfHealthAndSportsMyanmar

ထရမ့်နဲ့ ဘိုင်ဒန်တို့ အပြိုင်ကြဲကြတဲ့ အမေရိကန်သမ္မတလောင်း စကားစစ်ထိုးပွဲ

စကားစစ်ထိုးပွဲ စကတည်းက ထရမ့်က ဘိုင်ဒန်ကို စကားဖြတ်ဖြတ် ပြောနေခဲ့

ရီပတ်ဘလီကန်ဘက်က လက်ရှိ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဒီမိုကရက်ဘက်က သမ္မတလောင်း ဂျိုးဘိုင်ဒန်ကို စကားစစ်ထိုးရာမှာ ကိုရိုနာဗိုင်းရပ်စ်ကိစ္စ၊ စီးပွားရေးကိစ္စနဲ့ လူမျိုးရေးနဲ့ အကြမ်းဖက် ဆန္ဒပြမှုဆိုင်ရာကိစ္စတွေက အဓိကလွှမ်းမိုးခဲ့ပါတယ်။

ဒီ စကားစစ်ထိုးပွဲမှာ နှစ်ဖက်ရဲ့ သိသိသာသာ ခြားနားချက်ကတော့ ဒေါ်နယ်ထရမ့်က ဂျိုးဘိုင်ဒန်ကိုသာ ဦးတည် ပြောဆိုပေမယ့် ဂျိုးဘိုင်ဒန်က ကြည့်နေတဲ့ အမေရိကန်ပြည်သူတွေကို ဦးတည်တဲ့ အနေနဲ့ ကင်မရာကို ရှေးရှုပြီး တိုက်တွန်းချက်တွေနဲ့ ကတိပေးမှုတွေ လုပ်ခဲ့တဲ့ ချဉ်းကပ်မှုပဲ ဖြစ်ပါတယ်။

စကားစစ်ထိုးပွဲမှာ ဘိုင်ဒန်ဘက်ကို ကသိကအောက်ဖြစ်အောင် လုပ်ဖို့ အဓိက ကြိုးစားနိုင်တယ်လို့ မှန်းထားကြတဲ့အတိုင်းပဲ စကားစစ်ထိုးပွဲ စကတည်းက ထရမ့်က ဘိုင်ဒန်ကို စကားဖြတ်ဖြတ် ပြောနေခဲ့ပါတယ်။

ထရမ့်ဘက်က အခု စကားစစ်ထိုးပွဲ မစခင်မှာ ဘိုင်ဒန်ရဲ့ အသက်ကြီးပြီး မေ့လျော့တတ်တာကို အခြေခံပြီး အိပ်ငိုက်နေတဲ့ဂျိုး ဆိုတဲ့ နာမည်ပြောင်နဲ့ တောက်လျှောက် တိုက်ခိုက်လာခဲ့တဲ့အတိုင်းပဲ အခုလို စင်မြင့်ပေါ် တွေ့ကြချိန်မှာလည်း ဘိုင်ဒန်မှာ စဉ်းစားတွေးခေါ်နိုင်တဲ့ အသိဉာဏ်ကို ရှိသေးရဲ့လား ဆိုတာ မေးခွန်း အကြိမ်ကြိမ် ထုတ်ပြီး တိုက်ခိုက်ခဲ့ပါတယ်။

ဘိုင်ဒန်ကလည်း သူထရမ့်ကို တိုက်ခိုက်ရင် အကြိမ်ကြိမ် သုံးလေ့ရှိတဲ့ စကားလုံးဖြစ်တဲ့ “လူလိမ်”၊ “လူရယ်စရာ ပုဂ္ဂိုလ်” အစရှိသဖြင့် ပြန်လည် တိုက်ခိုက်ခဲ့ပြီး မကြာခဏ သူ့ကို စကားဖြတ်ပြောတဲ့ ထရမ့်ကို “ရှူး…တိုးတိုး” “ခင်ဗျား ပါးစပ်ပိတ်မလား မပိတ်ဘူးလား” အစရှိသဖြင့် ဒေါသနဲ့ တုံ့ပြန်မှုတွေလည်း လုပ်ခဲ့ပါတယ်။

ဒီစကားစစ်ထိုးပွဲမှာ တရားရုံးချုပ်ရေးရာ ကိစ္စ၊ ကိုရိုနာဗိုင်းရပ်စ်ကိစ္စ၊ စီးပွားရေးကိစ္စ၊ လူမျိုးရေးနဲ့ အကြမ်းဖက်ဆန္ဒပြမှုများ ကိစ္စ၊ ရွေးကောက်ပွဲ သန့်ရှင်းရေး ကိစ္စနဲ့တကွ နှစ်ဦးစလုံးရဲ့ အောင်မြင်မှု သမိုင်းကြောင်းတွေကို သဘာပတိ ခရစ်ဝေါလေ့စ်က အခြေခံပြီး မေးခွန်းတွေ မေးခဲ့ပေမယ့် ကိုရိုနာဗိုင်းရပ်စ်ကိစ္စ၊ စီးပွားရေးကိစ္စနဲ့ လူမျိုးရေးနဲ့ အကြမ်းဖက် ဆန္ဒပြမှုဆိုင်ရာကိစ္စတွေက အဓိကလွှမ်းမိုးခဲ့ပါတယ်။

ထရမ့်ကို ယုံလို့ရဦးမှာလားလို့ မဲဆန္ဒရှင်ပြည်သူတွေကို ဘိုင်ဒန်က မေးခွန်းထုတ်

စကားစစ်ထိုးပွဲမှာကိုဗစ်-၁၉ ကပ်ရောဂါ အဓိကလွှမ်းမိုး

သမ္မတလောင်းတွေရဲ့ စကားစစ်ထိုးပွဲကို တရားရုံးချုပ် တရားသူကြီး အစားထိုးခန့်တဲ့ ကိစ္စနဲ့ စတင်ခဲ့ပေမယ့် ဒီကိစ္စမှာ နှစ်ဖက် အချိန်ယူ ငြင်းခုံမနေကြ ဘဲ အကြောင်းအရာက ကျန်းမာရေးဘက်ကို မြန်မြန် ရွှေ့သွားခဲ့ပါတယ်။

လူ နှစ်သိန်းကျော် သေဆုံးတဲ့အထိ အခြေအနေဆိုးထားတဲ့ အမေရိကန် ကိုရိုနာဗိုင်းရပ်စ်အခြေအနေကြောင့် လက်ရှိတာဝန်ရှိသူ ထရမ့်ကို ဘိုင်ဒန်က စတင် တိုက်ခိုက်ပြောဆိုဖို့ အခွင့်အရေးရခဲ့ပါတယ်။

ဘိုင်ဒန်က ထရမ့်ကို ထောက်ပြရာမှာ လူသေဆုံးမှုသာမက အမေရိကန် လူဦးရေ ၇ သန်းအထိလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရကြောင်း၊ ထရမ့်အနေနဲ့ ယခင် Obamacare ပတ်သက်ပြီး ပြင်ဆင်မှုတွေ လုပ်ခဲ့တဲ့အတွက်လည်း ရောဂါအခံရှိသူတွေ ကပ်ရောဂါ အခြေအနေမှာ ပိုပြီး အခက်တွေ့ရကြောင်း စသည်ဖြင့် ကျယ်ကျယ်ဝန်းဝန်း အစကောက်ပြီး ပြောဆိုနိုင်ခဲ့ပါတယ်။

ဘိုင်ဒန်အနေနဲ့ သူသာ သမ္မတဖြစ်မယ်ဆိုရင် ဒီလို ဖြစ်မှာ မဟုတ်ကြောင်းနဲ့ ကင်မရာကိုလည်း ရှေးရှုပြီး ဒီလို ဖြစ်စေတဲ့ ထရမ့်ကို ယုံလို့ရဦးမှာလား ဆိုပြီးတော့လည်း ကြည့်ရှုနေတဲ့ မဲပေးပြည်သူတွေကို မေးခွန်းထုတ်ခဲ့ပါတယ်။

ထရမ့်ဘက်က ပြန်လည် တုံ့ပြန်ရာမှာတော့ စတင်ဖြစ်ပွားခဲ့တဲ့ တရုတ်နိုင်ငံကို အဓိက အပြစ်တင်ခဲ့ပြီး သူ့ရဲ့ တိုင်းပြည်နယ်စပ်တွေ စောစောပိတ်တဲ့ အကျိုးကျေးဇူးကြောင့် လူသေနည်းရတာဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပေမယ့် ကပ်ရောဂါ အခြေအနေကို ကိုင်တွယ်မှု မလုံလောက်တာကိုတော့ ထရမ့်က တိုက်ရိုက် မဖြေရှင်းနိုင်ခဲ့ပါဘူး။

ကိုဗစ်-၁၉ အခြေအနေ ကိုင်တွယ်မှု မလုံလောက်တာကို စီးပွားရေးနဲ့ ပြန်ကာကွယ်တဲ့ ထရမ့်

ထရမ့် အနေနဲ့ အမေရိကန်မှာ ကိုဗစ်-၁၉ ကပ်ရောဂါ အသွင် စမဖြစ်ခင်မှာ အလုပ်လက်မဲ့နှုန်း လျော့ကျအောင် လုပ်နိုင်ခဲ့တဲ့အပေါ် စကားစစ်ထိုးပွဲ အစပိုင်းမှာကတည်းက သူက ထည့်သွင်းပြောဆိုနေခဲ့ပြီး ဒီရောဂါအခြေအနေကြောင့် စီးပွားရေး ကျဆင်းမှုကို ဖြေရှင်းရာမှာလည်း ဘိုင်ဒန်ရဲ့ ချဉ်းကပ်ပုံထက် သာတယ်လို့ ထရမ့်က ပြောဆိုခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် အခြေအနေကြောင့် စီးပွားရေး လုပ်ငန်းနဲ့ အသွားအလာတွေ ပိတ်ထားရချိန်မှာ စီးပွားရေးကျခဲ့တာကို ရောဂါ အရှိန်ကျသွားချိန်မှာ လုပ်ငန်းတချို့ ပြန်ဖွင့်ဖို့ အားပေးခြင်း အားဖြင့် လူတွေ အလုပ်ပြန်ရကြတာကို ထရမ့်က အသားယူ ပြောဆိုခဲ့ပါတယ်။

ဒါကို ဘိုင်ဒန်ဘက်က တုံ့ပြန်ရာမှာ ကပ်ရောဂါ အခြေအနေ စိတ်မချရသေးဘဲ ပြန်ဖွင့်တာ မလောသင့်ကြောင်း တုံ့ပြန်ခဲ့ပေမယ့် စီးပွားရေး မကျအောင်နဲ့ ကပ်ရောဂါ အခြေအနေ စိတ်ချရအောင် လုပ်တဲ့ နှစ်ခုကို ဘယ်လို ဘက်မျှအောင် လုပ်မလဲ ဆိုတဲ့သဘာပတိ ခရစ်စ် ဝေါလေ့စ်ရဲ့ မေးခွန်းကိုတော့ ဘိုင်ဒန်က ရှင်းရှင်းလင်းလင်း ပြန် မဖြေနိုင်ခဲ့ပါဘူး။

ဒါ့အပြင် ထရမ့်ရဲ့ အစပိုင်းမှာ ကိုရိုနာဗိုင်းရပ်စ် အခြေအနေကြောင့် နယ်စပ်တွေ စောပိတ်တာကို ဘိုင်ဒန်က ဝေဖန်ခဲ့တာတွေကိုလည်း ထရမ့်က ပြန်ထောက်ပြပြီး သူဒီလို ပိတ်ခဲ့လို့သာ လူ နှစ်သန်းလောက် အထိ မသေတာလို့ အသားယူ ပြောဆိုခဲ့ပါသေးတယ်။

ဘိုင်ဒန်ရဲ့ စီးပွားရေးမူဝါဒနဲ့ ပတ်သက်ပြီး ပြောဆိုရာမှာလည်း လုပ်ငန်းကြီးတွေကို အခွန်တွေ တိုးကောက်ပြီး အလုပ်အကိုင် ဖန်တီးမယ် ဆိုတဲ့ အပြောကို ထရမ့်ဘက်က “ဒီလို လုပ်ရင် လုပ်ငန်းအသစ်တွေ ထပ်မဝင်လာတော့ဘဲ ရှိပြီးသား လုပ်ငန်းတွေလည်း ထွက်သွားလိမ့်မယ်” ဆိုတဲ့ အပြောနဲ့ တုံ့ပြန်နိုင်ခဲ့ပြီး ဒါကို ဘိုင်ဒန်ဘက်က ရေရေရာရာ မချေပနိုင်ခဲ့ပါဘူး။

ထရမ့်ရော၊ ဘိုင်ဒန်ပါ လူဖြူ အမျိုးသားနှစ်ဦး ဖြစ်ကြတဲ့အတွက် လူမျိုးရေးနဲ့ လူမျိုးရေး ခွဲခြားမှုကို ဆန့်ကျင်ရာက ပေါ်လာတဲ့ အကြမ်းဖက် ဆန္ဒပြပွဲ တွေနဲ့ ပတ်သက်ပြီး သူတို့ ပြောဆိုကြတာကို လူမည်းအပါအဝင် လူနည်းစုတွေက သူတို့ကို ကိုယ်စားပြု ပြောပေးတယ်လို့ မခံစားရလောက်ဘူးလို့ ဒီ စကားစစ်ထိုးပွဲကို ဘီဘီစီနဲ့ အတူ စောင့်ကြည့်နေတဲ့ အမေရိကန်မဲပေးပြည်သူတချို့က ယူဆကြပါတယ်။

အမေရိကန်မှာ ရဲအရာရှိတွေရဲ့ ပစ်ခတ်မှုကြောင့် လူမည်းတွေ သေဆုံးရမှုနဲ့တကွ လူမည်းတွေ ခွဲခြားခံရမှုကို ဘိုင်ဒန်က စတင် တိုက်ခိုက်ပြောဆိုပေမယ့် ထရမ့်ကလည်း ဘိုင်ဒန်နဲ့ အိုဘားမားတို့ လက်အောက်မှာလည်း ဒီလို အလားတူ ပစ်ခတ်မှုတွေကြောင့် လူမည်းဆန္ဒပြမှုတွေ ဖြစ်ခဲ့တာပဲလို့ ပြန်လည် ထောက်ပြခဲ့ပါတယ်။

ထရမ့်ဘက်က ကျေလည်အောင် မတုံ့ပြန်နိုင်ခဲ့တာကတော့ ရဲအရာရှိတွေ လူမျိုးရေး ခွဲခြားမှု ရှောင်ရှားနိုင်အောင် တက်ရတဲ့ သင်တန်းတွေကို ပယ်ဖျက်မှု ဖြစ်ပြီး ဒီ သင်တန်းတွေကြောင့် လူမျိုးရေး ခွဲခြားမှု ပိုဖြစ်တယ် ဆိုပြီး အကျိုးအကြောင်း သေချာ မပြနိုင်ဘဲ ထရမ့်က ပြောဆိုခဲ့ပါတယ်။

ဘိုင်ဒန်ဘက်ကလည်း လူမည်းတွေ ခွဲခြားဆက်ဆံခံရမှု အပိုင်းမှာ သူယခင်က ထောက်ခံခဲ့ဖူးတဲ့ တင်းကျပ်တဲ့ ရာဇဝတ်မှု ဥပဒေနဲ့ ပတ်သက်လို့ ထရမ့်က ထောက်ပြတာ ခံခဲ့ရပြီး ဒီဥပဒေတွေကြောင့် အမေရိကန်ထောင်သားဦးရေများနေပြီး လူမည်းတွေ အဓိက အကျိုးဆက် ခံစားနေရတဲ့အပေါ် ဘိုင်ဒန်က တိုက်ရိုက် မဖြေရှင်းနိုင်ခဲ့ပါဘူး။

ဒီ စကားစစ်ထိုးပွဲမှာ အပြန်အလှန် စကားတပြိုင်နက် ပြောကြတာနဲ့ အထူးသဖြင့် ထရမ့်ဘက်က မကြာခဏ စကားဖြတ်ပြောတာကြောင့် ပြောနေတဲ့ အကြောင်းအရာတွေ မရှင်းလင်းဘဲ ဖြစ်နေတဲ့အတွက် ဘယ်သူက သိသိသာသာ အားသာတယ်လို့ ပြောရခက်ကြောင်း နိုင်ငံရေး သုံးသပ်သူတွေက ပြောဆိုနေကြပါတယ်။

တကယ်တမ်း ဒီစကားစစ်ထိုးပွဲမှာ ရှုံးသွားသူတွေက မဲပေးပြည်သူတွေပဲဖြစ်ပြီး နောက်ကျန်တဲ့ စကားစစ်ထိုးပွဲ နှစ်ခုမှာလည်း ဒီလိုပဲ ဖြစ်နေဦးမယ်ဆိုရင် ဒီလို ကျင်းပတာရဲ့ အသုံးဝင်မှုကိုပါ မေးခွန်းထုတ်ရလိမ့်မယ်လို့လည်း ပြောဆိုနေကြပါတယ်။

လူမှုကွန်ယက် စာမျက်နှာတွေပေါ်မှာတော့ သဘာပတိလုပ်တဲ့ ခရစ်စ် ဝေါလေ့စ်ကို အပြစ်တင်နေကြပြီး ထရမ့်က ကြားဖြတ်ပြောနေတာကို ထိထိမိမိ မတားဆီးနိုင်ဘူးလို့ ဆိုကြပါတယ်။

၂၀၁၆ ခုနှစ် ဟီလာရီ ကလင်တန်နဲ့ စကားစစ်ထိုးချိန်မှာ ၃၇ ကြိမ် ကြားဖြတ်ပြောခဲ့တဲ့ ထရမ့်ဟာ ဒီတကြိမ်မှာ ၇၃ ကြိမ်အထိ စကားဖြတ်ပြောခဲ့တာ ဖြစ်ပါတယ်။

ဒီစကားစစ်ထိုးပွဲတခုလုံးကို ခြုံကြည့်မယ်ဆိုရင် ကိုရိုနာဗိုင်းရပ်စ်ကိစ္စနဲ့တကွ ဆက်စပ်ပြီး သက်ရောက်မှုရှိတဲ့ စီးပွားရေးကိစ္စနဲ့ ပတ်သက်လို့ မိနစ် ၂၀ အထိ အကြာဆုံး ပြောဆိုကြပြီး လူမျိုးရေးနဲ့ အကြမ်းဖက် ဆန္ဒပြမှုက ၁၇ မိနစ်၊ ကမ္ဘာ့ရာသီဥတု ဖောက်ပြန်မှုနဲ့ ပတ်သက်လို့ ၁၀ မိနစ် ပြောဆိုခဲ့တာကိုတွေ့ရပါတယ်။ 


BBC Burmese

https://www.bbc.com/burmese/world-54351672

 

မဟာတံတိုင်းကြီးရဲ့ ပျက်စီးနေတဲ့ နေရာတွေပေါ် တက်ခွင့် ပိတ်လိုက်

ကီလိုမီတာ ထောင်ပေါင်းများစွာ ရှည်လျားတဲ့ မဟာတံတိုင်းကြီးရဲ့ နေရာအတော်များများ ပြင်ဆင်မွမ်းမံထား

တရုတ်နိုင်ငံမှာ လူအစည်ကားဆုံး အားလပ်ရက်ရာသီ ကာလ နီးကပ်လာတာနဲ့အမျှ "မဟာတံတိုင်းကြီးရဲ့ ပျက်စီးယိုယွင်းနေတဲ့ နေရာတွေပေါ် " တက်သူတွေကို အရေးယူမယ်လို့ တရုတ်အစိုးရက သတိပေးလိုက်ပါတယ်။

ပြင်ဆင်မွမ်းမံ မထားတာကြောင့် ခရီးသွားတွေ မသွားကြဖို့ ကန့်သတ်ထားတဲ့ မဟာတံတိုင်းကြီးထဲက နေရာတချို့ကို "wild Great Wall" "မဟာတံတိုင်းကြီးရဲ့ ပျက်စီးနေတဲ့ အပိုင်းများ" လို့ ရည်ညွှန်းလေ့ ရှိပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း အားလပ်ရက် ခရီးသွားရာသီရောက်တိုင်း ဒီနေရာတွေဟာ လူ အတော်များများ စိတ်ဝင်တစား သွားရောက်လည်ပတ်ရာ နေရာ ဖြစ်လာခဲ့ပါတယ်။

ပြည်တွင်း ခရီးသွား ထောင်ပေါင်းများစွာ လာကြမယ်လို့ မျှော်လင့်ရတဲ့ ရွှေရောင်သီတင်းပတ် အားလပ်ရက်ရာသီမှာ စည်းကမ်းချိုးဖောက်ရင် ဒဏ်ကြေး တပ်တာမျိုးကို ပိုတင်းတင်းကျပ်ကျပ် လုပ်သွားမှာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ ဆိုးဆိုးဝါးဝါး ထိခိုက်ခဲ့တဲ့ ခရီးသွားလုပ်ငန်းကို ဒီအားလပ်ရက် ရာသီမှာ ပြန်လည်မြှင့်တင်နိုင်ဖို့ မျှော်လင့်ထားပါတယ်။

"ဒီနှစ် အမျိုးသားနေ့ ရုံးပိတ်ရက်အဖြစ် ၈ ရက် ပိတ်မှာပါ။ ဒီပိတ်ရက်တွေမှာ 'မဟာတံတိုင်းကြီးရဲ့ ပျက်စီးနေတဲ့ အပိုင်းတွေ'ကို သွားရောက်လည်ပတ်ကြမယ့် ခရီးသွားဧည့်သည် အရေအတွက်ကလည်း ပိုတိုးလာမှာ သေချာပါတယ်" လို့ ယန်ကျင်း ခရိုင် ယဉ်ကျေးမှု အမွေအနှစ်ဆိုင်ရာ စီမံခန့်ခွဲရေး ဒါရိုက်တာ ယု ဟန်ကွမ်း က တရုတ်နိုင်ငံထုတ် The Global Times သတင်းစာကို ပြောပါတယ်။

မဟာတံတိုင်းကြီးရဲ့ ကန့်သတ်တားမြစ်နေရာတွေကို သွားရောက်သူတွေကို တရုတ်ယွမ်ငွေ ၂၀၀ ကနေ ၃၀,၀၀၀ အထိ ဒဏ်တပ်သွားမယ်လို့ တရုတ်အစိုးရက လူထုကို သတိပေးထားပါတယ်။

ဒါ့အပြင် လုံခြုံရေးကိုလည်း တိုးချဲ့ ချသွားမှာ ဖြစ်ပြီး မဟာတံတိုင်းကြီးတလျှောက် စခန်းချနေတဲ့ လုံခြုံရေး ၁၃၁ ဦးလုံးကို ရွှေရောင်သီတင်းပတ်ကာလအတွင်း တာဝန်ချသွားမှာ ဖြစ်တယ်လို့ Beijing Dialy သတင်းစာမှာ ဖော်ပြပါတယ်။

"မဟာတံတိုင်းကြီးရဲ့ ပျက်စီးယိုယွင်းနေတဲ့ အပိုင်းတွေပေါ် " စူးစမ်းလေ့လာရေးခရီး သွားဖို့ စီစဉ်နေတာတွေ ရှိမရှိ သိရဖို့အတွက် လူမှုကွန်ရက်ပေါ်မှာလည်း အာဏာပိုင်တွေက ပိုက်စိပ်တိုက် ရှာနေပါတယ်။

မဟာတံတိုင်းကြီးရဲ့ တချို့နေရာတွေက အင်မတန် မတ်စောက်တဲ့အတွက် ခရီးသွားဧည့်သည်တွေ လမ်းပျောက်တာမျိုး၊ ပြုတ်ကျတာမျိုးတွေ ဖြစ်နိုင်တယ်လို့ မစ္စတာ ယုက ပြောပါတယ်။ အဲဒီအစိတ်အပိုင်းတွေပေါ် တက်ရောက်တဲ့အတွက် သမိုင်းဝင် မဟာတံတိုင်းကြီးမှာ ထိခိုက် ပျက်စီးမှုတွေ ရှိလာနိုင်တယ်လို့လည်း အာဏာပိုင်တွေက သတိပေးထားပါတယ်။

ခရီးသွားဧည့်သည်တွေ သွားရောက်လည်ပတ်ဖို့ ခွင့်ပြုထားတဲ့ နေရာတွေက ကီလိုမီတာ ထောင်သောင်းချီ ရှည်လျားတဲ့ နာမည်ကျော် အထင်ကရ မဟာတံတိုင်းကြီးရဲ့ အစိတ်အပိုင်း အနည်းငယ်လောက်ပဲ ဖြစ်ပါတယ်။

မဟာတံတိုင်းကြီးရဲ့ ပျက်စီးနေတဲ့ အပိုင်းများ (ဘယ်)၊ ပြင်ဆင်မွမ်းမံထားတဲ့ အပိုင်းများ (ညာ)

တံတိုင်းကြီးရဲ့ တခြားအစိတ်အပိုင်းတွေကတော့ ရှေးမူမပျက် ပကတိအတိုင်း ရှိနေဆဲပါ။

ဒါပေမဲ့ အဲဒီနေရာတွေကို ပြင်ဆင်မွမ်းမံမှုတွေ လုပ်နေတယ်လို့ တရုတ်အစိုးရက အစောပိုင်းတုန်းက ကြေညာထားပါတယ်။

အောက်တိုဘာလ ၁ ရက်နေ့မှာ ကျရောက်မယ့် ရွှေရောင်သီတင်းပတ် အားလပ်ရက်ကာလမှာ တရုတ်ပြည်သူ သန်းရာပေါင်းများစွာ ခရီးသွားကြမယ်လို့ မျှော်လင့်ရပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ကန့်သတ်တားမြစ်မှုတွေ လနဲ့ချီကြာအောင် ကြုံတွေ့ခဲ့ရပြီးတဲ့နောက်မှာတော့ ခရီးသွားဖို့ မျိုသိပ်ထားရတဲ့ စိတ်တွေ ပြန်လည် နိုးထလာဖွယ် ရှိနေပါတယ်။

ပုံမှန်အားဖြင့် ဒီ ၈ ရက်တာ အားလပ်ရက် ကာလမှာ ထောင်သောင်းချီတဲ့ တရုတ်နိုင်ငံသားတွေဟာ နိုင်ငံရပ်ခြားကို သွားရောက်လည်ပတ်လေ့ ရှိကြပါတယ်။

ဒါပေမဲ့ ဒီနှစ်မှာတော့ ဗိုင်းရပ်စ်ပိုး ပျံ့နှံ့မှုတွေကြောင့် ပြည်ပ ခရီးသွားလာခွင့် ကန့်သတ်ပိတ်ပင်မှုတွေ ရှိနေတဲ့အတွက် ပြည်တွင်းခရီးသွားလာမှု တဟုန်ထိုး မြင့်တက်လာဖွယ် ရှိနေပါတယ်။

တရုတ်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ကျယ်ကျယ်ပြန်ပြန့် ဟန့်တားလိုက်နိုင်ခဲ့ပုံ ရှိပြီး အခုအခါ ကန့်သတ်တားမြစ်မှု အများစုကို ဖြေလျှော့ပေးလိုက်ပြီ ဖြစ်ပါတယ်။ 


BBC Burmese

https://www.bbc.com/burmese/world-54355935

ကိုဗစ်ကာလ ဆေးဝါးသုံးစွဲမှုသတိထားဖို့ ကျန်းမာရေးတာဝန်ရှိသူတွေသတိပေး

ရန်ကုန်မြို့ရှိ Quarantine စင်တာတခုမှာ Swab နမူနာယူဖို့ ပြင်ဆင်နေကြတဲ့ ကျန်းမာရေးဝန်ထမ်းများ။ (မေ ၁၆၊ ၂၀၂၀)

ကိုဗစ်ကပ်ရောဂါ ရင်ဆိုင်နေရချိန်မှာ ဆရာဝန်ညွှန်ကြားချက်မပါဘဲ ကိုယ့်သဘောနဲ့ကိုယ် ဆေးသောက်သုံးတာတွေ မလုပ်ကြဖို့နဲ့ ကျန်းမာရေးဆိုင်ရာ သတင်းမှားတွေကို ရှောင်ရှားကြဖို့လည်း ကျန်းမာရေးပညာရှင်တွေ သတိပေးနေတဲ့အကြောင်း ပြောပြပါမယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မစုစုက တင်ဆက်ပေးမှာပါ။

ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးမှုနဲ့ ကူးစက်သူ တိုးလာနေတာကြောင့် စိုးရိမ်မှုတွေ တိုးလာနေချိန်မှာပဲ ဆေးဝါးမျိုးစုံကို အွန်လိုင်း အပါအဝင် ပုံစံအမျိုးမျိုးနဲ့ ရောင်းချသုံးစွဲနေသူတွေလည်း တိုးလာနေတာကြောင့် သတိထားဖို့ကို ကျန်းမာရေး ပညာရှင်တွေ သတိပေးနေတာပါ။ တချို့ဆေးတွေကို သုံးစွဲရာမှာ ကောင်းကျိုးထက် ဆိုးကျိုးဖြစ်နိုင်တာကြောင့် ကျွမ်းကျင်သူတွေနဲ့ မတိုင်ပင်ဘဲ သောက်သုံးတာတွေ မလုပ်သင့်ဘူးလို့လည်း ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးကပြောပါတယ်။

“ပြည်သူတွေကို အဓိကအသိပေးချင်တာကတော့ အခုဒီလိုကာလမှာဆိုရင် ဟိုဆေးကိုသောက်ပါလား၊ ဒီဆေးကတော့ အစွမ်းထက်တယ်၊ စသဖြင့်ပေါ့နော်။ ဗီတာမင်မျိုးစုံ၊ တချို့ဆေးမျိုးစုံကို အွန်လိုင်းကနေတဆင့် မျှဝေတာမှာ တချို့တွေက ထင်ယောင်ထင်မှားဖြစ်ပြီးတော့ မလိုအပ်ဘဲ သောက်ကြတာမျိုးတွေ ရှိပါတယ်။ ဒါဟာ ကောင်းကျိုးထက် ဆိုးကျိုးဖြစ်စေပါတယ်။ ဗီတာမင်ပဲဖြစ်ဖြစ်၊ ဆေးပဲဖြစ်ဖြစ် လိုအပ်တဲ့သူအတွက်တော့ ဒါဟာအသုံးဝင်ပြီး အစွမ်းထက်စေပေမဲ့လို့ မလိုတဲ့သူအတွက်ကတော့ ပိုလျှံလို့ရှိရင် ဒုက္ခများစေပါတယ်။ မလိုအပ်ဘဲနဲ့ ဒါဟာ ကိုဗစ်ကို ကာကွယ်တယ်ဆိုပြီးတော့ မရှိမဲ့ရှိမဲ့နဲ့ ဝယ်သောက်ကြတယ်။ ဒါမျိုးတွေဟာ ဝင်ငွေနည်းတဲ့သူတွေအတွက်က သူတို့ရဲ့ကြောက်ရွံ့တဲ့စိတ်ကြောင့်သာ ဝယ်သောက်ပေမဲ့ ဒါဟာလည်းမဖြစ်သင့်ပါဘူး။ ဒါကြောင့်မို့ မလိုအပ်ဘဲနဲ့ ဆေးတွေကို မသောက်ကြပါနဲ့။”

ဒီလိုအချိန်မှာ ရောဂါကိုကာကွယ်နိုင်ဖို့အတွက်ဆို ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအသောက်တွေကို စားပြီး၊ အိပ်ရေးဝအောင်အိပ်ဖို့နဲ့ သင့်တင့်တဲ့ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းကို ပုံမှန်လုပ်ပေးပြီး၊ ကိုယ်ခံအားကောင်းအောင် နေထိုင်ဖို့ အရေးကြီးတယ်လို့လည်း ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

ကိုဗစ်ရောဂါပိုးရှိနေပေမဲ့ ရောဂါလက္ခဏာမပြသူတွေဆီကနေ တခြားသူတွေကို ကူးစက်နိုင်လို့ ဆီးချိုရောဂါနဲ့ နာတာရှည်ရောဂါရှိသူတွေ အနေနဲ့ ကိုယ့်ရဲ့နေအိမ်တွင်းမှာသာ သီးခြားနေထိုင်ဖို့ကိုလည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတိပေးထားပါတယ်။ ကိုဗစ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ ဖြစ်သူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း တဦးတယောက်ချင်းစီအနေနဲ့ ကိုယ့်ရဲ့ကျန်းမာရေးကို ဂရုစိုက်နေဖို့က အဓိကကျတယ်လို့ အွန်လိုင်းကနေတဆင့် မိန့်ခွန်းပြောရာမှာ တိုက်တွန်းထားပါတယ်။

“ကျမထပ်တလဲလဲပြောသလိုပေါ့။ ကျမတို့ပြည်သူတွေရဲ့အဓိကတာဝန်ကတော့ ကိုယ့်ကျန်းမာရေး ကိုယ်ဂရုစိုက်ဖို့ပဲ။ ကိုယ့်ကျန်းမာရေးကို ဂရုစိုက်ပါ။ ကိုယ့်ကို ပိုးဝင်ပြီးပြီဆိုရင် ဒါကိုကျော်လွှားနိုင်ဖို့ စိတ်ဓာတ်အင်အားနဲ့တင်မက ကျမတို့နိုင်ငံတော်ကပေးတဲ့ ကျန်းမာရေးစောင့်ရှောက်မှုအင်အားနဲ့ ကျော်လွှားပါ။ ကိုဗစ်ရောဂါပိုး မဝင်သေးဘူးဆိုရင်လည်း နောင်မဝင်အောင်လို့ ကိုယ့်ကိုမကူးစက်အောင်လို့၊ တခြားလူတွေ မကူးစက်အောင်လို့ နည်းအမျိုးမျိုးနဲ့ ကြိုးစားကြပါလို့ ကျမအနေနဲ့မေတ္တာ ရပ်ခံချင်ပါတယ်။ ကျန်တဲ့ကိစ္စတွေကိုတော့ ကျမတို့နိုင်ငံတော်ကနေပြီးတော့ တတ်နိုင်သမျှတာဝန်ယူပါ့မယ်။ ကျမကတတ်နိုင်သမျှလို့ပြောတာက ဘာဖြစ်လို့လဲဆိုတော့ အားလုံးကိုလည်း ကျမတို့ကနေပြီးတော့ ကြိုတင်ပြီးတော့ခန့်မှန်းလို့ မရပါဘူး။ ခန့်မှန်းနိုင်သ၍တော့ ခန့်မှန်းပြီးတော့ ပြည်သူလူထုမထိခိုက်အောင်၊ နိုင်ငံတော်မထိခိုက်အောင်လို့ ကျမတို့ တစိုက်မတ်မတ် လုပ်နေပါတယ်ဆိုတာတော့ ပြည်သူတွေယုံကြည်စေချင်ပါတယ်။”

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ဒီကနေ့မွန်းလွဲပိုင်း ထုတ်ပြန်ပြီးချိန်အထိ ပြည်တွင်းမှာကိုဗစ်အတည်ပြုလူနာပေါင်း ၁၂,၀၀၀ ကျော်ရှိနေပြီး သေဆုံးသူကတော့ ၂၈၄ ဦး ရှိပါတယ်။ ရောဂါပျောက်ကင်းလို့ ဆေးရုံဆင်းခွင့်ရသူကတော့ ၃,၃၀၀ ကျော်ရှိထားပြီးဖြစ်ပါတယ်။ ကိုဗစ်ရောဂါနဲ့ပတ်သက်တဲ့ အမေး၊ အဖြေအစီအစဉ်ကိုလည်း အင်္ဂါ၊ ဗုဒ္ဓဟူးနဲ့ ကြာသပတေးနေ့တွေမှာ ထုတ်လွှင့်ဖြေကြားပေးမှာဖြစ်လို့ ကပ်ရောဂါသတင်းအမှားတွေကို မယုံကြဖို့ ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

“လက်ရှိကာလမှာ လူတွေကြောက်လန့်နေတာကို အခွင့်ကောင်းယူပြီးတော့ ရှုထောင့်ပေါင်းစုံ ဘက်ပေါင်းစုံကနေ သတင်းအမှားကို သတင်းအမှန်သဖွယ် အချက်အလက်အမှားတွေကို အပေါ်ကနေသကြားအုပ်ပြီးတဲ့အခါကျတော့ အမှန်သဖွယ်တင်ပြတဲ့ ကိစ္စတွေကလည်း အလွန်အန္တရာယ်များပါတယ်၊ မလုပ်သင့်ပါဘူး။ ဒီအချိန်မှာအားလုံးက အသက်နဲ့ရင်းပြီးလုပ်နေရတာ ဖြစ်တဲ့အတွက်ကြောင့်မို့ မိမိရဲ့သတင်းအမှားဟာ အများပြည်သူအတွက် အသက်အန္တရာယ်ကို အများကြီး ထိခိုက်နိုင်ပါတယ်။ ဒါလေးကိုလည်း သတိပေးလိုပါတယ်။”

ဒီကနေ့အစောပိုင်း ထုတ်ပြန်တဲ့စာရင်းတွေအရ ကိုဗစ်ရောဂါကူးစက်သူ ၁၂,၄၂၅ ဦးရှိနေတဲ့ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှနိုင်ငံများအသင်း (Asean) ထဲမှာ စတုတ္ထနေရာမှာရှိနေပြီး သေဆုံးသူအရေအတွက်ကတော့ ၂၈၄ ဦးနဲ့ တတိယအများဆုံး ဖြစ်နေပါတယ်။ 


စုစု/VOA (Burmese)

https://burmese.voanews.com/a/covid-myanmar-medicine/5603247.html

ဖားကန့်နဲ့ ရတနာနယ်မြေများ နောက်ထပ်နှစ်လရပ်နားဖို့ စီစဉ်နေ

ကချင်ပြည်နယ် ဖားကန့်မြို့မှာ ကျောက်မျက်တူးဖော်နေတဲ့ မြင်ကွင်း။ (နိုဝင်ဘာ ၂၈၊ ၂၀၁၅)

COVID 19 ကပ်ရောဂါထိန်းချုပ်ရေးအတွက် ဖားကန့်နဲ့ အခြားရတနာမြေတွေမှာ မိုးတွင်းကာလ ကျောက်မျက် တူးဖော်ခွင့် ရပ်နားထားတာကို နောက်ထပ် ၂ လ သက်တမ်းတိုးဖို့ စီစဉ်နေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က ပြောပြပေးပါမယ်။

မိုးရာသီကာလမှာ လုံးခင်း၊ ဖားကန့်၊ ခန္တီးနဲ့ မော်လူး-မော်ဟန် ရတနာမြေတွေကနေ ကျောက်စိမ်းရိုင်း ထုတ်လုပ်တာကို ဇူလိုင်လ ၁ ရက်နေ့ကနေ စက်တင်ဘာလ ၃၀ ရက်နေ့အထိ ယာယီ ရပ်နားထားခဲ့တာပါ။

ပုံမှန်အခြေအနေဆိုရင် အောက်တိုဘာလ ၁ ရက်နေ့မှာ ကျောက်မျက်တူးဖော်မှုကို ပြန်လည်ခွင့်ပြုရမှာ ဖြစ်ပေမဲ့ လက်ရှိ ဖြစ်ပွားနေတဲ့ ကပ်ရောဂါထိန်းချုပ်နိုင်ဖို့အတွက် နောက်ထပ် ၂ လ ထပ်မံရပ်နားဖို့ စီစဉ်နေကြောင်း မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေး လုပ်ငန်းရုံးချုပ်က အဆင့်မြင့်အရာရှိတစ်ဦးက အခုလို ပြောပါတယ်။

“အဲဒီက နယ်မြေအခြေအနေရယ်၊ လုပ်ငန်းအခြေအနေရယ်၊ ဒီရောဂါအခြေအနေကြောင့်မို့ ကျနော်တို့က ဒါကိုတော့ ဟို ကျန်တဲ့ ကျောက်မျက်လုပ်ငန်းရှင်တွေ၊ အသင်းတွေ၊ ကျန်တဲ့ဒေသတွေရောပေါ့နော်။ သူတို့ တင်ပြချက်ရတော့ ဆက်လက်ပြီးတော့ ၂ လ ယာယီရပ်နားဖို့ အထက်ကိုတော့ တင်ပြထားပါတယ်ဗျ။ ဒီဟာလေးကို။ ခွင့်ပြုချက်ပေါ့၊ ခွင့်ပြုချက်ရတာနဲ့ ချက်ချင်းထုတ်ပြန်ပါမယ်။ လောလောဆယ်ကတော့ ဒီလုပ်ငန်းတွေက အငြိမ်ပဲ ဆက်ပြီးတော့ သွားနေမှာပေါ့နော်။ အဲဒါ ညွှန်ကြားချက်ကတော့ တရားဝင် ထုတ်ဖို့ပဲ ကျန်ပါတော့တယ်။”

နောက်ထပ် ၂ လ ယာယီရပ်နားဖို့ကို ကျောက်မျက်လုပ်ငန်းရှင်များအသင်းထံကနေ သဘောထားရယူပြီး လွန်ခဲ့တဲ့အပတ်က အစိုးရအဖွဲ့ကို တင်ပြထားတာဖြစ်ကြောင်းနဲ့ အစိုးရဆီက ခွင့်ပြုချက်မရရှိမီမှာ လုပ်ငန်းတွေ ရပ်နားထားဖို့ ညွှန်ကြားထားကြောင်းလည်း ပြောပါတယ်။

ဖားကန့်ဒေသက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်က လက်ရှိ ဖားကန့်ဒေသမှာ COVID 19 ကူးစက်မှုအခြေအနေကို အခုလို ပြောပါတယ်။

“ဖားကန့်မှာ မနေ့က သူတို့စစ်တဲ့အထဲမှာ အကုန်လုံးပေါ်တာကတော့ ဒီနေ့ထိကတော့ ၃၅ယောက်လို့ ပြောတယ်ဗျ။ COVID 19 က၊ Positive က ၃၅ ယောက်၊ အဲဒီတောင်ပြိုရွာတစ်ခုမှာပဲ။ သူတို့က စစ်တွေက လာပြီးတော့မှ အကုန် contact ဖြစ်သွားတာ။ အဲဒီမှာ ၃၅ ဦးရှိတယ်။ ဆေးရုံကဆင်းတာကတော့ ဟိုနေ့က ၄ ဦးရယ်၊ အကုန်လုံး ၉ ဦးလောက်တော့ ဆင်းပြီ။”

လောလောဆယ် ဖားကန့်မြို့နယ်အတွင်း ကပ်ရောဂါထိန်းချုပ်ရေးအတွက် ဆောင်ရွက်နေတာတွေကိုလည်း အခုလို ဆက်ပြောပါတယ်။

“အခုကတော့ ရန်ကုန်လိုပဲ အားလုံးက Stay at home ပဲ။ နောက်ပြီးတော့မှ အပြင်မသွား၊မလာဖို့၊ နောက် တစ်ရပ်ကွက်နဲ့ တစ်ရပ်ကွက်သွားမယ်ဆို out pass ပေါ့ဗျာ။ ကဒ်ပြားလေးနဲ့ စျေးဝယ်ဘာညာဆို အဲဒီမှာ တစ်ချိန်ပဲ ထွက်ရမယ်ဆို ကန့်သတ်ထားတာပေါ့။ အဝင်အထွက်တွေကတော့ အကုန် ဂိတ်တွေနဲ့ ထားတာပေါ့။ ဒါပေမဲ့ ဝင်လို့ထွက်လို့ တော့ ရတာပေါ့။ ဒီ အစားအသောက်ဝယ်တာတို့ ဘာတို့ စျေးသွားတာတို့။ မြို့အဝင်အထွက်တွေလည်း အကုန်လုံး ကန့်သတ်ထားတယ်။ လာသမျှလူကတော့အကုန်လုံး Quarantine ဝင်ရမယ်။ ကိုယ်စရိတ်နဲ့ ကိုယ်ပေါ့။”

ကချင်ပြည်နယ်မှာ စက်တင်ဘာလ ၃၀ ရက် မနက်ပိုင်းအထိ COVID 19 ပိုးတွေ့လူနာ ၄၅ ဦး တွေ့ရှိထားပြီး ဖားကန့်မြို့နယ်မှာ ၃၅ ဦး ရှိကြောင်း ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။


မိုးဇော်/VOA (Burmese)

https://burmese.voanews.com/a/hpakant-myanmar-jade/5603193.html

တီးတိန်မြို့နယ် သစ်တောနယ်မြေက နေအိမ်တွေကို ဖယ်ရှားခိုင်း


တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့မှာ သစ်တောနယ်မြေမှာ နေထိုင်သူတွေကို ကျူးကျော်အဖြစ်သတ်မှတ်ပြီး အိမ်တွေဖယ်ရှားပေးဖို့ သစ်တောဌာနက အမိန့်စာပို့ အကြောင်းကြားထားပါတယ်။

ခိုင်ကမ်းမြို့နယ်၊ အမှတ် ၄ ရက်ကွက်၊ ကွဲတံတားရဲ့ အောက်ဘက်ခြမ်းမှာရှိတဲ့ နေအိမ် ၂၆ လုံးကို စက်တင်ဘာလ ၂၅ ရက်နေ့က နောက်ဆုံးထား ဖယ်ရှားခိုင်းတာဖြစ်ပြီး ဒေသခံတွေကတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု အန္တရာယ်ရှိနေတဲ့ ကာလဖြစ်တာကြောင့် ပြောင်းရွှေ့ဖို့ အခက်အခဲရှိနေတယ်လို့ ပြောပါတယ်။

ဒေသခံတချို့ကတော့ နေအိမ်ကို ပြောင်းရွှေ့ဖို့ အခက်အခဲတွေရှိတာကြောင့် အတည်တကျနေနိုင်ဖို့ ဆန္ဒရှိနေတာလည်း ဖြစ်ပါတယ်။

“ကျွန်မတို့ ၂၀၁၉ - ၂၀၂၀ ကနေ စပြီးတော့ ၂၀၂၀ ဝန်းကျင်မှာ ကျွန်မတို့ သစ်တောဌာနနဲ့ ရင်ဆိုင်ရတဲ့ သဘောဖြစ်သွားတာပေါ့နော်။ အဲဒါနဲ့ သစ်တောဌာနက စာလာတယ်ပေါ့။ ပထမအကြိမ် စာရွက်စာတမ်း ပို့တယ်။ ဒုတိယအကြိမ်ကတော့ ဖျက်သိမ်းဖို့ အမိန့်စာပို့တယ်။ကျွန်မတို့လည်း ရင်ဆိုင်ရတာ ခက်ခဲပါတယ်။ ကျွန်မတို့ အဆင်ပြေရင်တော့ အစိုးရပိုင်းနဲ့ ကလန်ကဆန်နဲ့တော့ မနေချင်ပါဘူး။ ကိုယ့်ဘာသာကိုယ် ရှာဖွေစုဆောင်းချင်တယ် ဒါပေမဲ့ အခုချိန်က ကိုဗစ်ကာလလည်း ဖြစ်နေတော့ ရှာဖွေစုဆောင်းဖို့ကလည်း ခက်ခဲပါတယ်။ ခရီးသွားတာတို့၊ နိုင်ငံရပ်ခြား သွားအလုပ်လုပ် ပိုက်ဆံရှာချင်ပေမယ့်လည်း သွားလို့ခက်ခဲတဲ့ အခြေနေကြောင့် ကျွန်မတို့ ဒီအခြေနေထိနေရတာပါ။ ကျွန်မတို့ အိမ်ကလည်းဆောက်ပြီးပြီဆိုတော့ ဒီကနေ ပြန်ရွှေ့ရမယ်ဆိုရင် တအားခက်ခဲတယ်ဆိုတော့ ကျွန်မတို့ အတည်တကျနေရဖို့ တကယ့်ကို ရင်ထဲကနေ တောင်းဆိုချင်ပါတယ်”

စက်တင်ဘာ ၁၅ ရက်နေ့က ကျူးကျော်နေအိမ်တွေက မိသားစုဝင်တွေကို ကိုးမိုင်သစ်တောစခန်းမှာ လာခေါ်ခဲ့ပြီး စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်ခံခဲ့ရတယ်လို့ ဦးထန်လမ်မုန့်က RFA ကို ပြောပါတယ်။

“ကျွန်တော်တို့ကို သစ်တောကနေ စစ်ဆေးမေးမြန်းဖို့ ခေါ်ပါတယ်။ကျွန်တော်တို့ စည်းစည်းလုံးလုံးနဲ့ ရပ်ကွက်မှာရှိတဲ့ ဒုက္ခသည်တွေပေါ့ဗျာ၊ အဖွဲ့အစည်းနဲ့ အစိုးရ ကိုးမိုင်သစ်တောရုံးကို ရောက်ရှိခဲ့တယ်။ သူတို့ စစ်ဆေးတဲ့အခါကျတော့ မိဘအမည်တို့၊ မှတ်ပုံတင်နံပါတ်တို့၊ ခိုင်ကမ်းကို ဘယ်နှစ်ခုနှစ်က စရောက်သလဲ၊ ကျူးကျော်ဘဝကို ဘယ်နှခုနှစ်ကရောက်လဲ ဒါတွေ မေးပါတယ်။ ပြီးတော့ နောက်ဆုံးအချက်ကတော့ သစ်တောကနေပြီးတော့ ဒီမှာ ကျူးကျော်မြေကို ဖယ်ရှားမယ်၊ ရှင်းလင်းမယ်ဆိုပြီးမှ နောက်တစ်ကြိမ် တတိယအကြိမ် စာပေးခံရရင် မင်းတို့ ဘယ်လိုခံစားချက်ရှိပါသလဲဆိုပြီး မေးမြန်းပါတယ်။ အဲဒါကျတော့ လူကြီးမင်းတို့ရယ် ကျွန်တော်တို့မှာ ခိုလှုံစရာလုံးဝမရှိတဲ့အခါကျတော့ ဖယ်တော့ ဖယ်ရှားချင်ပါတယ်။ ဒါပေမဲ့ နိုင်ငံတော်ကလည်း နေရာချထားပေးတဲ့အထိ ခိုလှုံခွင့်ပေးပါဆိုပြီးမှ ကျွန်တော်တို့ အသနားခံခဲ့ပါတယ်”

ခိုင်ကမ်းမြို့မှာ ၂၀၁၅ ခုနှစ်က ကြုံတွေ့ခဲ့တဲ့ ရေကြီးမှုကြောင့် အခက်အခဲဖြစ်ခဲ့တဲ့ ရေဘေးဒုက္ခသည်တွေ ကိုလည်း ခိုင်ကမ်းမြို့နယ်၊ အမှတ် ၄ ရပ်ကွက်၊ ကွဲတံတားရဲ့ အပေါ်ဘက်ခြမ်းမှာ မြေနေရာတွေ ပြန်လည်ချ ထားခဲ့သလို ကွဲတံတားရဲ့ အောက်ဘက်မှာ ရေဘေးနဲ့ဆက်စပ်ပြီး ဆင်းရဲနွမ်းပါးသူတွေအတွက်လည်း အခုကျူးကျော်လို့ သတ်မှတ်ခံထားရတဲ့ မြေနေရာမှာ နေရာချထားပေးခဲ့တာဖြစ်ပါတယ်။

ကွဲချောင်းကူးတံတားရဲ့ အပေါ်ဘက်က အိမ်တွေကတော့ သစ်တောမြေကိုကျူးတဲ့ ပုံစံဖြစ်ပေမယ့် ဌာနဆိုင်ရာ အသီးသီးက တိုင်ပင်ပြီး နေရာချထားပေးတာဖြစ်တဲ့အတွက် သူတို့ကို ဖယ်ရှားခိုင်းတာမျိုးမရှိဘူးလို့ ချင်းလူမှုရေး တက်ကြွလှုပ်ရှားသူ ကိုဇမ်းထွမ်းက ပြောပါတယ်။

“သူတို့က တကယ်ကျူးကျော်သလားဆိုတာကို ကျွန်တော်တို့ ကြည့်ရင် သူတို့က ဒီနေရာကို ကျူးဖို့ရောက် လာတာ မဟုတ်ဘူး။ သူတို့က ခိုလှုံဖို့ရောက်လာတာဖြစ်တယ်။သူတို့ကို ကျူးကျော်ဖြစ်တယ်ဆိုပြီး သစ်တောနယ်မြေကနေ ဖယ်ရှားခိုင်းမယ်ဆိုရင် အပတောထုတ်ထားတဲ့ ခိုင်ကမ်းရဲ့ မြေတွေရှိတယ်။ အဲဒီမြို့မှာ သူတို့နဲ့သင့်လျော်တဲ့နေရာမှာ နေရာချပေးပြီးတော့ သူတို့ကို ဖယ်ရှားစေသင့်တယ်။ အဲဒီလိုမှ မဟုတ်ဘဲ ကျွန်တော်တို့ ဒီတိုင်းခိုလှုံဖို့နေရာမရှိဘဲ ဖယ်ရှားခိုင်းမယ်ဆိုရင် ခိုင်ကမ်းမှာ နေကြတဲ့အတူတူ ချင်းတောင် သူတို့ကို အခွင့်အရေး ချိုးဖောက်သလိုဖြစ်သွားလိမ့်မယ်လို့ ကျွန်တော်မြင်တယ်”

အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ခိုင်ကမ်းမြို့ သစ်တောဦးစီးဌာနကို RFA က ဆက်သွယ်မေးမြန်းထားပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။

တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့ အထွေထွေ အုပ်ချုပ်ရေးမှူး ဦးလှမျိုးကတော့ နေအိမ်တွေ ဖယ်ရှားဖို့ ကိစ္စကို သစ်တောဌာနက ဆောင်ရွက်နေတာဖြစ်ပြီး ပြည်နယ်အစိုးရက ညွှန်ကြားချက်မရှိသးကြောင်း ပြောပါတယ်။

“ကျွန်တော်တို့ အုပ်ချုပ်ရေးအနေနဲ့ ဘာမှလုပ်ထားတာ မရှိသေးဘူး၊ သစ်တောက လုပ်ထားတာပေါ့နော်၊ သစ်တောက ကြိုးဝိုင်မှာနေတယ် ဆိုပြီးတော့ သူတို့က ဖယ်ပေးဖို့ စာတွေထုတ်ထားရှိပါတယ်၊ အစိုးရကတော့ ကျွန်တောင်တို့ ဌာနကို ညွန်ကြားထားတာ မရှိသေးဘူး၊ မြို့နယ်တိုးချဲ့တဲ့ ဥစာတော့ရှိတယ်ဗျ၊ တိုးချဲဖို့ ၇၅၀ ဧကရှိတယ်၊ အထက်ဌာနကနေ မြေနေရာတွေချပေးဖို့ လုပ်ပါဆိုလို့ရှိရင် အထက်ဌာနက ညွန်ကြားချက် အတိုင်း ကျွန်တော်တို့က လုပ်မယ်ဗျ။ ဒီဟာနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ဆီမှာ ညွန်ကြားချက် မရှိသေးဘူး၊ သစ်တောကပဲ သူတို့ ကြိုးဝိုင်မှာနေတယ်ဆိုပြီး ဖယ်ခိုင်းတာပေါ့ အဲဒါပဲရှိပါသေးတယ်။ ကျူးကျော်နေတဲ့သူတွေကလည်း ဝန်ကြီးကိုလည်း တိုက်ရိုက်စာတင်ပေးတော့ တင်ပြထားပါတယ်’’

ကိုဗစ် ၁၉ ဖြစ်ပွားနေတဲ့ကာလမှာ စားသောက်ဖို့အတွက် ဝင်ငွေရရှိအောင်မနည်း ရုန်းကန်နေရတဲ့ ဒေသခံတွေ အတွက် ပြောင်းရွှေ့စရာ မြေနေရာမရှိဘဲ ဖယ်ရှားပေးဖို့ အခက်အခဲတွေ ရှိနေတာကြောင့် လက်ရှိနေထိုင်နေတဲ့ နေရာမှာပဲ အတည်တကျနေထိုင်ခွင့်ရရှိဖို့ ဒေသခံတွေက မျှော်လင့်နေကြတာ ဖြစ်ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/chin-slum-house-09302020055838.html

မဲဆွယ်မိန့်ခွန်းဖြတ်တောက်မှုတွေကို ပြည်တွင်း၊ ပြည်ပက ဝေဖန်

၈၈ မျိုးဆက်ကျောင်းသား ဦးကိုကိုကြီး ကို ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့က ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် ဓမ္မပီယကျောင်းမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ တွေ့ရစဉ်

Photo: RFA

၈၈ မျိုးဆက် ကျောင်းသားတွေ တည်ထောင်ထားတဲ့ ပြည်သူ့ပါတီက နိုင်ငံပိုင် ရုပ်သံနဲ့ ရေဒီယိုကနေ ထုတ်လွှင့်မယ့် မဲဆွယ်မိန့်ခွန်းလည်း ဆင်ဆာဖြတ်တောက်ခံရတယ်လို့ ပြောပါတယ်။

ပါတီတချို့ ဒီလို မိန့်ခွန်းဆင်ဆာဖြတ်တောက်မှုဟာ လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို ကန့်သတ်လိုက်တာ ဖြစ်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ထောက်ပြနေကြပါတယ်။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် အများအပြား ဦးဆောင်ဖွဲ့စည်းထားတဲ့ ပြည်သူ့ပါတီက နိုင်ငံပိုင် မီဒီယာကနေ ထုတ်လွှင့်မယ့် ပါတီရဲ့ မူဝါဒ သဘောထား၊ လုပ်ငန်းစဉ်တွေကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဖြတ်တောက်တာကြောင့် ရုပ်သံထုတ်လွှင့်မယ့် အစီအစဉ်မှာ ပါဝင်တော့မှာမဟုတ်ကြောင်း မနေ့က သဘောထား ထုတ်ပြန်ထားပါတယ်။

အလားတူ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၊ ထားဝယ်တိုင်းရင်းသားများပါတီ၊ ရခိုင်အမျိုးသားပါတီ စတဲ့ နိုင်ငံရေးပါတီတချို့ရဲ့ မဲဆွယ်စည်းရုံးရေး မိန့်ခွန်းတချို့ UEC က ဖြတ်တောက်မှု ခံခဲ့ရပါတယ်။

ပါတီစုံဒီမိုကရေစီရဲ့ အခြေခံ စံချိန်စံညွန်းတွေ သဘောတရားတွေ ကျင့်စဉ်တွေကို ချိုးဖောက်တာလို့ ခံယူတဲ့အတွက် နိုင်ငံပိုင်မီဒီယာတွေကနေ ဟောပြောစည်းရုံးမှု မလုပ်တော့ဘူးလို့ ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီက RFA ကို ပြောပါတယ်။

“ပြည်သူတွေကို သူ့ရဲ့ စီးပွားရေးပေါ်လစီ၊ နိုင်ငံရေးပေါ်လစီ စတဲ့ နိုင်ငံရေးမူဝါဒတွေကို ချပြပြီးတော့ ကျွန်တော်တို့က စည်းရုံးမယ်။ အဲဒီထဲမှာ ကြိုက်တဲ့သူက ထောက်ခံမယ်၊ မကြိုက်တဲ့သူက ကန့်ကွက်မယ် ဒါက မဲဆန္ဒရှင်တွေရဲ့ ရွေးချယ်ခွင့်။ အဲဒါကို မဲဆန္ဒရှင်တွေက မရွေးချယ်ရခင်မှာ ကော်မရှင်က စပြီးတော့ စိတ်ကြိုက်စိစစ်ဖြတ်တောက်တယ်ဆိုတာက ပါတီစုံဒီမိုကရေစီရဲ့ အခြေခံ စံချိန်စံညွန်းတွေ၊ သဘောတရား တွေ ကျင့်စဉ်တွေကို ချိုးဖောက်တာလို့ ကျွန်တော်တို့က ခံယူတဲ့အတွက်ကြောင့် ဒီလိုတည်းဖြတ်တာမျိုး ကျွန်တော်တို့ လက်မခံဘူး။ ဒါ့ကြောင့် နိုင်ငံပိုင်မီဒီယာတွေကနေ ဟောပြောမှုမလုပ်တော့ဘူးလို့ အကြောင်းပြန်လိုက်တာဖြစ်တယ်”

ပြည်သူတွေဟာ တုံးလုံးစာဝေးလို့ မတ်တပ်စာတောင် အနိုင့်အနိုင် ရပ်တည်နေရတယ်၊ နိုင်ငံတကာ ရင်းနှီးမြှုပ်နံှသူတွေနဲ့ ယှဉ်ပြိုင်ဖို့အတွက် ပြည်တွင်းလုပ်ငန်းရှင်တွေအတွက် အခက်အခဲဖြစ်နေတာဟာ ဘဏ်အတိုးနှုန်း မြင့်မားနေတာကြောင့်ဖြစ်တယ်၊  အခွန်ကောက်ယူရာမှာလည်း ရိုးရှင်း သင့်တင့် မျှတတဲ့ စနစ်ဖြစ်ဖို့အပြင် အခွန်ဝန်ထုပ်ဝန်ပိုးမဖြစ်စေတဲ့ အခွန်ထမ်းစနစ်ဖြစ်ဖို့ လုပ်ဆောင်သွားမယ်ဆိုတဲ့ အချက်တွေ ဖြတ်တောက်ခံရတာ ဖြစ်ပါတယ်။

ဒီအချက်တွေဟာ ဒို့တာဝန်ရေးသုံးပါးကို ထိခိုက်တာ၊ လူမျိုးရေးဘာသာရေးကို ပဋိပက္ခဖြစ်အောင် လှုံ့ဆော်တာ မရှိတဲ့အပြင် တခြားလူပုဂ္ဂိုလ် ပါတီအဖွဲ့အစည်းတွေကို တိုက်ခိုက်တာမဟုတ် ငြိစွန်းစရာမရှိဘူးလို့ ယူဆကြောင်း ဦးကိုကိုကြီးက ပြောပါတယ်။

ပါတီတစ်ခုချင်းစီရဲ့ မူဝါဒတွေကို အများပြည်သူ သိနိုင်အောင် နိုင်ငံပိုင် မီဒီယာတွေကနေ တင်ပြတဲ့ အစီအစဉ်မှာ မိန့်ခွန်းတွေကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် UEC က စိစစ်ခွင့်ပြုပြီးမှ ထုတ်လွှင့်ပေးနေတာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲကော်မရှင်က ဆောင်ရွက်ချက်ဟာ လုပ်ပိုင်ခွင့်ကိုကျော်ပြီး လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ကို ချိုးဖောက်တာလို့ ပါတီတာဝန်ရှိသူတွေ၊ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူတွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေ ဝေဖန်နေကြပါတယ်။

ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို အလေးထားပြီးတော့ ဆင်ဆာဖြတ် တောက်မှုတွေကို တတ်နိုင်သမျှ နည်းစေချင်တယ်လို့ New Myanmar Foundation ရဲ့ ရွေးကောက်ပွဲအကြံပေး ဒေါ်မြနန္ဒာသင်းက ပြောပါတယ်။

“အထူးသဖြင့်ကတော့ ဒီလိုရွေးကောက်ပွဲကာလတွေပေါ့နော်၊ ဒီမိုကရေစီစံနှုန်းနဲ့ညီတဲ့ ရွေးကောက်ပွဲကာလ တွေမှာ ဆိုရင်တော့ သူတို့အတွက်ကတော့ အဟန့်အတားဖြစ်တယ်။ လွတ်လပ်စွာပြောဆိုခွင့်တွေ၊ စည်းရုံး ခွင့်တွေ မရဘူးလို့ ပါတီတွေနေနဲ့ ယူဆနိုင်တယ်။ အဲလို ယူဆလို့လည်း အင်တာဗျူးတွေမှာ ပြောဆိုနေကြ တယ်ဆိုတော့ ဖြစ်နိုင်မယ်ဆိုရင် ဒီလွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို အလေးပေးပြီးတော့မှ ဆင်ဆာ ဖြတ်တာမျိုးကိုတော့ တတ်နိုင်သမျှ နည်းစေချင်တာပေါ့နော်”

Fortify Right အဖွဲ့က ကိုနစ်ကီဒိုင်းမွန်းကတော့ လက်ရှိ အာဏာရ ပါတီက ခန့်အပ်ထားတဲ့ ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ အခုလိုဖြတ်တောက်မျိုး လုံးဝမလုပ်သင့်သလို ဘက်လိုက်ပြီးတော့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်ပြီး ဖိနှိပ်တဲ့သဘော သက်ရောက်တယ်လို့ ပြောပါတယ်။

“ဒီမိုကရေစီကို သွားနေတဲ့အချိန်မှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်က အရမ်းအရေးကြီးတယ်ပေါ့နော်၊ လက်ရှိအာဏာရပါတီက ခန့်အပ်ထားတဲ့ ရွေးကော်ကနေပြီး ဒါမျိုးလုပ်တဲ့ဟာက လုံးဝ လုံးဝ မလုပ်သင့်တဲ့ ကိစ္စရပ်ဖြစ်တယ်။ နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ အများလက်ခံနိုင်တဲ့ ရွေးကောက်ပွဲဖြစ်ပါ့မလားဆိုတဲ့ စိုးရိမ်ပူပန်မှုလည်းရှိတယ်။ နောက်တစ်ခုက ပါတီ တစ်ခုတည်းကို လုပ်တာမဟုတ်ဘူး အဲတော့ ဒါတွေအကုန်လုံးကို ခြုံကြည့်လိုက်မယ်ဆိုရင် လွတ်လပ်စွာ ထုတ်ဖော်ဆိုခွင့်ကို ချိုးဖောက်ရာရောက်တဲ့အပြင် အဲဒီပါတီတွေကို သက်သက် ဖိနှိပ်တဲ့သဘော ပိုပြီးသက်ရောက်တာပေါ့”

ရန်ကုန်အခြေစိုက် နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးကတော့ နိုင်ငံရေးပါတီတွေရဲ့ ဟောပြောချက် တွေကို ဖြတ်တောက်တာတွေ သတိထားသင့်ကြောင်းနဲ့ မတူတဲ့အမြင်တွေ ဖြတ်တောက်နေတာဟာ လူ့အခွင့်အရေး၊ ဒီမိုကရေစီစံတွေနဲ့ မသင့်လျော်ဘူးလို့ ပြောပါတယ်။

“၂၀၂၀ ရွေးကောက်ပွဲ တရားမျှတမှု လွတ်လပ်မှုဆိုတာက အဲဒီရွေးကောက်ပွဲမှာ ပါဝင်မယ့် နိုင်ငံရေးပါတီ တွေရဲ့ လွတ်လပ်စွာ ဟောပြောစည်းရုံးခွင့်လည်း ပါပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲစံနှုန်းတွေနဲ့ တိုင်းလို့ရှိရင်။ ဒါကြောင့်မို့ ဒီနေ့အခြေအနေမှာ ရွေးကောက်ပွဲဝင်မယ့် နိုင်ငံရေးပါတီတွေရဲ့ ဟောပြောချက်တွေကို ဖြတ်တောက်တာနဲပတ်သက်ပြီးတော့ သတိလွန်စွာထားသင့်ပြီးလို့ ထင်ပါတယ်။ ဒီလို မတူတဲ့အမြင်တွေကို ဖြတ်တောက်နေတယ်ဆိုတာကတော့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီစံနှုန်းတွေနဲ့ဆိုရင် သင့်လျော်လိမ့်မယ် မဟုတ်ဘူးလို့ ထင်ပါတယ်”

လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့တစ်ခုဖြစ်တဲ့ Human Rights Watch (HRW) ရဲ့ အာရှရေးရာ ဒုတိယ ညွှန်ကြားရေးမှူး Phil Robertso က ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီတွေရဲ့မိန့်ခွန်းတွေကို ဖြတ်တောက်လိုက်တဲ့ လုပ်ရပ်က ဒီမိုကရေစီကို ဆန့်ကျင်တဲ့လုပ်ရပ်ဖြစ်တယ်။ အစိုးရကို ချက်ကျလက်ကျ ဝေဖန်ထောက်ပြတဲ့ သတင်းစကားတွေကို ဖယ်ရှားလိုက်ခြင်းဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုပိုင်ခွင့်ကို ဝင်ရောက်စွတ်ဖက်တာဖြစ်သလို၊ ပါတီစုံရွေးကောက်ပွဲတွေရဲ့ အခြေခံ အုတ်မြစ်တွေကို ခြေခြေမြစ်မြစ်မသိဘူး ဆိုတဲ့အချက်ကို ဖော်ပြရာလည်း ရောက်ကြောင်းပြောပါတယ်။

“NLD ပါတီ အစိုးရက ခန့်အပ်ထားတဲ့ ကော်မရှင်က ဖြတ်တောက်တာဖြစ်တာကြောင့် ဒီလိုဖြတ်တောက် မှုတွေမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီက ပုန်းကွယ်မနေသင့်ဘဲ တုံ့ပြန်ပြောဆိုသင့်တယ်”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဗဟိုပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး မုံရွာအောင်ရှင်ကတော့ NLD ပါတီအစိုးရက ကော်မရှင်ကို ခန့်အပ်ထားတာ မှန်ပေမယ့် လုပ်ထုံးလုပ်နည်းအရ ငြိစွန်းမှုရှိတာကြောင့် ဖြတ်တောက်တာလို့မြင်ကြောင်းနဲ့ အဲဒီအပေါ်မှာ ဝင်ရောက် မစွက်ဖက်လိုကြောင်း ပြောပါတယ်။

“မှန်ပါတယ်၊ ဒီဟာ NLD အစိုးရ သမ္မတက လက်မှတ်ထိုးပြီး ခန့်အပ်ထားတဲ့ ကော်မရှင်ပေါ့။ ပါတီနဲ့တော့ သိပ်ပြီး တိုက်ရိုက်မပတ်သက်ဘူး။ နောက်တစ်ခုကလည်း ကော်မရှင်က သူ့ကော်မရှင်ရဲ့ လုပ်ထုံးလုပ် နည်းပေါ့နော်၊ ကော်မရှင်ရဲ့ ပြဌာန်းတဲ့ ဥပဒေရ ဘာအရ ဒီလိုလုပ်တယ်လို့ ကျွန်တော်ကတော့ မြင်ပါတယ်။ သူ့လုပ်ထုံးလုပ်နည်းမရှိဘဲနဲ့ သူ့ရဲ့ မူဘောင်မရှိပဲနဲ့တော့ လုပ်မှာမဟုတ်ဘူး။ ဒီဟာပေါ်မှာ ငြိစွန်းလို့ပဲ သူက မဖြစ်သင့် မဖြစ်ထိုက်တာပေါ့လေ ဆိုပြီး ဒီဟာကို ဖြတ်တောက်တယ်လို့ပဲ ယူဆတယ်။ အဲဒီအပေါ်မှာ ကျွန်တော်တို့ ဝင်ပြီးတော့ မစွက်ဖက်ချင်ဘူး”

နိုင်ငံရေးပါတီတွေရဲ့ မိန့်ခွန်းတွေ ဆင်ဆာဖြတ်တောက်တယ် ဆိုတာနဲ့ ပတ်သက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို RFA က ဆက်သွယ် မေးမြန်းခဲ့ပေမယ့် ဒီနေ့ညနေ ၅ နာရီအထိ တုံ့ပြန်ပြောဆိုတာ မရှိသေးပါဘူး။

နိုင်ငံရေးပါတီတွေရဲ့ စည်းရုံးဟောပြောမှုတွေကို ကော်မရှင်ရဲ့ သတ်မှတ်ချက်နဲ့အညီ ရိုက်ကူးပေးနေပြီး အဲဒီဟောပြောမှုတွေကို မြန်မာ့အသံနဲ့ရုပ်မြင်သံကြားက တည်းဖြတ်ပြင်ဆင်တာ လုံးဝမရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၊ စက်တင်ဘာ ၁၇ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။

နိုင်ငံပိုင်ရုပ်သံ MRTV ကနေ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီတိုင်း ရုပ်သံမဲဆွယ် မိန့်ခွန်းတွေကို ကော်မရှင်ကစိစစ်ပြီး စက်တင်ဘာ ၈ ရက်နေ့ကနေ နိုဝင်ဘာ ၆ ရက်နေ့အထိ အလှည့်ကျ ထုတ်လွှင့်နေတာဖြစ်ပါတယ်။

လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်ကလည်း မဲဆွယ် စည်းရုံးရေး မိန့်ခွန်းထဲက အစိတ်အပိုင်းတချို့ကို UEC က ဆင်ဆာဖြတ်တာကြောင့် နိုင်ငံပိုင်ရုပ်သံကနေ ထုတ်လွှင့်မယ့် အစီအစဉ်မှာ ပါဝင်ဖို့ ငြင်းဆိုလိုက်ကြောင်း RFA ကို စက်တင်ဘာလ ၂၁ ရက်နေ့က ပြောကြားထားပါတယ်။

ဆင်ဆာဖြတ်ခံရတဲ့ထဲမှာ ကြေးနီစီမံကိန်း လုပ်ဆောင်နေတဲ့ လက်ပံတောင်းတောင်အရေး၊ ဧရာဝတီတိုင်း မအူပင်မြို့နယ်၊ မလက်တိုကျေးရွာက မြေယာအရေးအခင်း၊ မန္တလေးတိုင်း အောင်သပြေ ကျေးရွာက ဒေသခံတွေနဲ့ ပဋိပက္ခဖြစ်တဲ့ ဘိလပ်မြေစက်ရုံကိစ္စ စတဲ့ အကြောင်းအရာတွေ ပါဝင်တယ်လို့ ဦးအောင်မိုးဇော်က ပြောပါတယ်။

ဒေသအတွင်း လျှပ်စစ်ဓာတ်အား အခြေအနေနဲ့ ထားဝယ်တိုင်းရင်းသား ရပိုင်ခွင့်ကိစ္စတွေကို ဖြတ်တောက်ခံ ရတယ်လို့ ထားဝယ်တိုင်းရင်းသားများပါတီ အတွင်းရေးမှူး ၂ ဦးသူရိန်လှိုင်က  စက်တင်ဘာလ ၂၁ ရက်နေ့ကပဲ RFA ကို ပြောဆိုထားပါတယ်။

တနင်္သာရီဒေသ လျှပ်စစ်မီးကိစ္စမှာ ပြည်မနဲ့မတူဘဲ တယူနစ်ကို ကျပ် ၂၀၀ ကျော်ကနေ တထောင်အထိ ပေးနေရတာတွေဟာ တန်းတူအခွင့်အရေးမရဘဲ ဒုတိယတန်းစားလူမျိုးလား၊ ဒုတိယတန်းစားဒေသလားလို့ ပါတီရဲ့ မိန့်ခွန်းမှာ မေးခွန်းထုတ်တာကို UEC က ဖြတ်တောက်ခဲ့တယ်လို့ ဆိုပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/people-party-09302020064241.html

ဒုတိယအကြိမ်မဲစာရင်းတွေကို အောက်တိုဘာ ၁ရက်နေ့မှာစကပ်မယ်၊ အွန်လိုင်းကလည်း စစ်နိုင်မယ်

မဲစာရင်းတွေ အောက်တိုဘာ ၁ ရက်နေ့က စပြီး မြေပြင်မှာ စာရင်းကပ်ကြေညာသွားမှာဖြစ်သလို အွန်လိုင်းကတစ်ဆင့်လည်း စစ်ဆေးနိုင်မှာဖြစ်

၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းတွေကို အောက်တိုဘာ ၁ ရက်နေ့က စပြီး မြေပြင်မှာ စာရင်းကပ်ကြေညာသွားမှာဖြစ်သလို အွန်လိုင်းကတစ်ဆင့်လည်း စစ်ဆေးနိုင်မှာဖြစ်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေ စက်တင်ဘာ ၂၉ ရက်နေ့က ကြေညာထားပါတယ်။

ကော်မရှင်က ကြေညာပြီးနောက် စက်တင်ဘာ ၃၀ ရက်နေ့မှာ UEC ရဲ့ ဝဘ်ဆိုဒ်ကတစ်ဆင့် မဲစာရင်း ဝင်ရောက်စစ်ဆေးသူအများအပြားရှိခဲ့ပြီး အချို့မှာ ပထမအကြိမ် သွားရောက်ကပ်ထားတဲ့ မဲစာရင်းမှာ ပါဝင်ခဲ့ပေမဲ့ အွန်လိုင်းကစစ်ရာမှာတော့ စာရင်းမပါတာတွေလည်းရှိတယ်လို့ UEC ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာမှာ ဝင်ရောက်မှတ်ချက်ပေးသူတွေလည်း ရှိနေပါတယ်။

လာမယ့် နိုဝင်ဘာ ၈ ရက်နေ့မှာကျင်းပသွားမယ့် ရွေးကောက်ပွဲအတွက် မဲစာရင်းပြင်ဆင်ခွင့်ဟာ ဒီအကြိမ်ဟာ နောက်ဆုံးအကြိမ်ဖြစ်ပါတယ်။

" မြို့နယ်အတိုင်းအတာကတော့ ရပ်/ကျေးအားလုံးကို ဖြန့်ထားပြီးပြီ။ အောက်တိုဘာ ၁ ရက်နေ့ကစပြီး မဲစာရင်းတွေကပ်ဖို့ အရံသင့်စီစဉ်ထားပြီးပြီ။ မဲစာရင်း ပြင်ဖို့ ပုံစံတွေအားလုံး အသင့်ပြင်ပြီး ကော်မရှင်က ဝန်ထမ်းတွေ ရှိနေမှာပါ။ ရန်ကုန်အနေနဲ့ဆို သင်္ဃန်းကျွန်းဆိုလည်း အဖြစ်များတဲ့ထဲပါတယ်။ ကျွန်တော်တို့ လည်း ကြောက်ကြောက်နဲ့လာရတာပဲ။ တာဝန်က တာဝန်ဆိုတော့။'' လို့ ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ် ကော်မရှင် ဥက္ကဋ္ဌဖြစ်သူ ဦးဌေးမြင့်က ဘီဘီစီကိုပြောပါတယ်။

မဲစာရင်းတွေကို အွန်လိုင်းက စစ်လို့ရပေမဲ့ လည်း ပြင်ဆင်ဖို့လိုသူတွေအနေနဲ့ အောက်တိုဘာ ၁ ရက်ကနေ ၁၄ ရက်အနေ့အတွင်းမှာ ရပ်ကွက်၊ကျေးရွာအလိုက် ကော်မရှင်ရုံးတွေမှာ လာရောက် ပြင်ဆင်ဖို့ လိုအပ်မှာဖြစ်တယ်လို့ မြို့နယ်ကော်မရှင်တွေထံကသိရပါတယ်။

' ' အခုက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ညွှန်ကြားချက်တွေရှိတယ်။ ကျန်းမာရေးဝန်ကြီး ဌာနက ညွှန်ကြားချက်တွေရှိတယ်။ အိမ်အပြင်မထွက်ဖို့လို့ နားလည်ထားတယ်။ မဲစာရင်းစစ်ဖို့ကိစ္စကို သွားမယ်ဆိုလို့ရှိရင်လည်း ဘယ်လောက်အတိုင်းအတာထိခွင့်ပြုမလဲဆိုတာကို အင်ဖော်မေးရှင်းပေးထား တာမရှိဘူး။ စိတ်တော့ပူတယ်။ ဘယ်လိုမျိုးပြင်မလဲ။ မြေပြင်မှာသွားပြင်ဖို့လိုလာတာဆိုတော့။ အဲဒါတစ်ခု တော့ စိတ်ပူတယ်။''လို့ ရွေးကောက်ပွဲဆိုင်ရာအသိပညာပေးတဲ့လုပ်ငန်းတွေကို ဆောင်ရွက်နေတဲ့ MynFrel က မဇင်မာဦးက ဘီဘီစီကိုပြောပါတယ်။

ပြင်ဆင်ဖို့လိုသူတွေအနေနဲ့ရပ်ကွက်၊ကျေးရွာအလိုက် ကော်မရှင်ရုံးတွေမှာ သွားရောက် ပြင်ဆင်ဖို့ လိုအပ်မှာဖြစ်

စက်တင်ဘာ ၂၉ ရက်နေ့အထိ ကိုဗစ်အတည်ပြုလူနာ တစ်သောင်းနှစ်ထောင်ကျော်နဲ့ သေဆုံးသူ နှစ်ရာ့ ရှစ်ဆယ်ကျော်အထိ ရှိနေတဲ့ထဲ လူဦးရေ ၇ သန်းကျော်နေထိုင်တဲ့ ရန်ကုန်တိုင်းက ဖြစ်ပွားမှုနဲ့သေဆုံးမှု အများဆုံးဖြစ်နေတာပါ။

ဒါကြောင့် ရန်ကုန်တိုင်းမှာမြို့နယ်တွေကိုအောက်တိုဘာ ၇ရက်နေ့အထိ Stay at home အမိန့်ထုတ်ထားပြီး မြို့နယ်ကျော်သွားလာတာမျိုးမလုပ်ဖို့လည်း စည်းကမ်းတင်းကျပ်ထားပါတယ်။

' ' ရန်ကုန်မှာက stay at home ကြေညာထားတော့ မဲဆန္ဒရှင် အသိပညာပေးတာတွေကို ဆိုရှယ် မီဒီယာကနေပဲ လုပ်နိုင်တယ်။ ရန်ကုန်မဟုတ်တဲ့ အရေးလည်းကြီးတယ် လုပ်ဖို့လည်း လိုအပ်တဲ့ နယ်တွေကိုတော့နယ်ဒေသခံတွေနဲ့ တစ်အိမ်တက်ဆင်း မဲအသိပညာပေးတာ mask တွေဝေတာ၊ ကျန်းမာရေးအသိပညာပေးတာတွေကို ကန်ပိန်းအနေနဲ့လုပ်ဖို့တော့စီစဉ်ထားတယ်။ မဲစာရင်းကပ်တဲ့ ၁၄ ရက်အတွင်းကို မီအောင်တော့ လုပ်ရမှာပေါ့'' လို့ ရွေးကောက်ပွဲအသိပညာပေးတာတွေကို လုပ်ဆောင်တဲ့အဖွဲ့တွေအနေနဲ့လည်း အကန့်အသတ်တွေရှိနေတဲ့အပေါ် မဇင်မာဦးက ပြောပြပါတယ်။


BBC Burmese

https://www.bbc.com/burmese/burma-54025338

Test kit အခု၂သိန်း ထပ်မှာထား၊ ရန်ကုန်သာမက တိုင်းနဲ့ပြည်နယ်တွေမှာစစ်ဆေးသွားမယ်

အင်းစိန်ဖျားနာကုဆေးခန်းမှာ swab နမူနရယူနေပုံ

ကူးစက်မှုနဲ့ သေဆုံးသူအများဆုံးရှိနေတဲ့ ရန်ကုန်တိုင်းမှာ ပြည်ပကနေ မှာယူထားတဲ့ test kit တွေနဲ့ ကိုဗစ်ပိုးရှိမရှိကို မနေ့က(စက်တင်ဘာ ၂၉ ရက်နေ့မှာ) စတင် စစ်ဆေးခဲ့ပြီး ပိုးအဖြေတွေကိုတော့ စက်တင်ဘာ ၃၀ ရက်နေ့မှာ စတင်ကြေညာသွားဖို့ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင် စိုးက ဘီဘီစီ ကိုပြောပါတယ်။

မနေ့ကTest kit တွေနဲ့ စစ်ဆေးမှုကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အနောက်ပိုင်းဆေးရုံ၊ မြောက်ဥက္ကလာပ ဆေးရုံ၊ လှိုင်သာယာ၊ သင်္ဃန်းကျွန်းစတဲ့ ရန်ကုန်တိုင်းအတွင်းက ဆေးရုံကြီး ၉ခုမှာ အခုရေ ၁၀၀ ဝန်းကျင် ခန့်နဲ့ စတင်စစ်ဆေးခဲ့တယ်လို့သိရပါတယ်။

' ' မနေ့ကတော့ အခု ၁၀၀ ကျော် ၂၀၀ ဝန်းကျင်လောက်ပဲ စစ်နိုင်တယ်။ မနေ့ကည၈နာရီကျော်တော့မှပဲ စာရင်းတွေလိုက်ကောက်ရတော့ တချို့ဆေးရုံတွေဆို report တောင် မပို့နိုင်ဘူး။ အဖြေကတော့ သီးခြား ထုတ်ဖို့လိုလာပါတယ်။'' လို့ စက်တင်ဘာ ၂၉ ရက်နေ့က စစ်ဆေးမှုစပေမယ့် အဖြေမထုတ်ပြန်နိုင်သေး တဲ့အခြေအနေကို ဒေါက်တာသန်းနိုင်စိုးကပြောပြပါတယ်။

ကိုဗစ်ရှိမရှိကို test kit တွေနဲ့ စတင်စစ်ဆေးရာမှာ ကျန်းမာရေးဝန်ထမ်း၊ သံသယလူနာ၊ အရေးပေါ် ခွဲစိတ်မယ့်လူနာတွေနဲ့ primary contact တွေကို ဦးစားပေးစစ်ဆေးသွားဖို့ ဝန်ကြီးဌာနက လမ်းညွှန်ထား တယ်လို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဆေးရုံံအုပ်ဖြစ်သူ ဒေါက်တာမြင့်မြင့်အေးကဘီဘီစီ ကိုပြောပါတယ်။

ဒါ့အပြင် အခုစစ်ဆေးမယ့် test kitဟာ စစ်ဆေးမယ့်သူဆီက နှာခေါင်းတို့ဖတ် အာခေါင်တို့ဖတ်နမူနာကို ရယူ စစ်ဆေးပြီး မိနစ် ၂၀ ဝန်းကျင် အတွင်း မှာ ပိုးရှိမရှိအဖြေကိုသိနိုင် ဖြစ်တယ်လို့လည်း ရန်ကုန်ပြည့်သူ့ ဆေးရုံကြီး ၊ ပါမောက္ခ ဒေါက်တာ မော်မော်ဦးက ဘီဘီစီကိုပြောပါတယ်။

' ' အခု test kit က antigen ကိုစစ်တာ ပိုးကိုစစ်တာ။ တချို့တလေက antibody ကိုစစ်တာသွေးကို စစ်ရတာ။ အခုက နှာခေါင်းထဲကိုနှိုက်ပြီးပဲစစ်ရမှာ။ ရလာတဲ့ တို့ဖတ်ကိုပဲ ကိုယ့်ဘာသာစစ်ရမှာ။ ကိုယ့်ဆေးရုံ မှာပဲ ကိုယ်စစ်လို့ရမယ့်အခြေအနေဖြစ်သွားတာပေါ့''လို့ ပါမောက္ခ ဒေါက်တာ မော်မော်ဦးကပြောပြပါတယ်။

ရန်ကုန်မှာ ဆေးရုံအသစ်တွေနဲ့ Q center အသစ်တွေထပ်တိုးချဲ့နေ

လူနာတွေကို test kit တွေနဲ့ များများစစ်လို့ အကျိုးကျေးဇူးရှိသလို များများထွက်လာမယ့် ပိုးတွေ့လူနာ တွေကို ထားရှိဖို့နေရာတွေ၊ ထပ်ကုဖို့နေရာတွေကိုလည်း တပြိုင်တည်း လုပ်ဖို့လိုလာမှာဖြစ်တယ်လို့လည်း သူကပြောပါတယ်။

' ' ဒီ test kit နဲ့စစ်တိုင်းပေါ်လာတိုင်း လူနာတွေကပြင်းထန်မှာမဟုတ်ဘူး။ စစ်တိုင်း ဆေးရုံတက်ရမဲ့ လူတွေပဲဖြစ်မှာမဟုတ်ဘူး။ လူနာကို ၄မျိုးသတ်မှတ်ထားတယ်။ ရိုးရိုးအနံ့ ပျောက်တာ၊ သက်တောင့်သက်သာပဲရှိတဲ့ ၂မျိုးအတွက်က စင်တာတစ်ခုသတ်မှတ်ထားတာရှိတယ်။ ဆေးရုံတက်ဖို့လိုတဲ့သူ တွေကိုလည်း ဆေးရုံတက်နိုင်အောင်စီစဉ်ထားတယ်။ အဲထဲမှာမှ ပြင်းပြင်းထန်ထန်ကုသဖို့လိုတဲ့သူတွေကို ICU တို့ ဒါတွေလည်းပြင်ဆင်ထားပါတယ်။ ပိုးတွေ့သူတိုင်းကို စင်တာတွေပို့ပြီးခွဲခြားထားနိုင်မှ ကူးစက်မှုတွေကိုဖြတ်တောက်နိုင်မှာပါ''လို့ test kit တွေနဲ့ စစ်ဆေးဖို့ ပြင်ဆင်ထားတဲ့အခြေအနေပေါ် ဒေါက်တာသန်းနိုင်စိုးကရှင်းပြပါတယ်။

မိနစ်ပိုင်းအတွင်း ကိုဗစ်ပိုးရှိမရှိ အဖြေသိနိုင်မယ့် test kit ပေါင်း အခုရေ ၂သိန်းကို စစ်ဆေးမှုတွေ စတင်နေပြီး နောက်ထပ် အခုရေ ၂သိန်းကိုလည်းထပ်မံမှာယူထားကာ ရက်ပိုင်းအတွင်း ရောက်လာမှာ ဖြစ်တယ်လို့လည်း သူကပြောပါတယ်။

ထပ်မံရောက်ရှိလာမယ့် သိန်းနဲ့ချီတဲ့ test kit တွေကို ရန်ကုန်သာမက အခြားတိုင်းနဲ့ပြည်နယ်တွေမှာ စစ်ဆေးအသုံးပြုသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနရဲ့ စက်တင်ဘာ ၂၉ ရက်နေ့အထိ ထုတ်ပြန်ချက်တွေအရ မြန်မာနိုင်ငံမှာ ကိုဗစ်အတည်ပြုလူနာ ၁၂၄၂၅ ဦးနဲ့ သေဆုံးသူဦးရေ ၂၈၄ ဦးအထိ ရှိသွားပြီဖြစ်ပါတယ်။


BBC Burmese

https://www.bbc.com/burmese/burma-54025335

ထိုင်းမဲဆောက်မြို့မှ မြန်မာမြဝတီမြို့အတွက် ဆေးအကူအညီပေး

မြန်မာနိုင်ငံကို ထိုင်းနိုင်ငံနယ်စပ် မဲဆောက်မြို့တာဝန်ရှိသူတွေနဲ့ ကုန်သည်တွေက ဆေးဘက်ဆိုင်ရာပစ္စည်း အကူအညီတွေ ပေးအပ်ခဲ့တဲ့ မြင်ကွင်း။ (စက်တင်ဘာ ၂၉၊ ၂၀၂၀)

ကိုဗစ်ရောဂါ ကူးစက်မှုတွေ တိုးလာနေတဲ့ မြန်မာနိုင်ငံကို ထိုင်းနိုင်ငံနယ်စပ် မဲဆောက်မြို့တာဝန်ရှိသူတွေနဲ့ ကုန်သည်တွေက ဆေးဘက်ဆိုင်ရာပစ္စည်း အကူအညီတွေ ပေးအပ်ခဲ့တဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက ပြောပြပါမယ်။

ထိုင်းမြန်မာနယ်စပ် တာ့ခ် ခရိုင် မဲဆောက်မြို့ပိုင်နဲ့ ကုန်သည်ကြီးများအသင်း ထိုင်းကျန်းမာရေးဆိုင်ရာ အဖွဲ့အစည်းတွေက မြန်မာနိုင်ငံ နယ်စပ်မြို့ဖြစ်တဲ့ မြဝတီမြို့အတွက် ကိုဗစ်-၁၉ ကာကွယ်ကုသရေး ဆေးဘက်ဆိုင်ရာပစ္စည်း ၅ တန်လောက်ကို ကုန်တင်ကား ၂ စီးနဲ့ လွှဲပြောင်းပေးလိုက်တာပါ။ ထိုင်းနိုင်ငံက ပေးပို့တဲ့ အကူအညီတွေကိုတော့ မြဝတီခရိုင် အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က လက်ခံရယူခဲ့ပါတယ်။

တာ့ခ်ခရိုင် အုပ်ချုပ်ရေးမှူး Mr. Orrasit Samphantharat ကတော့ ကပ်ရောဂါ ကူးစက်မှုတွေ တိုးလာနေတဲ့ မြန်မာနိုင်ငံကို ဆေးဘက်ဆိုင်ရာ အကူအညီတွေ ပေးအပ်ရတဲ့အကြောင်းကို မနေ့တုန်းက အခုလို ရှင်းပြသွားပါတယ်။

မြဝတီမှာ ကိုဗစ်ရောဂါကူးဆက်ပြန့်ပွားနေတဲ့ နေတာကတော့ လောလောဆယ် မြဝတီအုပ်ချုပ်ရေးအာဏာပိုင်တွေရဲ့ အတည်ပြုချက်အရ ကိုဗစ်လူနာ ငါး ဦးရှိပြီး နှစ်ဦးဟာ ရောဂါပျောက်ကင်းသွားပြီ ဖြစ်ကြောင်းနဲ့ ကူးစက်ခံရသူတွေဟာ ရန်ကုန်ကနေ လာတဲ့သူတွေဖြစ်ပြီး အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်က ကူးစက်တာလို့ သိရှိရကြောင်း တာ့ခ်ခရိုင်အုပ်ချုပ်ရေးမှူးက ထိုင်းဘာသာနဲ့ ပြောဆိုခဲ့တာပါ။

မြန်မာနိုင်ငံမှာ ကပ်ရောဂါ ကူးစက်မှုတွေ တိုးလာနေတာကြောင့် နယ်စပ်ဒေသ အဝင်အထွက်တွေ တင်းကြပ်ထားတဲ့ ထိုင်းနိုငံကတော့ တရားမဝင် နယ်စပ်ဖြတ်ကျော်သူတွေကို ဆက်တိုက်ဆိုသလို ဖမ်းဆီးပြီး စောင့်ကြည့်ရေးစင်တာတွေကို ပို့နေပါတယ်။

ထိုင်း ဒုဝန်ကြီးချုပ်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ Don Pramudwinai က ရောဂါကူးစက်မှုတွေ တကျော့ပြန် ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံကို ကူညီမယ့်အကြောင်း ဒီသီတင်းပတ်ထဲ ဘန်ကောက်မြို့မှာ ကျင်းပခဲ့တဲ့ ကိုဗစ်ကပ်ရောဂါ ကာကွယ်တိုက်ဖျက်ရေး စီမံခန့်ခွဲမှုအဖွဲ့ (CCSA) အစည်းအဝေးအပြီးမှာ ပြောဆိုခဲ့ပြီးနောက် အခုလို ထောက်ပံ့လိုက်တာလည်း ဖြစ်ပါတယ်။

ထိုင်းနိုင်ငံဘက်ကတော့ ကိုဗစ်ရောဂါ နယ်စပ်ဒေသတွေဆီ ပျံ့နှံ့လာနေမှုကို တားဆီးကာကွယ်နိုင်ဖို့အရေး ဆေးဝါးနဲ့ ကာကွယ်ရေး ကုသရေး အတွေ့အကြုံတွေ ဖလှယ် ပူးပေါင်းလုပ်ဆောင်သွားမယ်လို့လည်း ပြောဆိုထားပါတယ်။


မအေးအေးမာ/VOA (Burmese)

https://burmese.voanews.com/a/thai-authorities-myanmar-medical-assistance/5603167.html

ကိုဗစ်ကပ်ဘေး မိသားစုတွေအထောက်အပံ့လိုအပ်နေ


မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေကြောင့် အိမ်ပြင်မထွက်ဖို့ အမိန့်ထုတ်ထားတဲ့ အချိန်မှာ လိုအပ်ရင် ထောက်ပံ့ကူညီဖို့ အစိုးရက ပြင်ဆင်နေရာမှာ ဘယ်လိုလူတွေ အကူအညီလိုနေသလဲဆိုတာကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအိမ့်သန္တာထွန်းက ပြောပြပါမယ်။

ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေကြောင့် လပိုင်းအတွင်းမှာပဲ သေဆုံးသူ ၂၀၀ ကျော်နဲ့ ကူးစက်သူ ၁၀,၀၀၀ လောက် တိုးလာရာက ရန်ကုန်တိုင်း တခုလုံးနီးပါး အိမ်ပြင်မထွက်ဖို့ အမိန့်ထုတ်ထားတာကြောင့် အခက်အခဲဖြစ်တဲ့သူတွေလည်း တိုးလာနေပါတယ်။ အစိုးရက အခြေခံလူတန်းစားတွေ အပါအဝင် အကူအညီလိုသူတွေကို ထောက်ပံ့တာတွေ ရှိခဲ့ပေမဲ့ နယ်မြို့တွေကလာပြီး အလုပ်လုပ်နေသူတွေလို ရန်ကုန်မှာရှိတဲ့ တချို့သူတွေ အထောက်အပံ့ မရတာတွေလည်း ရှိပါတယ်။ ရခိုင်ပြည်နယ်ကလာပြီး ရန်ကုန်မှာ စက်ချုပ်လုပ်ငန်းလုပ်တဲ့ မအေးအေးမှုံက သူကြုံနေရတဲ့ အခက်အခဲတွေကို ခုလိုပြောပြပါတယ်။

“ဒီအတိုင်းပဲ ထိုင်နေရတာပေါ့။ ဘာအလုပ်မှမရှိတာ။ မကြီးတို့က စက်ချုပ်တဲ့သူတွေဆိုတော့ ပွဲလမ်း သဘင်၊ သွားမယ့်လာမယ့် နေရာတွေရှိမှ ချုပ်ရတာဆိုတော့ ခုက ဘယ်မှလဲ မသွားမလာရတော့ ဘာမှ လဲ မလုပ်ရဘူး။ တစ်လ တစ်လ အိမ်လစာနဲ့ စားတာသောက်တာနဲ့ မရှိရှိတာ ပေါင်စားရောင်းစားတော့လည်း၊ ရှိတာတွေလည်း မရှိတော့ဘူး။ အဲ့ဒီရောဂါဖြစ်ပြီဆိုကတည်းက သူများတွေဆီမှာ (ထောက်ပံ့ကြေး) ပေးတာတော့ ကြားဖူးတယ်။ မကြီးတို့ရပ်ကွက်မှာ တစ်ခါမှမပေးသေးဘူး။ ဘာတစ်ခုမှလည်း မပေးဘူး။ သူတို့စာထဲမှာတော့ အိမ်ထောင်စုရှိတဲ့သူတိုင်း ရမယ်လို့တော့ ရေးထားတာပဲ။ မကြီးတို့က နယ်ကလာတာဆိုတော့ အိမ်ထောင်စုတော့ မရှိဘူးပေါ့လေ၊ အိမ်ငှားနေတာ ဆိုတော့။ အဲ့လိုကြောင့် မို့လို့လားတော့ မသိပါဘူး။ တချို့ရပ်ကွက်တွေမှာတော့ အိမ်ပိုင်ရှိတဲ့သူတွေ ရတယ်။ အိမ်ငှားတွေ မရဘူးလို့တော့ ကြားတာပဲ။ တစ်ခုမဟုတ်တစ်ခုတော့ ဖြေရှင်းစေချင်တယ်။ မဟုတ်ရင် ပိုက်ဆံပေး၊ မဟုတ်ရင် အလုပ်ပေးပေါ့။”

ရန်ကုန်တိုင်းအတွင်း အိမ်ပြင်မထွက်ဖို့ အမိန့်ထုတ်ပြန်ထားချိန်မှာပဲ လိုအပ်ရင် အကူအညီပေးဖို့ဆိုပြီး မကြာသေးခင်ကစ စာရင်းကောက်ယူ တာတွေလည်း ရှိပါတယ်။ သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးကတော့ ရန်ကုန်တိုင်းဒေသကြီးအတွင်း အိမ်မှာနေဖို့ အမိန့်ထုတ်ထား ချိန်မှာ လိုအပ်ရင် အထောက်အပံ့တွေ ပေးနိုင်အောင် ကြိုတင်ပြင်ဆင်ထားတာဖြစ်ကြောင်း အွန်လိုင်းကနေ ပြောဆိုထားတာပါ။ ရောဂါပြန့်ပွားမှုကို ထိန်းချုပ်နိုင်ဖို့ အဆက်အသွယ်တွေ ဖြတ်တောက်ထားရတဲ့ နောက်ဆုံးအခြေအနေရောက်လာရင် အခက်အခဲမရှိအောင် ကြိုတင်ပြင်ဆင်ထားတာလို့လည်း သတင်းထောက်တွေကို ပြောဆိုထားပါတယ်။

စီးပွားရေး ပညာရှင် ဒေါက်တာဇော်ဦးကတော့ အစိုးရက ကပ်ရောဂါကာလ အကူအညီပေးတဲ့နေရာမှာ လိုအပ်တဲ့သူတွေကိုသာ ထိရောက်အောင် ထောက်ပံ့နိုင်ဖို့ အရေးကြီးတယ်လို့ သုံးသပ်ပါတယ်။

“ခုအချိန်က ဦးစားပေးကို ပိုပြီးတော့ သတ်မှတ်ပြီး ဆောင်ရွက်ဖို့က အရေးကြီးပါတယ်။ အဲ့တော့ ဒီဟာကလည်း နိုင်ငံတကာ ဆင်းရဲမှု လျှော့ချရေးတွေမှာ အခုလိုမျိုး ကိုဗစ်ကာလမှာသူတိုပြောတာတော့ Target ပေါ့၊ ဘယ်သူ တွေကို ထိထိရောက်ရောက် ကူပေးချင်လဲ။ ထိထိရောက်ရောက် ကူပေးချင်တဲ့သူကို ပိုပြီးတော့ ဦးစားပေးသတ်မှတ်မယ်။ သူတို့ဆီကို အမြန်ဆုံးနှင့် ရောဂါကူးစက်မှု သက်သာအောင် ပေးနိုင်ဖို့ လိုတယ်၊ ခုကာလမှာ။ အဲ့တော့ အားလုံးတပြေးညီပေးရမယ်ဆိုရင် နံပတ် ၁၊ ရတဲ့ ပမာဏက နည်းသွားမယ်။ ရန်ကုန်မြို့မှာရှိတဲ့ လူ ၇,၀၀၀,၀၀၀ လုံးကို ပေးမယ်ဆိုရင်တော့ တစ်ယောက်ကို တစ်ကျပ်ပဲ ရမယ်။ အဲ့ဒီမှာ လူ ၇၀,၀၀၀ လောက်ကိုပဲ သေသေချာချာ ဦးစားပေးသတ်မှတ်ပေးမယ်ဆိုရင်တော့ တစ်ယောက်ကို တစ်ထောင်လောက်ထိ ရသွားမယ်။ အဲ့တော့ ပြောရရင်တော့ အဲ့ဒီ ရှုထောင်က ကြည့်ပြီးရင် ထိရောက်မှု ပိုရှိတယ်။ အများကြီးကို အကုန်လုံး တပြေးညီပေးလိုက်တယ်ဆိုတာကတော့ နိုင်ငံရဲ့ စေတနာလို့ တစ်ဘက်က ပြောလို့ရပေမဲ့ တကယ်တမ်းက ဝေဒနာဖြစ်သွားဖို့များတယ်။”

ရန်ကုန်တိုင်းအတွင်း ကိုဗစ်ကပ်ရောဂါကူးစက်မှု မြင့်မားလာတဲ့အတွက် ကူးစက်မှုတွေကို ကာကွယ်ဖို့ စက်တင်ဘာလ ၂၄ ရက်နေ့ကနေ အောက်တိုဘာလ ၇ ရက်နေ့အထိ နေအိမ်မှာပဲ နေကြဖို့ အမိန့်ထုတ်ပြန်ထားပြီး၊ မဖြစ်မနေ လုပ်ငန်းတချို့မှာ လုပ်ကိုင်နေသူတွေကိုသာ သွားလာခွင့်ပြုထားပါတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့အစောပိုင်းအထိ ထုတ်ပြန်ချက်အရ ကိုဗစ်ရောဂါကြောင့် သေဆုံးသူ ၂၈၂ ယောက် နဲ့ ကူးစက်သူ ၁၂,၀၀၀ ကျော် ရှိနေပါတယ်။


အိမ့်သန္တာထွန်း/VOA (Burmese)

https://burmese.voanews.com/a/myanmar-covid-cash-assistance/5603153.html

ရန်ကုန်မှာ ‌ဆိုင်အများစု ပိတ်လိုက်လို့ ကုန်ဈေးနှုန်းတက်မှာ စိုးရိမ်နေ


လူဦးရေ ၆ သန်းဝန်းကျင်နေထိုင်ရာ ရန်ကုန်မြို့မှာ အဓိက ဈေးကြီးတွေဖြစ်တဲ့ ဘုရင့်နောင် ကုန်စည်ဒိုင်၊ ဗဟိုစံပြငါးဈေး၊ သီရိမင်္ဂလာဈေးနဲ့ ဒညင်းကုန်းဈေးတွေမှာ ဈေးဆိုင်ခန်း အများအပြား ပိတ်သိမ်းထားပြီး ကုန်ဈေးနှုန်းလည်း အနည်းငယ်တက်နေပါတယ်။

မြန်မာတစ်နိုင်ငံလုံးကို ရေထွက်ကုန်ပစ္စည်း တင်ပို့ရောင်းချတဲ့ ဗဟိုစံပြငါးဈေးမှာ ဆိုင်ခန်း ၈၀ ရာခိုင်နှုန်း လောက်က ပိတ်ထားတာကြောင့် ပင်လယ်စာကုန်အဝင် နည်းပါးလာပြီး ရေချိုငါးတွေလည်း ဈေးတက်နေပါတယ်။

ဆိုင်တွေ ပိတ်ကုန်ရတာဟာ ကုန်အဝင် နည်းပါးတဲ့အချက်အပြင် ကုန်စည်ပို့ဆောင်ရာမှာလည်း မြို့တွေကို ဖြတ်သန်းသွားလာရ ခက်ခဲတာကြောင့် ရောင်းချတာတွေကို ရပ်ဆိုင်းလိုက်ကြတာလို့ ဈေးသာယာရေးအဖွဲ့ဝင် ပြည့်ဖြိုးအောင် ငါး၊ ပုဇွန်ရောင်းဝယ်ရေး ပိုင်ရှင် ဦးကျော်သူက ပြောပါတယ်။

“၈၀ ရာခိုင်နှုန်းလောက် ပိတ်ထားတယ်၊ တချို့က ကြောက်လို့နားတာ တချို့က အကန့်အသတ်တွေကြောင့် နယ်တွေက မဝင်လို့ နားတာ၊ ပင်လယ်စာက လုံးလုံးမဝင်ဘူး၊ ရေချိုလည်းတက်တယ် ။ ဒီတိုင်းဆက်သွားရင် ဒီမှာလည်း တဖြေးဖြေးပါးသွားလိမ့်မယ်။ အဓိက အဝင်အထွက်ပဲ ရန်ကုန်ဈေးကိုရောက်လို့ မြို့တွေကို သွားရင်လည်း မြို့စဉ်ချသွားလို့ရရင်တမျိုးပေါ့ ဟိုကတား ဒီကပိတ်နဲ့ သွားရတာ ခက်တယ် အဲဒီအပိုင်းတွေ လည်း ပါတာပေါ့”

ရေချိုငါးလည်း အဝင်နည်းပါးသွာပြီး ငါးအမျိုးအစားအလိုက် တစ်ပိဿာကို ကျပ် ၁၀၀ ကနေ ၁၀၀၀ လောက်အထိ ဈေးတက်နေတယ်လို့ ဆိုပါတယ်။

ဆန်၊ ဆီ၊ ဆား၊ ငြုတ်၊ ကြက်သွန်နဲ့ ကုန်ခြောက်တွေ အဓိကရောင်းချနေတဲ့ ဘုရင့်နောင်ကုန်စည် ဒိုင်မှာလည်း ဆိုင်ခန်း လေးပုံ တစ်ပုံလောက်သာ ဖွင့်တော့တယ်လို့ ပွဲရုံဝင်းအတွင်းက အောင်ဇမ္မူ ဆန်ပွဲရုံ ပိုင်ရှင် ဦးရဲနောင်စိုးက ပြောပါတယ်။

“တချို့ဆိုင်တွေက ကိုယ့်သဘောနဲ့ကိုယ်ပိတ်တယ်၊ တချို့ကတော့ ဖွင့်ထားတယ်၊ တော်တော်နည်းသွားပြီ လေးပုံတစ်ပုံလောက်ပိတ်ထားပြီ ပြီးခဲ့တဲ့ တစ်ပတ်လောက် တနလာၤနေ့ကတည်းက ပိတ်သွားကြတာ”

ဆန်ဈေးကတော့ မြင့်တက်လာတာမရှိဘူးလို့ ဆိုပါတယ်။

ဟင်းသီး ဟင်းရွက်ဈေးဖြစ်တဲ့ သိရိမင်္ဂလာဈေးနဲ့ ဒညင်းကုန်းဈေးကြီးတွေမှာလည်း ဆိုင်ခန်းအများအပြား ပိတ်ထားပြီး ကုန်ပစ္စည်းက အဝင်နည်းသလို ပြန်လည်ရောင်းချရာမှာလည်း အမှာနည်းလာတယ်လို့ ဈေးသည်တွေက ပြောပါတယ်။

အင်းစိန်မြို့နယ်မှာ နေထိုင်တဲ့ အိမ်ရှင်မ တစ်ဦးဖြစ်တဲ့ မပိုင်ပိုင်က ရပ်ကွက်ဈေးထဲမှာ ဈေးသည်တွေ နည်းသွားသလို ဈေးနှုန်းတွေကလည်း တက်လာတယ်လို့ ဈေးဝယ်ရတဲ့ အခြေအနေကို ပြောပါတယ်။

“အောင်ဆန်းဈေး သွားနေကြဈေးထဲမှာ ဝက်သားအမဲသားဆိုင်တောင် မရှိတော့ဘူး၊ ကြက်သားနဲ့ ငါးဆိုင်ပဲရှိတော့တယ်၊ ဈေးတွေကတော့ တက်သွားတယ်၊ အသီးအရွက်တွေကအစ အာလူး၊ ကြက်သွန် အာလူးက ပိုဈေးတက်တယ်၊ အသီးအရွက်တွေလည်း အရင်က ဂေါ်ဖီတစ်စိတ်ဆို ၃၀၀ အခု ၅၀၀ ဝယ်ရတယ်၊ ခရမ်းချဉ်သီးဆိုလည်း အရင်ကလို ၂၀၀၊ ၃၀၀ မရတော့ဘူး ဈေးထဲမှာလည်း အသည်မရှိတော့ဘူး ရှိတဲ့အသည်မှာပဲ ဝယ်ရတယ် သူတို့ဈေးအတိုင်းပဲ”

အရင် အာလူးတစ်ပိဿာ ၁၀၀၀ ကျပ်က ၁၈၀၀ ကျပ်၊ ကြက်သွန်နီတစ်ပိဿာ ၇၀၀ ကျပ်က ၁၂၀၀ ကျပ်၊ ဂေါ်ဖီတစ်ထုပ် ၁၂၀၀ ကျပ်က ၁၅၀၀ ကျပ်၊ ခရမ်းချဉ်သီး တစ်ဆယ်သား ၃၀၀ ကျပ်က ၅၀၀ ကျပ် စသဖြင့် ဈေးတက်လာတာဖြစ်ပါတယ်။

ဈေးဆိုင်ခန်းပိုင်ရှင်တွေက ကိုယ့်သဘောနဲ့ကိုယ် ပိတ်ကြတာပါ။ အများစုက ကျန်းမာရေး ဝန်ကြီးဌာနက ရန်ကုန်တိုင်းအတွင်း စက်တင်ဘာ ၂၁ ရက်ကနေ အောက်တိုဘာ ၇ ရက်နေ့အထိ နေအိမ်မှာပဲနေဖို့  ထုတ်ပြန်လိုက်ပြီးနောက် ပိတ်သိမ်းလိုက်ကြတာ ဖြစ်ပါတယ်။

ဒီလိုပိတ်သွားကြရတာဟာ ရောဂါကူးစက်ခံရမှာ စိုးရိမ်တဲ့အတွက် ပိတ်တဲ့သူတွေရှိသလို ကုန်အဝင် မရှိတော့တာကြောင့် ပိတ်လိုက်တဲ့သူတွေလည်း ရှိနေပါတယ်။

“ကုန်ကဝင်တယ် ကားတွေက ရောက်ချိန်မမှန်တော့ ဘယ်လိုသွားရောင်းမလဲ၊ ကိုယ်ရောင်းရမယ့်အချိန်နဲ့ သူရောက်တဲ့အချိန်က တလွဲစီဖြစ်နေတယ်၊ ဒီနေ့ရောက်တဲ့ကုန်က မနက်ဖြန်မှရောင်းရသလိုဖြစ်နေတော့ ကုန်တွေက မလတ်တော့ဘူး၊ ရာသီကုန်တွေက အဲလိုဖြစ်တယ် ပင်လယ်စာတွေကတော့ ဆိုင်တွေက ပါဆယ်ဆိုတော့ မရောင်းရဘူး၊ ကိုယ်တွေကမှာရင် တစ်ပုံး၊ နှစ်ပုံးမှာရတယ်၊ ရေခဲရိုက်ထားရတာ တစ်ရက်နှစ်ရက်ပဲ ထားလို့ရတယ်၊ ရောင်းလည်းမရောင်းရ သိပ်ပြီးလဲမမြတ်တော့ အဲဒါကြောင့် ပိတ်လိုက်တာ”

ဒညင်းကုန်းဈေးမှာ ရခိုင်ပြည်နယ်ကလာတဲ့ ကုန်စည်တွေကို ရောင်းချနေတဲ့ မတင်ဇာ ပြောသွားတာပါ။

နယ်ဒေသတွေက ကုန်အဝင်ကားတွေ မြို့တွေကို ဖြတ်သန်းသွားလာရာမှာ တားဆီးစစ်ဆေးမှု အခြေအနေကြောင့်   ကုန်စည်စီးဆင်းမှု လျော့နည်းလာတဲ့တာကြောင့် ကုန်ဈေးနှုန်း တက်လာတာဖြစ်တယ်လို့ ဆိုပါတယ်။

ဗိုင်းရပ်စ်ကာကွယ် ထိန်းချုပ်ရေးကာလမှာ ကုန်စည်စီးဆင်းမှု လွယ်ကူအဆင်ပြေစေဖို့ အမျိုးသားအဆင့် ကိုဗစ်ကော်မတီက မြို့နယ်အသီးသီးက အာဏာပိုင်တွေကို ညွှန်ကြားချက် စာထုတ်ထားပြီးဖြစ်တယ်လို့ ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဝင်းခန့်က ပြောပါတယ်။

“ကုန်တင်မော်တော်ယာဉ်တွေအားလုံးက သက်ဆိုင်ရာ အာဏာပိုင်တွေရဲ့ ကွပ်ကဲမှုအောက်မှာရှိတဲ့ အသင်းတွေနဲ့ တိုက်ရိုက်ပတ်သက်ပြီး အုပ်ချုပ်လို့ပါ။ အဲဒါတွေဖြစ်နေတယ်ဆိုတာ ကြားသိရတဲ့အတွက် ကိုဗစ်ဗဟိုကော်မတီကြီးက ဒါတွေမဖြစ်ဖို့ဆိုပြီး ညွှန်ကြားချက်စာ ထုတ်ထားပြီးသားပါ”

ကပ်ဘေးကာလ ကန့်သတ်ချက်တွေကြောင့် ကုန်စည်သယ်ယူပို့ဆောင်ရေးမှာ အခက်အခဲတွေ ရှိနေပြီး ကုန်စည်စီးဆင်းမှု မြန်ဆန်ကောင်းမွန်ရေးအတွက် တိကျတဲ့လမ်းညွှန်ချက်တွေ ထုတ်ပြန်သင့်သလို အောက်ခြေကလည်း လိုက်နာဖို့ လိုအပ်နေတယ်လို့ ကုန်စည်ဒိုင်တွေက ထောက်ပြထားပါတယ်။

ဒီလိုမျိုး ကုန်စည်စီးဆင်းဖို့ ဆက်လက်ခက်ခဲနေပြီး ကုန်အဝင်ရှားပါးသွားမယ်ဆိုရင် ကုန်စည်ဒိုင်တွေ အားလုံးနီးပါး ရပ်နားသွားနိုင်ပြီး ကုန်ဈေးနှုန်း ထိန်းချုပ်လို့မရ ဖြစ်သွားနိုင်တာကြောင့် အဆင်ပြေအောင် စီမံပေးစေလိုတယ်လို့ ပြောဆိုနေကြပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/ygn-market-prices-09302020043859.html 

နှင်းဆီပါတီဥက္ကဋ္ဌကို ထိန်းသိမ်းလိုက်ပြီလို့ သမ္မတရုံး အတည်ပြု

နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်ကို တွေ့ရစဉ်

Photo: United Democratic Party-UDP


နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်ကို ရဲတပ်ဖွဲ့က ပုဒ်မ ၂၂၄ နဲ့ မနေ့ညက အမှုဖွင့် ဖမ်းဆီးထားတယ်လို့ နိုင်ငံတော်သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေးက ဒီနေ့ နေ့လယ်ပိုင်းမှာ ပြောပါတယ်။

ဦးကျော်မြင့်ကို မနေ့ညက ရဲတပ်ဖွဲ့က သူ့ရဲ့နေအိမ်မှာ ဝင်ရောက် ဖမ်းဆီးလိုက်တာဖြစ်ကြောင်း၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၂၂၄ အရ အမှုဖွင့်ထားတဲ့ ရဲဘက်ပြေး ဖြစ်တဲ့အတွက် ရဲဝရမ်းနဲ့ ဖမ်းတာဖြစ်တယ်လို့ ဦးဇော်ဌေးက သမ္မတအိမ်တော် သတင်းထောက်တွေကို အွန်လိုင်းစာမျက်နှာကနေ ပြောတာ ဖြစ်ပါတယ်။

ဦးကျော်မြင့်နဲ့ ပတ်သက်တဲ့ တခြားစွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး စိစစ်၊ ဖော်ထုတ်နေတယ်၊ ရဲလုပ်ငန်းတွေ မပြီးပြတ်သေးဘဲ ဆက်လက် ဆောင်ရွက်နေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၂၄ အရ မည်သူမဆို မိမိအားစွဲဆိုသော ပြစ်မှုအတွက်ဖြစ်စေ၊ ပြစ်မှုထင်ရှား စီရင်သောပြစ်မှုအတွက်ဖြစ်စေ ဥပဒေနဲ့အညီ ဖမ်းဆီးသည်ကို တမင်ခုခံလျှင် သို့မဟုတ် ဥပဒေနဲ့ ဆန့်ကျင်ပြီး ဟန့်တားလျှင်၊ သို့မဟုတ် ထိုပြစ်မှုအတွက် ဥပဒေနဲ့အညီ ချုပ်ထားရာမှ ထွက်ပြေးလျှင် သို့မဟုတ် ထွက်ပြေးဖို့ အားထုတ်လျှင် ထိုသူကို နှစ်နှစ်အထိ ထောင်ဒဏ် တစ်မျိုးမျိုး ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမယ်လို့ ဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ ရက်နေ့က နေပြည်တော် အိမ်တော်သတင်းထောက်တစ်ဦးက ညီညွတ်သောဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့်ဟာ ရာဇဝတ်မှုနဲ့ထောင်ကျပြီး ထွက်ပြေးသွားတယ်ဆိုတာ ပေါ်ပေါက်နေတဲ့အတွက် သူ့ကို တစ်စုံတစ်ရာ အရေးယူဖို့ စီစဉ်နေသလား၊ ဦးကျော်မြင့်ဟာ ထောင်ပြေးဖြစ်လျက်နဲ့ နိုင်ငံတော်က ဘယ်လိုသတ်မှတ်ချက်တွေနဲ့ ညှိနှိုင်းလက်ခံခဲ့တာလဲ၊ ဦးကျော်မြင့် ကိုင်ဆောင်ထားတာ တရုတ်နိုင်ငံကူးလက်မှတ်လား၊ ကနေဒါနိုင်ငံက ထုတ်ပေးတဲ့ ခရီးသွားလက်မှတ်လား စသဖြင့် သမ္မတရုံးကို မေးမြန်းခဲ့တာပါ။

ဒီမေးမြန်းချက်နဲ့ပတ်သက်ပြီး ဦးဇော်ဌေးက မေးခွန်းပါအချက်အားလုံးနဲ့ စပ်လျဉ်းပြီး သက်ဆိုင်ရာ လုံခြုံရေး အဖွဲ့အစည်းတွေက လိုအပ်တဲ့ စုံစမ်းစိစစ်မှုတွေ ဆောင်ရွက်နေတယ်လို့ စက်တင်ဘာ ၂၉ က ပြန်လည်ဖြေကြားခဲ့ပါတယ်။

ဒီလိုဖြေကြားပြီးနောက် စက်တင်ဘာ ၂၉ ညပိုင်းမှာပဲ ရဲတပ်ဖွဲ့က ဦးကျော်မြင့်ကို ဖမ်းဆီးခဲ့တာပဲ ဖြစ်ပါတယ်။

နှင်းဆီပါတီလို့ လူသိများတဲ့ ညီညွတ်သောဒီမိုကရက်တစ်ပါတီ UDP ဟာ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း ၁၁၄၃ ဦးနဲ့ NLD ပါတီပြီးရင် မဲဆန္ဒနယ် ဒုတိယ အများဆုံး ဝင်ရောက် ယှဉ်ပြိုင်မယ့် ပါတီဖြစ်ပါတယ်။

ပါတီရဲ့ ဥက္ကဋ္ဌဖြစ်သူ ဦးကျော်မြင့်(ခ) ဇခုန်ဇုန်းဆောင်နဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေရှိလာသလို မေးခွန်းထုတ်မှုတွေလည်း ရှိနေပါတယ်။

သူဟာ UWSA ဝ တပ်ဖွဲ့နဲ့ ပတ်သက်ဆက်နွယ်မှုတွေ ရှိတဲ့သူဖြစ်သလို စစ်အစိုးရလက်ထက်က သူရဲ့ မြန်မာကျုံယွမ် ကုမ္ပဏီကို အမည်ပျက်စာရင်းသွင်း၊ ထောင်ဒဏ် ချမှတ်ခံခဲ့ရပြီးနောက် ထွက်ပြေး လွတ်မြောက်သွားသူလို့လည်း လူသိများပါတယ်။

နှင်းဆီပါတီ ခေါ် ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (UDP) ကို ၂၀၁၀ ပြည့်နှစ် မေလက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှာ တရားဝင်မှတ်ပုံတင်ခဲ့တာ ဖြစ်ပြီး ခွင့်ပြုတဲ့ ပါတီအမှတ်စဉ်က (၁၆) ဖြစ်တယ်လို့ ရွေးကောက်ပွဲကော်မရှင် မှတ်တမ်းတွေအရ သိရပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/udp-rose-party-u-kyaw-myint-arrested-09302020085310.html

မြန်မာတဝှမ်း လွှတ်တော်နေရာအများဆုံးဝင်ရောက်ယှဉ်ပြိုင်မည့် နှင်းဆီပါတီ ဥက္ကဌ ဖမ်းဆီးခံရ


လာမည့်အထွေထွေရွေးကောက်ပွဲတွင် လွှတ်တော်နေရာအများဆုံးဝင်ရောက်ယှဉ်ပြိုင်မည့် နှင်းဆီပါတီ ခေါ် UDP ပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့်အား ထောင်ပြေးမှု ဖြင့် ရဲများ အမှုဖွင့်လိုက်ကြောင်း သတင်းရရှိသည်။

နှင်းဆီပါတီ သည် ၂၀၂၀ ရွေးကောက်ပွဲတွင် မြန်မာနိုင်ငံလုံး အတိုင်းအတာ အရ ဒုတိယ အများဆုံးဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီ တခုဖြစ်ကြောင်းသိရသည်။

လက်ရှိမှာ ဦးကျော်မြင့်(ခ) ဇခုန်ဇုန်းဆောင် ကို စက်တင်ဘာ ( ၂၉ ) ရက် ညက ထောင်ပြေးမှု ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၂၂၄ ဖြင့် ရဲတပ်ဖွဲ့က အမှုဖွင့်လိုက်ကြောင်း နိုင်ငံတော် သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေး က မီဒီယာများကို ပြောဆိုလိုက်သည်။

ဦးကျော်မြင့် နိုင်ငံရေးလောက ထဲဝင်ရောက်လာပြီး မြန်မာနိုင်ငံတွင်ဒုတိယ နေရာအများဆုံးအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်သည့် ပါတီ တွင် ဥက္ကဌ ဖြစ်သည့်အပေါ် နိုင်ငံရေးလောကတွင် ဂယက်ထလာခဲ့သည်။

“နှင်းဆီ ဥက္ကဋ္ဌ ကျော်မြင့်လိုဟာမျိုးကျတော့ နိုင်ငံရေး ပြဿနာမဟုတ်ပါဘူး။ ဗမာပြည်နိုင်ငံရေးအသိုင်းအဝိုင်းမှာ ကျော်မြင့်ဆိုတာ ဘယ်နေရာမှာမှ မပါဖူးဘူး။ ဘယ်နိုင်ငံရေး လှုပ်ရှားမှုမှ မပါဘူး။ ဗမာပြည်ကွန်ရက်ပါတီမှာ ပါခဲ့တယ် ဆိုတာတွေ အကုန်လိမ်ညာတာတွေ ဗမာပြည်ကွန်ရက်ဆိုတာ တကယ်တမ်း ပါခဲ့တဲ့သူ မဟုတ်ပါဘူး” မြန်မာ့ နိုင်ငံရေး လေ့လာ သုံးသပ်သူ ဦးမောင်မောင်စိုး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

နှင်းဆီပါတီ ဥက္ကဋ္ဌ က ငြိမ်းချမ်းရေးမှာ ပါဝင်ခဲ့ဖူးသူ မြန်မာ့နိုင်ငံရေးထွက်ပေါက်အဖြစ် ရွေးကောက်ပွဲစနစ်ကို စတင်ဖော်ထုတ်ခဲ့သူ ဖြစ်ကြောင်း စက်တင်ဘာ ၂၆ ရက်က ရုပ်သံ ဗီဒီယိုဖြင့် Live လွှင့်ပြီး ပြောဆိုခဲ့သည်။

“ဘယ်တပ်ဖွဲ့မှလည်း မပါဖူးသလို ဘယ်ငြိမ်းချမ်းရေး လုပ်ငန်းမှလည်း မပါဖူးဘူး။ ဗမာပြည် နိုင်ငံရေးမှာလည်း ဘယ်လှုပ်ရှားမှုမှလည်း မပါခဲ့ဖူးဘူး” ဟု ဦးမောင်မောင်စိုး က ပြောသည်။

၎င်းအနေဖြင့် နိုင်ငံရေးအတွင်း ဝင်လာနိုင်အောင် မည်သည့်ကျောထောက်နောက်ခံပြုမှုရှိထားသည်ကို လေ့လာဖို့လိုအပ်ကြောင်းလည်း ဦးမောင်မောင်စိုးကပြောသည်။

“အလိမ်အညာများနဲ့ လူထုပါတီ မြန်မာ့နိုင်ငံရေးထဲ ငြိမ်းချမ်းရေးကို ရှုပ်ဖို့ ကြိုးစားတဲ့သူဖြစ်တဲ့ အတွက်ကြောင့်မလို့ လက်ရှိ နိုင်ငံရေး လှုပ်လှုပ်ရှားရှား ဖြစ်နိုင်စရာ အကြောင်းမရှိဘူး” ဟု ဦးမောင်မောင်စိုး ကပြောသည်။

လက်ရှိမှာ နှင်းဆီ ပါတီ သည် မြန်မာတဝှမ်းသာမက သျှမ်းပြည်တွင်လည်း နေရာအနှံ့ပါတီ ဆိုင်းဘုတ်များထောင်ကာ ပါတီစည်းရုံးရေးများဆင်းနေသည့် အပြင် ငွေကြေး အများဆုံး အသုံးပြုကာ မဲဆွယ်နေသည့် ပါတီ တခုလည်းဖြစ်ကြောင်း နိုင်ငံရေးစောင့်ကြည့်လေ့လာသူများက သုံးသပ်ပြောဆိုနေကြသည်။

“ လောလောဆယ်မှာတော့ သူအဖမ်းခံရရင်လည်း ထောက်ပံ့မှုတွေ ရပ်သွားရင်တော့ သူ့လူတွေရဲ့ စည်းရုံး လှုပ်ရှားမှုတွေလည်း ရပ်သွားလိမ့်မယ်လို့ ထင်ပါတယ်” ဟု ဦးမောင်မောင်စိုးက ပြောသည်။

၁၉၉၈ ခုနှစ် ဇန်နဝါရီ ၁ ရက်က ဦးကျော်မြင့်ကို ပုဒ်မ ၂ ခုဖြင့် ထောင်ဒဏ် ၉ နှစ်ချမှတ်ခဲ့သည်။ တစ်နှစ်အကြာ ၁၉၉၉ ဇန်နဝါရီ ၁၉ ရက်တွင် မန္တလေးပြည်သူ့ဆေးရုံကြီးတွင် အကျဉ်းသားအဖြစ် ဆေးကုသရန် ရောက်ရှိနေစဉ် တာဝန်ကျ ရဲဒုတပ်ကြပ် လူမော်ဆိုသူနှင့် အတူ ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း Myanmar Now က ရေးသားထားသည်။

မြန်မာနိုင်ငံရေး၊ ကမ္ဘာ့နိုင်ငံရေး ခြေရှုပ်မခံရအောင် နောက်ခံအကြောင်းအရာများကို အသေးစိတ်လေ့လာရန် လိုအပ်ကြောင်းလည်း နိုင်ငံရေး အသိုင်းအဝန်းက ပြောဆိုလိုက်သည်။

နှင်းဆီပါတီသည် ၂၀၂၀ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း ၁၁၄၃ ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်းသိရသည်။


SHAN News (Burmese Version)

https://www.facebook.com/shannewsburmese

အမ်းမြို့နယ်၌ ၂ ရက်အတွင်းလက်ပြန်ကြိုးတုတ်ထားသည့် အလောင်းနှစ်လောင်းရေထဲတွင်တွေ့


နိရဥၥရာ၊ စက္တင္ဘာ ၃ဝ/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ၂ ရက်အတွင်း လက်ပြန်ကြိုးတုတ်ပြီး သေဆုံးနေသည့် အမည်မသိ အလောင်းနှစ်လောင်းကို ရေထဲတွင် ဒေသခံများက တွေ့ခဲ့ကြရသည်ဟု သတင်းရရှိသည်။

ပထမ တစ်လောင်းကို စက်တင်ဘာ ၂၇ ရက်နေ့က  အမ်းမြို့နယ်၊ စခန်းမော်အုပ်စု၊ အိုးပုံတောင်ကျေးရွာအနီး တစ်မိုင်ခန့်အကွာ မြောက်ဦးချောင်းထဲတွင် တွေ့ရှိခဲ့ရပြီး လက်ကိုနောက်ပြန်ကြိုးတုတ်ကာ မျက်နှာကို အဝတ်စဖြင့် ဖုံးအုပ်ထားသည်ဟု သိရသည်။

စက်တင်ဘာ ၂၈ ရက်နေ့တွင် ဒုတိယ တစ်လောင်းကို အမ်းချောင်းဝ၊ ဖေသာမော် အပေါက်တွင် တွေ့ခဲ့ရပြီး ၎င်းလူသေအလောင်းမှာလည်း လက်ကို နောက်ပြန်ကြိုးတုတ်ချည်ထားပြီး မျက်နှာကို အဝတ်စဖြင့် စည်းထားပြီး သေနေသည်ကို တွေ့ခဲ့ရသည်ဟု ဒေသခံများက ပြောသည်။

အမ်းမြို့နယ်မှ လူမှုရေး လှုပ်ရှားနေသူ ကိုမျိုးလွင်က “ စက်တင်ဘာ ၂၇ ရက်နေ့ က တွေ့တဲ့ အလောင်းကိုတော့ ဒေသခံတွေက ရဲစခန်းကို အကြောင်းကြားတဲ့ အတွက် ရဲတပ်ဖွဲ့က လာယူ သွားပါတယ်။ အမ်းချောင်းဝမှာတွေ့တဲ့ နောက်တစ်လောင်းကတော့ ပုပ်ပွနေပြီ ဖြစ်တဲ့အတွက်  ဒေသခံတွေကဘဲ မြေမြုပ် သင်္ဂြိုလ်လိုက်တယ်လို့ သိရပါတယ်” ဟု ပြောကြားသည်။

အလောင်းနှစ်လောင်းကို ရက်နှင့် နေရာခြားပြီး တွေ့ရှိသော်လည်း အမှုမှာဆက်စပ်ပုံရကြောင်း၊ ယခု အခင်းဖြစ်ပွားသော မြောက်ဦးချောင်းပတ်ဝန်းကျင်တွင် သစ်မှောင်ခိုအဖွဲ့များ၊ ဗမာပြည်ဘက်သို့ လူပို့သည့် လူမှောင်ခိုသမားများ ကျက်စားရာနေရာဖြစ်ကြောင်း သိရသည်။

“ သေဆုံးနေတဲ့လူတွေက ဒီဒေသက လူတွေမဟုတ်ဘူး။ သေဆုံးသွားတဲ့သူတွေက ဒေသခံတွေ အပြောအရ ဒီဒေသက လူတွေမဟုတ်ဘူးပေါ့နော်။ ပီးရင် ရွာတွေမှာလည်း လူပျောက်နေတာတွေ မရှိဘူး။ ရုပ်အလောင်းတွေက ပျက်စီးနေပြီဖြစ်တဲ့အတွက် ဒဏ်ရာတွေပါလား၊ ဘယ်လို သေတယ်ဆိုတာတော့ ဘယ်သူမှ မပြောနိုင်ပါဘူး” ဟု ကိုမျိုးလွင်က ပြောကြားသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး အမ်းမြို့မရဲစခန်းမှူးသို့ ဆက်သွယ်ရာ တန်းစီနေသည်ဟု ပြောဆိုကာ ဖုန်းချသွားခဲ့ပြီး နောက်ထပ်ဆက်သွယ်ရာ “ ကျွန်တော်တို့ အခု လုပ်တုန်းပဲ ရှိသေးတယ် ဘာမှ ပြောလို့မရသေးဘူး” ဟု ဆိုကာဖုန်းချသွားခဲ့သည်။

ယခုကဲ့သို့ အမည်မသိ အလောင်းနှစ်လောင်းရေထဲတွင် မျောပါ၍ တွေ့ရှိခဲ့သဖြင့် ဒေသခံပြည်သူများ အကြား စိုးရိမ်မှုများ ရှိနေကြသည်ဟု ပြောဆိုသည်။  


ခိုင်လူလှ (ရိုးမမြေ)

Narinjara

https://www.facebook.com/narinjara.info

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၃၀-၉-၂၀၂၀) ရက်နေ့၊ ညနေ (၄:၃၀)နာရီ



(၂၉-၉-၂၀၂၀) ရက်နေ့ဓာတ်ခွဲစစ်ဆေးမှုများတွင် တွေ့ရှိခဲ့သည့် ဓာတ်ခွဲအတည်ပြုလူနာ (၇၉၇) ဦး၏ မြို့နယ်အလိုက် တွေ့ရှိရမှုအခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။



Ministry of Health and Sports, Myanmar

https://www.facebook.com/MinistryOfHealthAndSportsMyanmar

မိုင်းကိုင်မှာ ရှမ်းလက်နက်ကိုင်အဖွဲ့ ရွေးကောက်ပွဲစည်းရုံးမှု တားမြစ်နေ

တအန်း(ပလောင်) အမျိုးသားပါတီ TNP ကို မိုင်းကိုင်မြို့နယ်မှာ တွေ့ရ။ (ဓာတ်ပုံ - TNP-Mong Kung - စက်တင်ဘာ ၂၈၊ ၂၀၂၀)

ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့နယ်မှာ ရှမ်းလက်ကိုင်အဖွဲ့က နိုင်ငံရေးပါတီတွေကို မဲဆွယ်စည်းရုံးခွင့်မပြုဘူးဆိုပြီး ဒေသခံ တအန်း(ပလောင်) ပါတီက၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြားထားတဲ့သတင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က ပြောပြပေးပါမယ်။

မိုင်းကိုင်မြို့နယ်၊ ပန်ကေတုကျေးရွာအုပ်စုက တအန်း(ပလောင်)ရွာ ၃ ရွာမှာ နိုင်ငံရေးပါတီတွေကို မဲဆွယ်စည်းရုံးခွင့်မပြုဖို့နဲ့ ပျက်ကွက်ခဲ့ရင် ဒဏ်ငွေပေးဆောင်ရမယ်လို့ NCA အပစ်ရပ်စာချုပ်ကို လက်မှတ်ရေးထိုးထားတဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS က သတိပေးထားကြောင်း တအန်း(ပလောင်) အမျိုးသားပါတီ TNP ကပြောပါတယ်။

ဒီလိုသတိပေးထားတာကြောင့် TNP ပါတီက သွားရောက်မဲဆွယ်ရာမှာ ရွာလူထုက လက်မခံရဲဘဲ ဖြစ်နေတယ်လို့လည်း ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ၁၊ မိုင်းအုန်းခိုင်က VOA ကို ပြောပါတယ်။

“TNP အနေနဲ့က ပလောင်အမျိုးသားပါတီအနေနဲ့က စည်းရုံးရေးဆင်းဖို့လေ။ စည်းရုံးရေးဆင်းဖို့ဆို ပန်ကေတု ကျေးရွာကို ကျနော်တို့က ကွင်းဆင်းတယ်။ ဆင်းတဲ့အခါကျတော့ ရွာလူထုတွေက လက်ခံရဲဘူး။ မတွေ့ဆုံရဲဘူးပေါ့ဗျာ။ ဘယ်လိုကြောင့်ဆို ဒီဘက်က RCSS က သူတို့ကို ပါတီတွေနဲ့ တွေ့ဆုံမယ်ဆိုရင်တော့ တစ်ရွာကို ၁၀သိန်း ဒဏ်ငွေ ပေးဆောင်ရမယ်ဆိုတဲ့ ထပ်ထပ်ရောက်လာတဲ့အခါကျတော့ ရွာလူထုတွေက စိုးရိမ်သွားတာပေါ့။ စိုးရိမ်မှုတွေဖြစ်တဲ့အခါက ပါတီနဲ့ တွေ့ဖို့ လက်မခံရဲတာဖြစ်ပါတယ်။”

RCSS အဖွဲ့ကတော့ သူတို့ထိန်းချုပ်ရာ နယ်မြေမှာ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမယ်ဆိုရင် ကြိုတင်အကြောင်းကြားဖို့ အစောပိုင်းမှာ သတိပေးထားပါတယ်။ TNP ပါတီကတော့ ပန်ကေတုကျေးရွာအုပ်စုကို မသွားမီမှာ RCSS ရဲ့ ညွှန်ကြားချက်အတိုင်း အကြောင်းကြားခဲ့ပြီး ဒီလ ၂၄ ရက်နေ့က သွားရောက်တာဖြစ်ကြောင်းနဲ့ RCSS တားမြစ်တာနဲ့ ပတ်သက်ပြီး ၂၆ ရက်နေ့မှာပဲ လွိုင်လင် ခရိုင် ရွေးကောက်ပွဲ ကော်မရှင်ထံကို တိုင်ကြားစာပေးပို့ထားတယ်လို့လည်း ပြောပါတယ်။

လွိုင်လင် ခရိုင်ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးသိန်းနိုင်ကလည်း TNP ပါတီရဲ့ တိုင်ကြားချက် လက်ခံရရှိထားကြောင်း အခုလို ပြောပါတယ်။

“၂၆ ရက်နေ့က စာတင်ထားတယ်။ ပန်ကေတုအုပ်စု ရွာ ၃ ရွာရှိတယ်။ လွယ်ရွှဲတို့၊ ကုန်းပေါင်းတို့ ရွာလေး ၃ ရွာ၊ အဲဒီရွာမှာ မဲဆွယ်လို့ မရဘူးတဲ့။ မဲဆွယ်လို့ မရတဲ့အကြောင်းရင်းက RCSS ကနေပြီးတော့ ရွာသူကြီးတွေကို စာရေးထားတယ်တဲ့။ ရွာမှာ မဲဆွယ်မယ်ဆိုရင် ရွာတွေကို ဒဏ်ရိုက်မယ်။ အဲဒါကြောင့်မို့ ပလောင်ပါတီ လာလို့ရှိရင် ရွာတွေကို ဒဏ်ရိုက်မယ်။ သူကတော့ ၁၀ သိန်းလို့ ပြောတယ်။ ဒါပေမဲ့ ရှမ်းစာနဲ့ ငါ ရေးထားတာ ဖတ်ကြည့်တာတော့ ၁၀၀,၀၀၀ ပဲ တွေ့တယ်။ အဲလိုမျိုးဒဏ်ရိုက်မယ်ဆိုလို့ မဲဆွယ်လို့ မရဘူးတဲ့ အဲ့ဒါ လေးကို စာတင်ထားတယ်။”

မိုင်းကိုင်မြို့နယ်အတွင်းမှာ နိုင်ငံရေးပါတီ ၆ ခုထက်မနည်း ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်ထားပြီး၊ ကျန်ပါတီတွေကတော့ တားမြစ်ခံရလို့ တိုင်ကြားတာမျိုး မရှိကြောင်းလည်း ရွေးကောက်ပွဲ ကော်မရှင်က ပြောပါတယ်။

ခရိုင်ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ပါတီအဖွဲ့အစည်းအချင်းချင်း၊ ဒါမှမဟုတ် ဌာနဆိုင်ရာနဲ့ တစုံတရာဖြစ်ရင် ခေါ်ယူညှိနှိုင်းနိုင်ပေမဲ့ အခုအဖြစ်အပျက်က လက်နက်ကိုင်အဖွဲ့အစည်းဖြစ်နေတာကြောင့် အထက်ကို တင်ပြထားကြောင်း အခုလို ဆက်ပြောပါတယ်။

“လက်နက်ကိုင်အဖွဲ့ဆိုတော့ ငါတို့က ခေါ်လို့လည်း မရဘူး။ ငါတို့က ကိုင်လို့ တွယ်လို့ ရတဲ့ကိစ္စတွေ မဟုတ်ဘူးဖြစ်နေတယ်။ ငါတို့ ဘောင်အပြင်ရောက်သွားပြီ။ အဲတော့ ပြည်နယ် ကော်မရှင်ကိုတော့ ဆက်တင်ပြထားတာပေါ့။ ပြည်နယ်ကော်မရှင်က အစိုးရတို့ ဘာတို့နဲ့ သူ့မှာ လမ်းကြောင်းတွေ ရှိပါလိမ့်မယ်။ အဲဒီ လမ်းကြောင်းတွေက တဆင့် ဒီအဖွဲ့အစည်းတွေကို ထိန်းကြောင်းပေးဖို့ပေါ့နော်။ အဲလိုမျိုးတော့ လုပ်ပေးနိုင်အောင်လို့တော့ စာတင်ထားလိုက်တယ်။”

ဒီသတင်းနဲ့ပတ်သက်ပြီး အတည်ပြုမေးမြန်းနိုင်ဖို့ RCSS က တာဝန်ရှိသူတွေကို ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံ ဖြေဆိုတာ မရှိခဲ့ပါဘူး။

၂၀၁၅ ခုနှစ်ရွေးကောက်ပွဲကာလကလည်း တအန်း(ပလောင်)အမျိုးသားပါတီ TNP မိုင်းကိုင်မြို့နယ် ဥက္ကဋ္ဌ မိုင်းအောင်ခန်းကို RCSS က ဒီဒေသမှာ မလှုပ်ရှားဖို့ သတိပေးတားမြစ်ခဲ့ဖူးသလို ဒီတားမြစ်ချက်ကို မလိုက်နာတာကြောင့် TNP ပါတီ မိုင်းကိုင်မြို့နယ် ပါတီဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးကို တစ်လကျော်ကြာ ဖမ်းဆီးချုပ်နှောင်ခဲ့ဖူးပါတယ်။

ကိုဗစ်ကပ်ရောဂါနဲ့ နယ်မြေလုံခြုံရေး ပြဿနာတွေ ရှိတဲ့ နေရာတွေမှာ ရွေးကောက်ပွဲတွေ ရွှေ့သင့်၊ မသင့်ဆိုတာကိုတော့ ရှေ့လထဲလောက်မှာ ကြေညာမယ်လို့လည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သတင်းထုတ်ပြန်ထားပါတယ်။


မိုးဇော်/VOA (Burmese)

https://burmese.voanews.com/a/palaung-campaign-myanmar-election/5601761.html

မြန်မာပြည် နယ်စပ်ဖြတ်ပြန်ဝင်တဲ့ ထိုင်း ၁၉ ဦးဖမ်းခံရ

စက်တင်ဘာလ ၂၈ ရက်နေ့ညက မြဝတီဘက်ကနေ တရားမဝင်ဝင်လာတဲ့ ထိုင်းနိုင်ငံသား ၁၉ ဦးကို ဖမ်းမိတဲ့ မြင်ကွင်း။ (ဓာတ်ပုံ - ထိုင်းနယ်ခြားစောင့်တပ် - စက်တင်ဘာ ၂၈၊ ၂၀၂၀)

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ တိုးလာနေတာကြောင့် ထိုင်းနိုင်ငံက နယ်စပ်လုံခြုံရေး တင်းကြပ်ထားချိန်မှာပဲ တရားမဝင် နယ်စပ်ဖြတ်ကျော်သူ ထိုင်းနိုင်ငံသား ၁၉ ဦးကို ဖမ်းဆီးမိခဲ့ပြီး၊ ရောဂါစောင့်ကြည့်ရေးစင်တာကို ပို့လိုက်တဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက ထိုင်းမြန်မာနယ်စပ်ကနေ သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးမှုတွေနဲ့ ကူးစက်မှုတွေ တိုးလာနေတာကြောင့် နယ်စပ်ဒေသ ခရိုင် ၁၀ ခုမှာ လုံခြုံရေးတင်းကြပ်ထားပြီး စောင့်ကြည့်စစ်ဆေးနေချိန်မှာပဲ တရားမဝင် နယ်စပ်ဖြတ်ကျော်ပြီး ပြန်ဝင်လာသူ ထိုင်းနိုင်ငံသားတွေကို ဖမ်းဆီးမိခဲ့တာပါ။ ထိုင်းနိုင်ငံမဲဆောက်မြို့က သောင်ရင်းမြစ်အနီး တရားမဝင် ပြန်ဝင်လာတဲ့ အမျိုးသမီး ၉ ဦး၊ အမျိုးသား ၁၀ ဦးကို အမှတ် (၄) နယ်ခြားစောင့်တပ်ရင်းက ဖမ်းဆီးမိခဲ့ပြီး ကိုဗစ်ရောဂါစောင့်ကြည့်ရေး စင်တာကို ပိုဆောင်ခဲ့ပါတယ်။ တရားမဝင် နယ်စပ်ကနေ ပြန်လာသူတွေဟာ မြန်မာနိုင်ငံ မြဝတီဘက်က ကာစီနိုလောင်းကစားရုံတွေမှာ အလုပ်လုပ်နေကြသူတွေဖြစ်ပြီး ကပ်ရောဂါ ကူးစက်မှုတွေ တိုးလာနေတာကြောင့် ထိုင်းနိုင်ငံကို ပြန်လာကြတာလို့လည်း ထိုင်းသတင်းတွေမှာ ဖော်ပြကြပါတယ်။

ထိုင်းနိုင်ငံ ကိုဗစ်ကပ်ရောဂါ တိုက်ဖျက်ကာကွယ်ရေး စီမံခန့်ခွဲမှုအဖွဲ့ (CCSA) ပြောခွင့်ရ Dr. Taweesilp Visanuyothin ကတော့ နယ်စပ်ဒေသတွေမှာ ရောဂါကာကွယ်ရေးကို အထူးဂရုပြုဖို့ မနေ့တုန်းကပဲ သတင်းစာရှင်းလင်းပွဲမှာ သတိပေးခဲ့ပါတယ်။

မြန်မာနိုင်ငံဘက်က ကပ်ရောဂါပြန့်ပွားမှုတွေ တိုးမြင့်လာတာကြောင့် နှစ်နိုင်ငံနယ်စပ်တွေဖြစ်တဲ့ ချင်းမိုင်-ချင်းရိုင် မဲဟောင်ဆောင် တာ့ခ်- ကမ်ချနဘူရီ ရနောင်းစတဲ့ ခရိုင် ၁၀ ခုမှာ နေထိုင်နေတဲ့ ထိုင်းနိုင်ငံသားတွေကိုလည်း ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေး စင်တာရဲ့ လမ်းညွန်ချက်တွေအတိုင်း လိုက်နာ လုပ်ဆောင်ကြဖို့ ထိုင်းဘာသာနဲ့ ပြောဆိုသွားတာပါ။

ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူ ၅၉ ယောက်နဲ့ ကူးစက်သူ ၃,၅၀၀ ကျော် ရှိခဲ့တဲ့ ထိုင်းနိုင်ငံမှာ ကပ်ရောဂါကူးစက်မှုတွေ လျော့ကျလာပေမဲ့ အိမ်နီးချင်း မြန်မာနိုင်ငံမှာ ကူးစက်မှုတွေ တကျော့ပြန်များလာတဲ့အတွက် ပျံ့နှံ့လာမှာ စိုးရိမ်တာကြောင့် နယ်စပ်ဒေသတွေမှာ တင်းတင်းကြပ်ကြပ် စောင့်ကြည့်စစ်ဆေးနေတာပါ။ မြန်မာနိုင်ငံနဲ့နယ်စပ် ထိုင်းနိုင်ငံ မဲဆိုင်နဲ့ ကမ်ချဘူရီ နယ်စပ်ဂိတ်တွေမှာ ဖြတ်သန်းသွားလာမှုတွေနဲ့ ကုန်စည်ပို့ဆောင်မှုတွေကို ရပ်ဆိုင်းထားသလို ထိုင်းနိုင်ငံဘက်က နယ်စပ်ဒေသတွေမှာ ရှိတဲ့ စီးပွားရေးလုပ်ငန်းတွေ စျေးဆိုင်တွေလည်း ပိတ်ထားရပါတယ်။

ထိုင်းနိုင်ငံ မဲဆိုင်နဲ့ မြန်မာနိုင်ငံ တာချီလိတ်ကြား နယ်စပ်ဂိတ်တွေ ပြန်ဖွင့်ရေး နယ်စပ်ကော်မတီအစည်းဝေး ကျင်းပခဲ့ပေမယ့် ပြန်ဖွင့်မယ့် နေ့ရက် အတိအကျတော့ မသတ်မှတ်နိုင်သေးပါဘူး။ ထိုင်းနိုင်ငံနဲ့ နယ်စပ် မြန်မာနိုင်ငံ မြဝတီမြို့မှာ ကိုဗစ်လူနာ ၃ ဦး တွေ့ရှိကြောင်း သတင်းတွေ ထွက်ပေါ်လာပြီးနောက် မြန်မာနိုင်ငံသားတွေ အများအပြား ဝင်ထွက်နေတဲ့ ထိုင်းနိုင်ငံ မဲဆောက်မြို့မှာလည်း ကျန်းမာရေးအတွက် ပိုမိုတင်းကြပ်လာနေပါတယ်။ လုံခြုံရေး တင်းကြပ်ထားချိန်မှာပဲ တရုတ်နိုင်ငံကနေ မြန်မာနိုင်ငံကို တင်သွင်းဖို့ တရားမဝင်သယ်ယူလာတဲ့ နှာခေါင်းစည်း ၇၀,၀၀၀ ကို မဲဆောက်မှာ တနင်္ဂနွေနေ့တုန်းက ဖမ်းဆီးမိခဲ့ကြောင်းလည်း ထိုင်းနိုင်ငံက သတင်းတွေမှာ ဖော်ပြခဲ့ကြတာပါ။ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်လည်းဖြစ် နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ Don Pramudwinai ကလည်း နယ်စပ်ဒေသမှာ ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေး မြန်မာနိုင်ငံနဲ့ ဆွေးနွေးဖို့ရှိကြောင်း မနေ့တုန်းကပဲ ပြောဆိုထားပါတယ်။


မအေးအေးမာ/VOA (Burmese)

https://burmese.voanews.com/a/thai-people-arrested/5601675.html

စာကျက်နည်းတွေ ပြန်ရောင်းပြီး ဒေါ် လာထောင်ချီ စီးပွားရှာခဲ့တဲ့ ကျောင်းသားတစ်ဦး

စင်္ကာပူ စီမံခန့်ခွဲရေးတက္ကသိုလ်က စီးပွားရေးကျောင်းသား ယူဂျင်း ချီယောင်း


"သင်ရိုးညွှန်းတမ်း တစ်ခုလုံးကို သူ့ စာကျက်နည်း မှတ်စုတွေထဲ အလွတ် ထည့်နိုင်တယ်လို့" ယူဂျင်း ချီယောင်းက ပြုံးပြီး ဟာသနှော ပြောပြပါတယ်။

" ကျွန်တော် ရေငုပ်ပါတယ်။ ကမ္ဘာ့ကုန်သွယ်ရေးစင်တာမှာ အခမဲ့တိုက်တဲ့ ကော်ဖီလည်း အမြဲသွားသောက်ပါတယ်"

စင်္ကာပူ စီမံခန့်ခွဲရေးတက္ကသိုလ်က အသက် ၂၄ နှစ်အရွယ် စီးပွားရေးကျောင်းသား ယူဂျင်း ချီယောင်းက စင်္ကာပူနိုင်ငံမှာရှိတဲ့ သူ့မိဘအိမ်က သူ့အိပ်ခန်းထဲကနေ ဘီဘီစီကို ဗီဒီယိုကနေတစ်ဆင့် သူ့နေ့စဉ်ဘဝအကြောင်း ပြောပြခဲ့ပါတယ်။

သူပညာသင်ယူခဲ့ပုံ၊ သူ့ရဲ့ စီးပွားရေးလုပ်ငန်းအကြောင်းနဲ့အတူ အရှေ့တောင်အာရှက ပူနွေးတဲ့ ရေပြင်တွေကအစ မက္ကဆီကိုမြို့က မြို့ပြတောအကြောင်းအဆုံး သူ့ရဲ့ဘဝအတွေ့အကြုံတွေနဲ့ အခက်အခဲတွေကို ဘယ်လို ကျော်ဖြတ်ခဲ့ပုံတွေကို ယူဂျင်း ချီယောင်းက ပြောပြခဲ့ပါတယ်။

ဒါပေမဲ့ သူဘယ်လို နာမည်ကြီးလာခဲ့သလဲ ဆိုတာကို အရင်ကြည့်ရအောင်ပါ။

စင်္ကာပူမှာ အိမ်ခြံမြေ အကျိုးဆောင်တစ်ဦး ဖြစ်ခွင့်အတွက် နှစ်ဆင့်ဖြေရတဲ့ အောင်ဖို့ ခက်လွန်းတဲ့ စာမေးပွဲတစ်ခုကို အမှတ်ကောင်းကောင်းနဲ့ အောင်ခဲ့အပြီးမှာ ဦးနှောက်မြေပုံ လို့ အမည်ပေးထားတဲ့ သူ့ရဲ့စာကျက်နည်းတွေကို ယူဂျင်း ချီယောင်း အွန်လိုင်းပေါ်မှာ တင်ရောင်းခဲ့ပါတယ်။

ဒီလိုလုပ်တာမျိုး သူ့အရင် ရှိခဲ့ဖူးပေမဲ့ ယူဂျင်း ချီယောင်းရဲ့ စာကျက်နည်းတွေကတော့ မမျှော်လင့်ဘဲ အရောင်းသွက်ခဲ့ပါတယ်။

ခုချိန်ထိ သူ့ရဲ့ ဦးနှောက်မြေပုံ စာကျက်နည်းပေါင်း ၁၅၀၀ လောက် ရောင်းခဲ့ရပြီးပါပြီ။ တစ်ပတ် တစ်ပတ်ကို ဒေါ်လာ တစ်ထောင်ကျော်ဖိုး ရောင်းရပြီး အခုတော့ စီးပွားဖြစ် လုပ်နေပါပြီ။

စင်္ကာပူမှာ အိမ်ခြံမြေ အကျိုးဆောင်တစ်ဦး ဖြစ်ဖို့အတွက် ကန့်သတ်ချက်တွေများ

စင်္ကာပူမှာ အိမ်ခြံမြေ အကျိုးဆောင်တစ်ဦး ဖြစ်ဖို့အတွက် နာရီ ၆၀ ကြာ သင်တန်းတစ်ခု တက်ရမှာ ဖြစ်ပြီး RES လို့ခေါ်တဲ့ အဆင့်နှစ်ဆင့်ပါတဲ့ စာမေးပွဲကို ဖြေဆို အောင်မြင်ဖို့ လိုအပ်ပါတယ်။

"ဒီစာမေးပွဲဖြေရတာ သိပ်တော့ မလွယ်ပါဘူး။ သိတိုင်းအတိုင်းပဲ စင်္ကာပူက စည်းမျဉ်းစည်းကမ်းတွေ အရမ်းတင်းကျပ်တယ်မို့လား"လို့ ယူဂျင်း ချီယောင်းက ဘီဘီစီကို ပြောပြပါတယ်။

"ဒီတော့ ဒါကို မြန်မြန် သင်ယူတတ်ကျွမ်းနိုင်ဖို့နည်းတစ်ခုကို လူတွေ အရမ်းလိုချင်နေကြတယ် ဆိုတာကို ကျွန်တော် သဘောပေါက်ခဲ့တယ်"

လူတွေက စာမေးပွဲမှာ ယူဂျင်း ချီယောင်း သုံးခဲ့တဲ့ စာကျက်နည်း ဦးနှောက်မြေပုံ ၁၆ ခုကို အခကြေးငွေ ပေးပြီး အွန်လိုင်းကနေ ဒေါင်းလုဒ် လုပ်ပြီး ယူကြပါတယ်။

အဲဒီ စာကျက်နည်းတွေဟာ သဘောတရား၊ အယူအဆတွေကို ဒီဇိုင်းဆွဲထားတဲ့နည်းနဲ့ ဦးနှောက်က လွယ်လွယ်မြင်နိုင်အောင် လုပ်ထားတာ ဖြစ်ပါတယ်။

ယူဂျင်း ချီယောင်းရဲ့ ဦးနှောက်မြေပုံ စာကျက်နည်းတွေထဲမှာ ဥပဒေကြောင်း သဘောတရားတွေ၊ ဈေးကွက်သဘောတရားတွေ၊ သင်္ချာ၊ဖော်မြူလာတွေ၊ အချိန်ဇယားတွေ၊ သင်ရိုးညွှန်းတမ်းပါ ကွဲပြားခြားနားတဲ့ အချက်အလက်တွေ ပါဝင်ပါတယ်။

ချီယောင်း သုံးခဲ့တဲ့ စာကျက်နည်း ဦးနှောက်မြေပုံက ကျောင်းသားတွေ လေ့လာမှုသဘောတရားတွေကို ချိတ်ဆက်ပေး

"ဒီဦးနှောက်မြေပုံ စာကျက်နည်းတွေက သင်ယူမှုသဘောတရားကို ချိတ်ဆက်ပေးပါတယ်။ ဘယ်လို ဘာသာရပ်ပဲဖြစ်ဖြစ် ကျယ်ပြန့်တဲ့ အမြင်ကနေ ရှုမြင်တတ်လာပါလိမ့်မယ်။ တကယ်လို့ အကြောင်းအရာ တစ်ခုခုကို အထူးပြုပြီး အသေးစိတ် လေ့လာချင်ရင်လည်း လေ့လာတတ်လာပါလိမ့်မယ်" လို့ သူက ရှင်းပြပါတယ်။

"တကယ်လို့ ဘာသာရပ်တစ်ခုခုနဲ့ ပတ်သက်လို့ မေးစရာ ရှိတယ်ဆိုရင်လည်း ဖတ်စာအုပ်ကြီးတစ်ခုလုံး ပြန်လှန်ပြီး သင်ခန်းစာတစ်ခုလုံး ပြန်ဖတ်နေစရာ မလိုဘဲ ဦးနှောက်မြေပုံ စာကျက်နည်းထဲမှာ ပါတဲ့ အချက်အလက်ကို ပြန်ရှာကြည့်လိုက်ရုံပါပဲ"

"တကယ်က ဦးနှောက်ကို လှည့်စားပြီး ပညာ သင်ယူခိုင်းလိုက်တာပါ။ ဒါဟာ လွယ်လွယ် ပြောရင် စာကျက်နည်း တစ်မျိုးပါပဲ"

ဒီစာကျက်နည်းမှာ ဘာသာစကား ပါစရာ မလို

ယူဂျင်း ချီယောင်းက သူ့ရဲ့ သင်ပြမှု စွမ်းရည်၊ စကားပြောစရာမလိုဘဲ ရှင်းပြနိုင်မှုတွေဟာ သူကာလတာရှည် တစ်စိုက်မတ်မတ် လုပ်လာခဲ့တဲ့ ရေငုပ်တဲ့ အလေ့အကျင့်ကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

သူအသက် ၁၄ နှစ်သားကတည်းက ရေငုပ်လာတာ ဖြစ်ပြီး လွန်ခဲ့တဲ့ ၃ နှစ်လောက်ကတော့ ကျွမ်းကျင်တဲ့ မာစတာအဆင့် ရေငုပ်သမား ဖြစ်လာခဲ့အပြီးမှာ ရေငုပ် သင်ကြားပေးတဲ့ ဆရာ ဖြစ်လာခဲ့ပါတယ်။

အခုအခါ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မလေးရှားနိုင်ငံတွေက လှပတဲ့ ရေအောက်ကမ္ဘာတွေဆီ မကြာခဏ သွားရောက် ရေငုပ်လေ့ ရှိပါတယ်။

"ရေငုပ်သင်တန်းဆရာတစ်ဦးအတွက် မရှိမဖြစ် လိုအပ်တဲ့အရာ မဟုတ်ဘူးဆိုတာကို သဘောပေါက်ခဲ့ပါတယ်"လို့ ယူဂျင်း ချီယောင်းက ပြောပါတယ်။

ရေအောက်မှာက တစ်ယောက်နဲ့ တစ်ယောက် စကားပြောလို့ မရပါဘူး။ "မင်္ဂလာပါ" "မျက်နှာဖုံးမှာ ရေဝင်နေတယ်" စသဖြင့် လှမ်းပြောလို့မရပါဘူး။ မျက်နှာအရိပ်အကဲ၊ လက်ဟန်ခြေဟန်နဲ့ပဲ အချင်းချင်း ဆက်သွယ်ရတာပါ"လို့ သူက ရှင်းပြပါတယ်။

ရေငုပ်ရာကနေ သူ့မှာ အရည်အသွေး နှစ်ခု ထပ်ရလာခဲ့တယ်လို့ ယူဂျင်း ချောင်းက ပြောပြပါတယ်။ တစ်ခုက ရေငုပ်သင်တန်းဆရာတွေနဲ့ သင်တန်းသားတွေ အတူတူ ရောပြီး ကမ္ဘာတစ်ဝန်းက ရေအောက် ကမ္ဘာအလှကို လိုက်ရှာလေ့ ရှကြတာမို့ ယဉ်ကျေးမှုထုံးစံ မတူတဲ့ လူတွေအချင်းချင်း ဆက်သွယ်နိုင်စွမ်း ရလာတာပါ။

နောက်တစ်ခုကတော့ စွန့်စားရတဲ့ အရသာကို သိလာတာပါ။ "အထူးသဖြင့် မိဘရဲ့ အရိပ်အောက်မှာ ကြီးပြင်းပြီး ပညာရေးအလေးထား သင်ယူရလေ့ ရှိတဲ့ စင်္ကာပူက ကျွန်တော့်လို လူငယ်လေး တစ်ယောက်အတွက်ပါ"

ရေငုပ်ခြင်းဟာ ဘာသာစကားမလိုဘဲ တစ်ဦးနဲ့ တစ်ဦး ဆက်သွယ်တဲ့ နည်းလမ်းကို သင်ပေးတယ်

လူသားချင်း ဆက်သွယ်မှု

ယူဂျင်း ချီယောင်းက မက္ကဆီကိုစီတီးမြို့ WTC ကမ္ဘာ့ကုန်သွယ်ရေးစင်တာမှာ ရှိတဲ့ စင်္ကာပူအခြေစိုက် နိုင်ငံပေါင်းစုံ HR လူသားအရင်းအမြစ်အဖွဲ့တစ်ခုရဲ့ မက္ကဆီကန်ရုံးချုပ်မှာ သူကော်ဖီ သွားသောက်ခွင့် ရခဲ့ပုံကိုလည်း ပြောပြခဲ့ပါတယ်။

စီးပွားရေးကျောင်းသားတစ်ယောက်အတွက် WTC ကို သွားလည်ခွင့်ရခဲ့တာဟာ "ပြည်ပခရီးစဉ်တွေထဲမှာ အမှတ်အရဆုံးတစ်ခု ဖြစ်ပြီး အဲဒီနေရာကို အရမ်းသွားချင်ခဲ့တာ"လို့ သူက ပြောပြပါတယ်။

မနှစ်တုန်းက ယူဂျင်း ချီယောင်းဟာ ကျောင်းသားလဲလှယ်ရေးအစီအစဉ်နဲ့ မက္ကဆီကိုနိုင်ငံ အရှေ့တောင်ပိုင်းက ပြည်နယ်မြို့တော် ပူးဘလာမြို့မှာ ကျောင်းသွားတက်ခဲ့ပါတယ်။

ပူဘလာမြို့ဟာ သာယာလှပ၊ ရှေးကျတဲ့ မြို့လေး ဖြစ်ပြီး မက္ကဆီကို လူမျိုးတွေဟာ အရမ်းကို ဖော်ရွေကြတယ်လို့ ဆိုပါတယ်။

ဒီတော့ မက္ကဆီကိုစီတီးမြို့က WTC ကို ကြိုတင်အကြောင်းမကြားထားဘဲ သူ ရောက်သွားတဲ့အခါ အထပ် ၂၇ ထပ်က WTC ရုံးချုပ်ကို သူသွားလည်ခွင့် ရခဲ့ပြီး ပြည်ပမှာရှိတဲ့ WTC ရုံးတစ်ခုကို သွားလည်ချင်တဲ့ သူ့အိပ်မက် အကောင်အထည် ပေါ်ခဲ့ရပါတယ်။

ကြိုချိန်းမထားဘဲ ပေါက်ချလာတဲ့ သူ့ကို ရုတ်တရက် တွေ့လိုက်ရလို့ အဲဒီက ကျူးဘားမန်နေဂျာက အံ့သြခဲ့ပေမဲ့ စင်္ကာပူနိုင်ငံရဲ့ ပညာရေးစနစ်အကြောင်း သူ့ကို စိတ်ဝင်တစား မေးခဲ့ပါတယ်။

မက္ကဆီကိုကနေ သူပြန်မလာခင်မှာ ယူဂျင်း ချီယောင်းဟာ WTC ရုံးကို သွားပြီး စင်္ကာပူ အစားအစာလက်ဆောင်တွေ သွားပေးခဲ့ရာမှာ သူ့ကို ကျူးဘားမန်နေဂျာနဲ့အဖွဲ့က ရမ်အရက်ပုလင်းတစ်လုံးနဲ့ ကြိုဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။

အဲဒီက HR ကျွမ်းကျင်သူတွေက သူ့ကို ကိုယ်ပိုင်အရည်အချင်းတွေနဲ့ပတ်သက်တဲ့ စမ်းသပ်မှုတစ်ခု လုပ်ခဲ့ရာမှာ ဆက်ဆံပြောဆိုရေးမှာ သူ အမှတ်အများကြီး ရခဲ့ပါတယ်။

အောင်မြင်မှု အတိုင်းအတာ

ယူဂျင်း ချီယောင်းဟာခက်ခဲတဲ့ စာမေးပွဲတစ်ခုကို အောင်မြင်ခဲ့ပေမယ့် သူကိုယ်တိုင်တော့ အိမ်ခြံမြေ အကျိုးဆောင်တစ်ယောက်လုပ်ဖို့ အစီအစဉ် မရှိဘူး ဆိုပါတယ်။

ယူဂျင်း ချီယောင်းရဲ့ RES Tour ကုမ္ပဏီဟာ RES စာမေးပွဲ ဖြေဆိုသူတွေကို စာကျက်နည်း သင်ပေးပြီး စင်္ကာပူနိုင်ငံမှာ အိမ်ခြံမြေ အကျိုးဆောင်တွေ ဖြစ်လာအောင် ကူညီပေးတဲ့ လုပ်ငန်း ဖြစ်ပါတယ်။

အခုအခါ IT နည်းပညာလက်မှတ်ရ စာမေးပွဲ ဈေးကွက်ထဲ သူ့စီးပွားရေး နယ်ချဲ့ဖို့ စဉ်းစားနေတယ်လို့ ယူဂျင်း ချီယောင်းက ပြောပါတယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ သူလုပ်နေတဲ့ စီးပွားရေး စီမံကိန်း ကို အတိုင်းအတာတစ်ခုအရ အောင်မြင်တဲ့လုပ်ငန်း ဖြစ်ချင်တယ်လို့ ဆိုပါတယ်။

စိတ်ဝင်စားစရာ ကောင်းတာက ယူဂျင်း ချီယောင်းဟာ သူကိုယ်တိုင်တော့ အိမ်ခြံမြေ အကျိုးဆောင်တစ်ယောက်လုပ်ဖို့ အစီအစဉ် မရှိဘူး ဆိုတာပါ။ အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်း လုပ်လာတာ နှစ်ပေါင်း ၃၀ ရှိပြီ ဖြစ်တဲ့ မိခင်ဖြစ်သူ အလုပ်တာဝန်တချို့ လျှော့ဖို့ လိုလာတဲ့အခါ ကူညီနိုင်ဖို့ စိတ်တစ်ခုပဲ ရှိတယ်လို့ သူက ပြောပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါ မဖြစ်ခင်မှာ ယူဂျင်း ချီယောင်းဟာ ၂၀၁၀ ခုနှစ်က ဖွင့်လှစ်ခဲ့တဲ့ ကမ္ဘာ့ ဈေးအကြီးဆုံး ကက်ဆီနို လောင်းကစား အပန်းဖြေ ကမ်းခြေတစ်ခုဖြစ်တဲ့ Marina Sands Bay မှာ အလုပ်သင်အနေနဲ့ သွားလုပ်ဖို့ စီစဉ်ထားခဲ့တာပါ။

အခုတော့ RES Tutor ကုမ္ပဏီက လောလောဆယ် သူ့ရဲ့ကိုယ်ပိုင် စီးပွားရေး လုပ်ငန်း ဖြစ်လာတော့မယ့်ပုံ ရှိနေပြီး လူတွေ ရည်မှန်းချက် ပန်းတိုင် ဆွတ်ခူးနိုင်အောင် ကူညီပေးနေရတာကို သူ့အနေနဲ့ ကျေနပ်ပျော်ရွှင်နေတယ်လို့ ဆိုပါတယ်။

"ကျွန်တော့် ဖောက်သည်တွေကို ငွေမျက်နှာတစ်ခုတည်းကြောင့် ဆက်ဆံနေတာ မဟုတ်ပါဘူး။ မိတ်ဆွေတွေလို သဘောထား ဆက်ဆံနေတာပါ"လို့ သူက ပြောပါတယ်။

"ကျွန်တော့်ဖောက်သည်တွေ စာမေးပွဲ အောင်တယ်လို့ လာပြောရင် ကျွန်တော် အတိုင်းမသိ ဝမ်းသာရပါတယ်။ ဒါက ကျွန်တော့်ရဲ့ ဦးနှောက်မြေပုံ စာသင်နည်းကြောင့် သူတို့ စာမေးပွဲ အောင်တယ် ဆိုတဲ့ အဓိပ္ပာယ်ပဲလေ"


BBC Burmese

https://www.bbc.com/burmese/world-54340102

ထိုင်းမှာ ဟိုတယ် မကောင်းကြောင်း ရေးခဲ့တဲ့ နိုင်ငံခြားသား ထောင်ချခံရဖွယ်ရှိ

ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကြောင့် ထိုင်းနိုင်ငံရဲ့ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်း အခက်အခဲနဲ့ ရင်ဆိုင်နေရ

ထိုင်းနိုင်ငံမှာ အမေရိကန်တစ်ဦးဟာ သူနေခဲ့တဲ့ ဟိုတယ် မကောင်းကြောင်း ရေးခဲ့အပြီးမှာ ထောင်ဒဏ် ၂ နှစ် ကျခံရဖွယ် ရှိနေပါတယ်။

ထိုင်းနိုင်ငံမှာ တင်းတင်းကြပ်ကြပ် ပြဋ္ဌာန်းထားတဲ့ အသရေဖျက်မှု ဥပဒေနဲ့ သူ့ကို Sea View Resort ဟိုတယ်က တရားစွဲခဲ့တာပါ။

ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေတဲ့ ဝက်စလီ ဘန်းစ် ဆိုသူ အဲဒီ အမေရိကန်က Sea View Resort ဟိုတယ် မကောင်းကြောင်း မှတ်ချက်တွေကို ဆိုရှယ်မီဒီယာ ပလက်ဖောင်း အမျိုးမျိုးကနေ တင်ခဲ့ပြီး အဲဒီဟိုတယ်ဟာ ခေတ်သစ်ကျွန်စနစ် ကျင့်သုံးနေတယ် ဆိုပြီး စွပ်စွဲခဲ့တယ်လို့ ဆိုပါတယ်။

Sea View Resort ဟိုတယ်ကတော့ သူ့ရဲ့ ရင့်သီးတဲ့ မှတ်ချက်တွေဟာ လုံးဝမမှန်ဘဲ ဟိုတယ်ရဲ့ ဂုဏ်သိက္ခာကို ညှိုနွမ်းစေတယ်လို့ ပြောပါတယ်။

"ဟိုတယ်တွေအကြောင်း ဝေဖန် မှတ်ချက်တွေ ဖော်ပြတဲ့ TripAdvisor ဝက်ဆိုက်ပေါ်ကနေ အဲဒီလူက တစ်ဖက်စောင်းနင်း မှတ်ချက်တွေ တင်ခဲ့တာကြောင့် ဟိုတယ်ပိုင်ရှင်က တရားစွဲတိုင်ကြားခဲ့တာ"လို့ ထိုင်းရဲက AFP သတင်းဌာနကိုပြောပါတယ်။

အခုနှစ်အစောပိုင်းက ခိုချန်ကျွန်းပေါ်က Sea View Resort ဟိုတယ်မှာ တည်းနေတဲ့ မစ္စတာ ဘန်းစ်က ဟိုတယ်စားသောက်ဆိုင်ထဲ သူ့အရက်ပုလင်း ယူလာချင်တဲ့ ကိစ္စနဲ့ စကားများကြရာကနေ အစပြုပြီး ဒီဖြစ်ရပ် ဖြစ်လာခဲ့တာပါ။

ဟိုတယ်ရဲ့ ထုတ်ပြန်ချက်ထဲမှာ မစ္စတာဘန်းစ်ကြောင့် ဆိုင်ထဲမှာ ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့ရကြောင်း၊ စားသောက်ဆိုင်ထဲ အရက်ပုလင်း ယူလာရင် ပေးရမယ့်ငွေကို မစ္စတာ ဘန်းစ်က ပေးဖို့ ငြင်းဆန်နေခဲ့ရာမှာ မန်နေဂျာကပဲ ကြားဝင် ဖြေရှင်းပေးခဲ့ကြောင်း ဖော်ပြထားပါတယ်။

ဟိုတယ်က ထွက်သွားအပြီးမှာ မစ္စတာ ဘန်းစ်ဟာ ဟိုတယ် မကောင်းကြောင်း မှတ်ချက် အများအပြားကို ဆိုရှယ်မီဒီယာတွေပေါ်ကနေ တင်ခဲ့တဲ့အတွက် အသရေဖျက်မှုနဲ့ သူ့ကို ဟိုတယ်က တရားစွဲခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် မစ္စတာ ဘန်းစ်ကို ရဲက ဖမ်းဆီး ခဲ့ပြီး ထောင်ထဲမှာ ရက်အတော်ကြာ ထိန်းသိမ်းထားခဲ့ပါတယ်။ အဲဒီနောက်မှာမှ အာမခံနဲ့ ပြန်လွတ်လာတာပါ။

ထိုင်းနိုင်ငံရဲ့ တင်းကြပ်တဲ့ အသရေဖျက်မှု ဥပဒေကို ချိုးဖောက်ကြောင်း ပြစ်မှုထင်ရှားမယ် ဆိုင်တော့ မစ္စတာ ဘန်းစ်ဟာ ထောင်ဒဏ် ၂ နှစ် ကျခံရဖို့ ရှိပါတယ်။

မစ္စတာ ဘန်းစ်ရဲ့ မှတ်ချက်တွေဟာ မှားယွင်းပြီး အသရေဖျက်တဲ့ မှတ်ချက်တွေလို့ ဟိုတယ်က ပြော

သူ့ရဲ့ မှတ်ချက်တွေဟာ လုပ်ကြံဖန်တီး၊ တမင် ချောက်တွန်းထားပြီး ထပ်ခါတလဲလဲ ဖော်ပြခဲ့တဲ့ မှတ်ချက်တွေ ဖြစ်ကြောင်း၊ TripAdvisor ဝက်ဆိုက်ပေါ်က ပို့စ် တစ်ခုမှာဆိုရင် ဟိုတယ်ဟာ ခေတ်သစ်ကျွန်စနစ် ကျင့်သုံးနေတယ်လို့ စွပ်စွဲထားကြောင်း ဟိုတယ်က ပြောပါတယ်။

မစ္စတာဘန်းစ်ကတော့ အဲဒီ ပို့စ်ဟာ TripAdvisor ဝက်ဆိုက်ရဲ့ လမ်းညွှန်ချက်တွေနဲ့ မညီတဲ့အတွက် တင်လို့ မရခဲ့ဘူးလို့ ဘီဘီစီ ကိုပြောပါတယ်။

ဒါ့အပြင် ဒီကိစ္စကြောင့် သူအလုပ်ပြုတ်ခဲ့ရပြီး သူ့အမှုအကြောင်း ဟိုးလေးတကြော် ဖြစ်သွားတဲ့အတွက် အလုပ်သစ် ရှာရခက်မှာကို သူအကြီးအကျယ် စိုးရိမ်နေတယ်လို့ မစ္စတာ ဘန်းစ်က ပြောပြပါတယ်။

အောက်တိုဘာလမှာ နောက်ထပ် ရုံးချိန်း သွားရမယ်လို့ ဆိုပါတယ်။ ရဲထိန်းသိမ်း ခံခဲ့ရတဲ့ ပထမရက်ပိုင်းတွေက အရမ်းကို ကြောက်စရာ ကောင်းခဲ့တာမို့ ထောင်ထဲ ဝင်ရမှာကို စိုးရိမ်ထိတ်လန့်နေတယ်လို့ မစ္စတာ ဘန်းစ်က ပြောပါတယ်။

ဒီအမှုကို ဟိုတယ်နဲ့ တိုက်ရိုက် ညှိနှိုင်း ကျေအေးနိုင်ဖို့ သူမျှော်လင့်ထားနေဆဲပါ။

ဒါပေမဲ့ ဟိုတယ်ကတော့ သူတို့ တရားမစွဲခင်မှာ မစ္စတာ ဘန်းစ်ကို ဆက်သွယ်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့တယ်လို့ ဘီဘီစီကို ပြောပြပါတယ်။

"ရှေ့ဆက်မလုပ်အောင် တားတဲ့အနေနဲ့ မကျေနပ်ကြောင်း တိုင်ကြားစာ ကျွန်တော်တို့ အရင်ပို့ခဲ့ပါတယ်။ ဒါပေမဲ့ သူက ဟိုတယ် မကောင်းကြောင်း မှတ်ချက်တွေကို သီတင်း တစ်ပတ်ပြီးတစ်ပတ် ဆက်ရေးနေခဲ့ပါတယ်။ ဒီကိစ္စကို အေးအေးဆေးဆေး ညှိရအောင် သူ့ကို ဆက်သွယ်ဖို့ တစ်လကျော်လောက်ကို ကြိုးစားခဲ့တာပါ။ သူက ကျွန်တော်တို့ကို လုံးဝ ဂရုမစိုက်ဘဲ နေခဲ့ပါတယ်။ အာဏာပိုင်တွေက သူ့ကို ဆက်သွယ်လာတဲ့ အချိန်ကျမှသာ ကျွန်တော်တို့ကို အကြောင်းပြန်ခဲ့တာပါ"လို့ Sea View Resort ဟိုတယ်က ပြောပြပါတယ်။

မစ္စတာ ဘန်းစ်ရဲ့မှတ်ချက်တွေ ဆိုရှယ်မီဒီယာတွေပေါ် ပျံ့သွားခဲ့အပြီးမှာ လူတွေက ဟိုတယ်မှာ ကြိုတင်စာရင်းပေးထားတာတွေကို ပြန်ဖျက်တာတွေ၊ ဟိုတယ်ဝန်ထမ်းတွေအပေါ် ဆက်ဆံပုံတွေအကြောင်း စုံစမ်းမေးမြန်းတာတွေ ရှိခဲ့တယ်လို့ Sea View Resort ဟိုတယ်က ရှင်းပြပါတယ်။

မဟုတ်တမ်းတရားတွေ နောက်ထပ်မရေးရင် သူ့အပေါ် အမှုဖွင့် တရားစွဲတာတွေ ဆက်မလုပ်တော့ဘူးလို့ မစ္စတာ ဘန်းစ်ကို သူတို့ အကြိမ်ကြိမ် ပြောခဲ့တယ်လို့ ဟိုတယ် ကြီးကြပ်ရေးက ပြောပါတယ်။

"မဟုတ်မမှန်၊ အသရေဖျက်တဲ့ မှတ်ချက်တွေ အချိန်အတော်ကြာ ထပ်ခါတလဲလဲ အရေးခံနေရတာဟာ ဟိုတယ်အပေါ် အကြီးအကျယ် ထိခိုက်နစ်နာစေပါတယ်။ အထူးသဖြင့် ဒီလို မကြုံစဖူး ခက်ခဲနေတဲ့ အချိန်မျိုးမှာပါ"

ထိုင်းနိုင်ငံရဲ့ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းဟာ ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြီးကြောင့် အကြီးအကျယ် အထိနာနေရပါတယ်။

ထိုင်းနိုင်ငံဟာ အသရေဖျက်မှုကို ရာဇဝတ်မှုအဖြစ် သတ်မှတ်တာဟာ သိပ်မဆန်းလှပေမဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်နိုင်တဲ့ အဲဒီဥပဒေက မတရား အသုံးချဖို့ အရမ်းလွယ်တယ်လို့ ထိုင်းအခြေစိုက် အရှေ့တောင်အာရှဆိုင်ရာ ဘီဘီစီသတင်းထောက် ဂျော်နသန် ဟက်ဒ် က ပြောပါတယ်။

၂၀၁၆ ခုနှစ်တုန်းက သူပို့ခဲ့တဲ့ ဘီဘီစီ သတင်းတစ်ပုဒ်ကြောင့် အသရေဖျက်မှု ရာဇဝတ်မှုနဲ့ သူတရားစွဲ အရေးယူခံခဲ့ရဖူးပါတယ်။

တစ်နှစ်ခွဲလောက်အကြာမှာတော့ တရားလိုဘက်က အမှုပြန်ရုပ်သိမ်းသွားခဲ့ပါတယ်။

တရားလိုအနေနဲ့ ဒီဥပဒေနဲ့ တရားစွဲချင်ရင် ရဲဌာန ဒါမှမဟုတ် အစိုးရရှေ့နေထံမှာ အမှုဖွင့်စရာ မလိုဘဲ တရားရုံးကို တိုက်ရိုက် ဦးတိုက် လျှောက်ထားနိုင်ပါတယ်။ တရားရုံးကလည်း အမှုကို ပယ်ချတာ အတော်လေး ရှားပါတယ်။

ဒီတော့ ဒီလို အတိုင်ခံရပြီဆိုတာနဲ့ ရာဇဝတ် တရားခံ အဖြစ် သတ်မှတ်ခံရလေ့ရှိပြီး တရားရုံးမှာ လာရောက် စစ်ဆေးခံဖို့ ဆင့်ခေါ်ခံရတတ်ပါတယ်။ တရားရုံးကို မလာရင်တော့ အဖမ်းခံရဖို့ ရှိပါတယ်။

တရားစွဲခံထားရသူ အနေနဲ့ အာမခံ လျှောက်ခွင့် ရှိမှာ ဖြစ်ပြီး တကယ်လို့ နိုင်ငံခြားသား ဖြစ်နေမယ်ဆိုရင် သူ့နိုင်ငံကူးလက်မှတ်ကို တရားရုံးက သိမ်းထားပါလိမ့်မယ်။ အမှုက နှစ်ပေါင်းများစွာ ကြာတတ်ပါတယ်။

တကယ်လို့ တရားစွဲခံထားရသူဘက်က အမှုနိုင်ခဲ့ရင်တောင် ရှေ့နေကြေးတွေ၊ တရားရုံးကုန်ကျစရိတ်တွေ ပြန်မတောင်းနိုင်ပါဘူး။ ဒါတွေ ပြန်တောင်းဖို့အတွက် သီးခြားအရပ်ဘက် အမှုနဲ့ ပြန်တရားစွဲရမှာ ဖြစ်ပါတယ်။

တရားလိုတွေဘက်က အမှုရှုံးသွားရင်တောင် ကုန်ကျစရိတ် ပေးစရာ မလိုပါဘူး။

ဒါ့ထက်ဆိုးတာက တခြားနိုင်ငံတွေလို ထိုင်းနိုင်ငံမှာ ကိုယ်ပြောတဲ့စကား၊ ကိုယ်ဖော်ပြခဲ့တဲ့ သတင်းက မှန်နေရင်တောင်၊ ဒါမှန်ပါတယ် ဆိုတာကို တရားလိုကလည်း ထုတ်ဖော် ဝန်ခံထားပြီးတာတောင် တရားစွဲခံထားရသူအနေနဲ့ ဒီသတင်းဟာ လူထုအကျိုးအတွက် ဖော်ပြရတာပါဆိုတာကို သက်သေမပြနိုင်ရင် ထောင်ကျရမယ့် အခြေအနေ ရှိနေဆဲပါ။ စိတ်ချရတဲ့ ရှေ့နေ၊ ထိုက်သင့်တဲ့ငွေနဲ့ ငှားနိုင်မယ့်ရှေ့နေ ရဖို့ကလည်း အရမ်းကို ခက်ပါတယ်။

ဒီတော့ စီးပွားရေး ဒါမှမဟုတ် နိုင်ငံရေးကိစ္စ အငြင်းပွားမှုတွေမှာ မကြာခဏ ဆိုသလို အဲဒီ အသရေဖျက်မှု ဥပဒေကို အသုံးချလေ့ ရှိတာ တွေ့ရမှာပါ။

မတရားမှုတွေကို တိုက်ပွဲဝင်နေသူတွေကို အနှောင့်အယှက်ပေးဖို့နဲ့ နှုတ်ဆိတ်သွားအောင် လုပ်ဖို့ ဒီဥပဒေကို အသုံးချလေ့ ရှိတယ်လို့ လူ့အခွင့်အရေး လှုပ်ရှားတဲ့ အဖွဲ့တွေက ပြောနေပါတယ်။

အသားကြိတ်စက်ရုံ ကုမ္ပဏီတစ်ခုဆိုရင် မတရားအလုပ်ခိုင်းစေနေတဲ့အကြောင်း တိုင်တန်းတဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေနဲ့ အလုပ်သမားတွေအပေါ် အမှုပေါင်း ၃၈ မှုလောက် စွဲဆိုထားပြီး အတော်များများဟာ အသရေဖျက်မှု ဥပဒေတွေနဲ့ ဖြစ်ပါတယ်။

ဒီအမှုအကြောင်း ဆိုရှယ်မီဒီယာမှာ ဝေဖန်ရေးခဲ့တဲ့ သတင်းထောက်တစ်ဦးလည်း ထောင်ဒဏ် ၂ နှစ် ချမှတ်ခံခဲ့ရပြီး ဖြစ်ပါတယ်။


BBC Burmese

https://www.bbc.com/burmese/world-54341590

မြန်မာ ကိုဗစ်ရောဂါပိုးတွေ့သူ ၁၂,၄၂၅၊ သေဆုံးသူ ၂၈၄

တာဝန်ထမ်းဆောင်နေကြသော PPE ဝတ်စုံနှင့် ကျန်းမာရေးဝန်ထမ်းတဦးကို ရန်ကုန်မြို့ရှိ လမ်းတခုတွင်တွေ့ရ။ (စက်တင်ဘာ ၂၇၊ ၂၀၂၀)

မြန်မာနိုင်ငံမှာ COVID-19 ကူးစက်သူ လူနာသစ် ၇၉၅ ယောက်ထပ် အတည်ပြုလိုက်တဲ့အတွက် အခုထိ ကူးစက်သူ စုစုပေါင်း ၁၂,၄၂၅ ယောက်ရှိသွားပြီဖြစ်ပါတယ်။ စက်တင်ဘာ ၂၉ ရက်နေ့ အတွက် စုစုပေါင်း ဓါတ်ခွဲနမူနာ ၅,၉၆၂ ခု စစ်ဆေးခဲ့တာမှာ လူနာသစ် ၈၀၀ နီးပါးတွေ့ရတာပါ။

လွန်ခဲ့တဲ့ ၂၄ အတွင်း သေဆုံးသူ ၂၈ ယောက်ရှိတဲ့အတွက် အခုထိသေဆုံးသူ ၂၈၄ ယောက်ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ည ၈ နာရီသတင်းမှာဖော်ပြထားပါတယ်။ အခုအချိန်ထိ ဓါတ်ခွဲနမူနာ စုစုပေါင်း ၂၈၉,၇၀၀ ကျော်စစ်ဆေးခဲ့ပြီးဖြစ်သလို အတည်ပြုလူနာတွေထဲ ရောဂါပိုးကင်းစင်လာတဲ့ အတွက် ဆေးရုံဆင်းခွင့်ရသူက ၃,၃၉၁ ယောက်ရှိပါတယ်။

နိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို ဆက်ပြီး ထိန်းချုပ်ဖို့ လိုအပ်တဲ့အတွက် ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့အထိ ထုတ်ပြန်ထားတဲ့ အမိန့်၊ အမိန့်ကြော်ငြာစာနဲ့ ညွှန်ကြားချက် တွေကို အောက်တိုဘာလ ၃၁ ရက်နေ့အထိ ရက်တိုးမြှင့် သတ်မှတ်ထားတယ်လို့ COVID – 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ကော်မတီ က စက်တင်ဘာ ၂၈ ရက်နေ့ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်ထားပါတယ်။

ရန်ကုန်တိုင်းအတွင်း တင်းကြပ်တဲ့ အသွားအလာ ကန့်သတ်ချက်တွေ ချမှတ်ထားပြီး မြို့တွင်း မြို့နယ် တခုနဲ့ တခု ခွင့်ပြုချက်မရဘဲ သွားလာခွင့်မရှိသလို ရန်ကုန်ပြင်ပ ခရီးသွားလာခွင့်ကိုလည်း တားမြစ်ထားပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/myanmar-covid-cases/5601908.html

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့ ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ