လူမည်းအမျိုးသား ပစ်ခတ်ခံရမှု Wisconsin ပြည်နယ်မှာ ဆက်လက်ဆန္ဒပြ

လူမည်းအမျိုးသား Jacob Blake ပစ်ခတ်ခံရမှုအတွက် ချီတက် ဆန္ဒပြကြသူများ။ (သြဂုတ် ၂၇၊ ၂၀၂၀)


Wisconsin ပြည်နယ် Kenosha မြို့မှာ လူမည်းအမျိုးသား Jacob Blake ကို လူဖြူရဲအရာရှိက သေနတ်နဲ့ ပစ်ခတ်မှုအတွက် လူထုဆန္ဒပြမှုတွေကို စနေနေ့မှာလည်း တွေ့နေရပါတယ်။

Kenosha မြို့မှာ ဒီသီတင်းပတ် အစောပိုင်းတုန်းက ဆန္ဒပြမှုတွေနဲ့ မတည်မငြိမ် ဖြစ်ခဲ့တဲ့အတွက် ပြည်နယ်လုံခြုံရေးတပ်တွေ ချထားချိန်မှာပဲ ဒီလူထုဆန္ဒပြမှုကို Blake ရဲ့ မိသားစုနဲ့ တက်ကြွလှုပ်ရှားသူတွေက စီစဉ်တာဖြစ်ပါတယ်။

အသက် ၂၉ နှစ်ရှိပြီဖြစ်တဲ့ Blake ဟာ သြဂုတ်လ ၂၃ ရက် တနင်္ဂနွေနေ့တုန်းက သူ့သားသမီးငယ်တွေ ရှေ့မှာပဲ ရဲက နောက်ကနေ သေနတ်နဲ့ ၇ ချက် ပစ်ခတ်တာခံခဲ့ရပြီး ခန္ဓာကိုယ် တစိတ်တပိုင်း မလှုပ်ရှားနိုင်ဘဲ ဖြစ်ခဲ့ရပါတယ်။

ရဲတွေရဲ့ ရက်စက်တဲ့လုပ်ရပ်နဲ့ ခွဲခြားဆက်ဆံခံရမှုအတွက် တနိုင်ငံလုံး ဆန္ဒပြမှုတွေ ဖြစ်ပွားနေချိန်မှာ လူဖြူအများစု နေထိုင်ရာ မြို့ကလေးမှာ အခုလို ဖြစ်ပွားခဲ့တာဖြစ်ပြီး တနင်္လာညမှာတော့ မီးရှို့ဖျက်ဆီးမှုတွေနဲ့ တခြား အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့တဲ့အပြင် နောက်တနေ့မှာတော့ ဆယ်ကျော်သက်တယောက်ရဲ့ ပစ်ခတ်မှုကြောင့် ဆန္ဒပြနေသူ ၂ ဦး သေဆုံးခဲ့ရပြီး ၁ ဦး ဒဏ်ရာရခဲ့တာပါ။

သေနတ်နဲ့ပစ်ခတ်သူဟာ အသက် ၁၇ နှစ်အရွယ် Kyle Rittenhouse ဖြစ်ပြီး အခု သူ့ကို ရာဇဝတ်ပြစ်မှု ၆ ခုနဲ့ စွဲချက်တင်ထားပါတယ်။

လူမည်းအမျိုးသား Blake ကို ပစ်ခတ်ခဲ့တဲ့ ရဲအရာရှိ Rusten Sheskey ကတော့ စုံစမ်းစစ်ဆေးမှု လုပ်နေချိန်မှာ ခွင့်နဲ့ နေနေရပါတယ်။ Kenosha မြို့ တည်ငြိမ်ဖို့နဲ့ တရားဥပဒေ စိုးမိုးရေးအတွက် ပြည်နယ်အုပ်ချုပ်ရေးမှူး Tony Evers က ပြည်နယ်လုံခြုံရေးတပ်တွေကို ဒီသီတင်းပတ် အစောပိုင်းမှာပဲ တိုးချထားခဲ့တာပါ။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/protests-in-wisconsin/5563524.html

လူမည်းအမျိုးသား ပစ်ခတ်ခံရမှု Wisconsin ပြည်နယ်မှာ ဆက်လက်ဆန္ဒပြ လူမည်းအမျိုးသား ပစ်ခတ်ခံရမှု Wisconsin ပြည်နယ်မှာ ဆက်လက်ဆန္ဒပြ Reviewed by THITHTOOLWIN on 08:56 Rating: 5

No comments:

Powered by Blogger.