ပအို့ဝ် PNO ပါတီ ပြည်ခိုင်ဖြိုးနဲ့ လက်တွဲဖြုတ်ပြီး နေရာ ၃၀ ကျော် ဝင်ပြိုင်မယ်

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) (ဓာတ်ပုံ - Pa-O National Organization - ဇွန် ၃၀၊ ၂၀၂၀)
တိုင်းရင်းသားနိုင်ငံရေး ပါတီတခုဖြစ်တဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ဟာ လာမယ့် နိုဝင်ဘာလ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်နေရာ ၃၀ ကျော်အတွက် ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုနိုင်ကွန်းအိန်က ပြောပြပေးပါမယ်။

အင်အားကြီးနိုင်ငံရေးပါတီဖြစ်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့ မဟာမိတ် အဖြစ်ကနေ ခွဲထွက်ပြီး ပအိုဝ်းတိုင်းရင်းသား အများစုနေထိုင်တဲ့ မဲဆန္ဒနယ်တွေမှာ ကိုယ်စားလှယ် ၃၄ နေရာအတွက် ယှဉ်ပြိုင်ဖို့ စီစဉ်နေတာပါ။ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသထဲက ဆီဆိုင်၊ ဟိုပုံးနဲ့ ပင်လောင်းသုံးမြို့နယ်အပြင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသပြင်ပက နယ်မြေတွေမှာပါ ယှဉ်ပြိုင်မှာ ဖြစ်ကြောင်းလည်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) အတွင်းရေးမှူး ၂ ဦးခွန်ထွန်းရွှေကပြောပါတယ်။

“လွှတ်တော်ကိုယ်စားလှယ်နေရာတွေက ၃၀ ဝန်းကျင်ရှိမယ်ဗျ ကိုယ်စားလှယ်လောင်းဦးရေ။ ကျနော်တို့ လူမျိုးများတဲ့ ရှမ်းပြည်နယ်၊ နောက်ကရင်ပြည်နယ်မှာလည်း ရှိမယ်။ နောက်မွန်လဲပြိုင်မယ်။ နောက်ပဲခူးတိုင်းကလည်း ပြိုင်မယ်ထင်တယ်။ ခုလောလောဆယ်တော့ ကျနော်တို့ ဆန္ဒနယ်မြေတွေတော်တော်များများ ဝင်ထားတော့ စိန်ခေါ်မှုကတော့ တခြားပါတီနဲ့လည်း ကျနော်တို့ ယှဉ်ပြိုင်ရမှာပေါ့ဗျာ။"

PNO ပါတီဟာ စစ်တပ်နဲ့နီးစပ်တဲ့ ပြည်ခိုင်ဖြိုးပါတီနဲ့ မဟာမိတ်အဖြစ် ရပ်တည်နေတာကို ရပ်ဆိုင်းလိုက်ကြောင်းလည်း မကြာသေးခင်ကပဲ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ပါတီခေါင်းဆောင် ဦးခွန်ထွန်းရွှေကတော့ ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေမှာ ပြည်ခိုင်ဖြိုးပါတီနဲ့ အပေးအယူလုပ်ခဲ့ပေမဲ့ ဒီတကြိမ်ရွေးကောက်ပွဲမှာ PNO အနေနဲ့ ကိုယ်လမ်းကိုယ်လျှောက်သွားမယ်လို့ ဆက်ပြောပါတယ်။

“ရွေးကောက်ပွဲကာလအနေအထားတခုအရတော့ သူပြိုင်တဲ့နေရာမှာ ကျနော်တို့လည်း ပြိုင်ရမယ်။ သူတို့လည်း ပြိုင်ရမှာပေါ့ဗျာ။ ပြီးခဲ့တဲ့ရွေးကောက်ပွဲတုန်းကတော့ အပေးအယူရှိကောင်းရှိမှာပေါ့။ ဒီတပတ်ကတော့ ကျနော်တို့ ပုံစံနဲ့ ကျနော်တို့သွားမယ်လို့တော့ အဲဒီလိုပဲမြင်တယ်ခင်ဗျ။ ကျနော်တို့ လမ်းကို ကျနော်တို့ လျှောက်မယ်လို့တော့ ကျနော် အဲဒီလို ဘဲမြင်တယ်။”

ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO အဖွဲ့က ဗဟိုအလုပ်မှုဆောင်ကော်မီတီဝင် ဗိုလ်မှူးခွန်မင်းသိန်းကတော့ PNO ပါတီအနေနဲ့ ပအိုဝ်းတိုင်းရင်းသားတွေအတွက် ကိုယ်စားပြုနိုင်ဖို့ ရည်ရွယ်ပြီး ပြည်ခိုင်ဖြိုးပါတီနဲ့ လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။

“တချို့က မဲက အတင်းအဓမ္မထည့်ခိုင်းတဲ့ပုံစံမျိုး ရှိလာတဲ့အခါကျရင် တချို့ကလည်း ပအိုဝ်းပါတီကို မဲထည့်မယ်၊ တောင်းဆိုလာတဲ့ ပုံစံမျိုး ရှိလာတာပေါ့လေ။ တောင်းဆိုလာတဲ့အပေါ်မူတည်ပြီးတော့ သူတို့ ဒီလိုမျိုးဆုံးဖြတ်ချက်ရွေးချယ်ခဲ့တာ ထင်မြင်တာပေါ့။”

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) အနေနဲ့ ကြံ့ခိုင်ရေးပါတီကို မဟာမိတ်အဖြစ်က ရပ်စဲတယ်ဆိုတဲ့သတင်းဟာ တရားဝင် မသိရသေးသလို လက်ရှိမဟာမိတ်အဖြစ်ရှိနေဆဲလိ့ု ပြည်ခိုင်ဖြိုးပါတီပြောခွင့်ရသူ ဒေါက်တာ နန္ဒာလှမြင့်ကပြောပါတယ်။

“မဟုတ်ပါဘူး။ တခုခုတော့ လွဲနေပြီးထင်တယ်။ အဲဒီလိုထုတ်ပြန်တာလည်း မရှိပါဘူး။ PNO ဘက်က။ စကားပြောတာဆိုတာ နားလည်မှု လွဲလား မသိဘူးပေါ့လေ။ အခုချိန်ထိကျနော်တို့ မဟာမိတ်အဖြစ်ရှိနေပါတယ် PNO နဲ့ ကျနော်တို့ ပါတီနဲ့လေ။”

PNO ကနေ ကြံ့ခိုင်ရေးပါတီနဲ့ ညှိနှိုင်းပြီး ဝင်မပြိုင်ခဲ့တဲ့ ပအိုဝ်းလူမျိုးတွေအနေများတဲ့ တချို့ဒေသတွေမှာ ၂၀၁၀ ရွေးကောက်ပွဲတုန်းက ကြံ့ခိုင်ရေးနိုင်ခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲမှာတော့ NLD အနိုင်ရထားပါတယ်။

ဦးအောင်ခမ်းထီဦးဆောင်တဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)ဟာ အရင်ကမြန်မာအစိုးရကို လက်နက်ကိုင်တော်လှန်နေတဲ့ အဖွဲ့အစည်းဖြစ်ပေမဲ့ ၁၉၉၁-ခုနှစ်မှာ မြန်မာစစ်အစိုးရနဲ့ ငြိမ်းချမ်းရေး ရယူခဲ့ပါတယ်။

စစ်အစိုးရကနေ ဆီဆိုင် ဟိုပုန်း ပင်လောင်း ဒေသတွေကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ်သတ်မှတ်ပေးခဲ့ပါတယ်။

PNO ဟာ ပြီးခဲ့တဲ့ ၂၀၁၀၊ ၂၀၁၅ ရွေးကောက်ပွဲနှစ်ကြိမ်လုံးမှာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေမှာ အနိုင်ရထားတဲ့ပါတီ ဖြစ်ပါတယ်။

ကိုနိုင်ကွန်းအိန်  / ဗွီအိုအေ ( မြန်မာပိုင်း)
https://burmese.voanews.com/a/pno-party-myanmar-election/5525219.html
ပအို့ဝ် PNO ပါတီ ပြည်ခိုင်ဖြိုးနဲ့ လက်တွဲဖြုတ်ပြီး နေရာ ၃၀ ကျော် ဝင်ပြိုင်မယ် ပအို့ဝ် PNO ပါတီ ပြည်ခိုင်ဖြိုးနဲ့ လက်တွဲဖြုတ်ပြီး နေရာ ၃၀ ကျော် ဝင်ပြိုင်မယ် Reviewed by THITHTOOLWIN on 07:00 Rating: 5
Powered by Blogger.