'ဝ' တိုင်းမှာ NLD ပထမဆုံးအကြိမ် ရွေးကောက်ပွဲဝင်ပြိုင်မယ်

ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းရဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှု နှစ်၃၀ ပြည့်အခမ်းအနားကို ပြီးခဲ့တဲ့နှစ်က ခမ်းခမ်းနားနားကျင်းပခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ၂၀၂၀ ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းစာရင်းအရ 'ဝ' ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းထဲက မဲဆန္ဒနယ်တွေမှာ အာဏာရပါတီဟာ ပထမဆုံးအကြိမ်အဖြစ် ရွေးကောက်ပွဲဝင်ပြိုင်မှာ ဖြစ်ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲတုန်းက 'ဝ' ကမဲဆန္ဒနယ်တွေမှာ NLD က ဝင်မပြိုင်ခဲ့ပေမယ့် လာမယ့်ရွေးကောက်ပွဲမှာတော့ ဟိုပန်နဲ့ မက်မန်းက မဲဆန္ဒနယ် ၄ ခုမှာ ဝင်ပြိုင်သွားမှာပါ။

၂၀၁၀ နဲ့ ၂၀၁၅ ရွေးကောက်ပွဲနှစ်ကြိမ်စလုံးမှာ 'ဝ' ဒေသ မှာ အများစုနိုင်ထားတဲ့ 'ဝ' ဒီမိုကရက်တစ်ပါတီ ကလည်း ဒေသခံ 'ဝ' ပါတီတွေနဲ့ ပူးပေါင်းပြီး ဝ အမျိုးသားပါတီအဖြစ် ရွေးကောက်ပွဲဝင်မှာဖြစ်လို့ အာဏာရပါတီအနေနဲ့ အကြိတ်အနယ်ယှဉ်ပြိုင်ရဖို့ရှိနေတယ်လို့ နိုင်ငံရေး လေ့လာသူတွေက သုံးသပ်ကြပါတယ်။

အစိုးရ နဲ့ 'ဝ' ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA) တို့ မြို့နယ်တချို့စီ ထိန်းချုပ်ထားတဲ့ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းမှာ မြို့နယ် ၆ ခု ရှိပေမယ့် အစိုးရရုံးစိုက်တဲ့ ဟိုပန်နဲ့ မက်မန်းမြို့နယ် ၂ ခုမှာပဲ ရွေးကောက်ပွဲ ဖြစ်ဖို့များနေတယ်လို့ ဝင်ပြိုင်မယ့်ပါတီတွေက ပြောပါတယ်။
'နိုင်ရန်ရာနှုန်း ၈၀'

NLD ကနေ ဟိုပန်၊ပြည်သူ့လွှတ်တော်နေရာအတွက်ဝင်ပြိုင်မယ့် ဦးအောင်ကိုဝင်းက ပါတီအနေနဲ့ ရွေးကောက်ပွဲအနိုင်ရဖို့ ရာခိုင်နှုန်း ၈၀ လောက်မျှော်မှန်းထားတယ်လို့ ဘီဘီစီကိုပြောပါတယ်။

'ကျွန်တော်တို့ရဲ့ကြိုးစားမှုနဲ့ ပြည်သူလူထုရဲ့ ရွေးချယ်မှုက အဆုံးအဖြတ်ပေးမှာပါ' လို့ သူကပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ဟိုပန်မြို့နယ်ရဲ့ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၊ 'ဝ' ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း ဦးစီးအဖွဲ့ရဲ့ ဥက္ကဋ္ဌ လောင်း ဖြစ်နိုင်တဲ့ ဟိုပန်အမှတ်(၁)နဲ့အမှတ်(၂) မဲဆန္ဒနယ်တွေမှာ ဝင်ပြိုင်မှာဖြစ်ပါတယ်။ 'ဝ' တိုင်း ဥက္ကဋ္ဌ နှစ်ဆက်လုပ်ခဲ့တဲ့ 'ဝ' ခေါင်းဆောင် ဦးခွန်ထွန်းလူ ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သက်တမ်းနှစ်ဆက်ထက် ပိုမလုပ်ရမှာမို့ ရွေးကောက်ပွဲပြီးရင် 'ဝ' တိုင်းမှာ ဥက္ကဋ္ဌအသစ်မြင်ရဖို့ရှိပါတယ်။
ဟိုပန်နဲ့ မက်မန်းက မဲဆန္ဒနယ် ၄ ခုမှာ NLD ဝင်ပြိုင်ဖို ရှိနေပါတယ်။

ဒါ့အပြင် 'ဝ' ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းရဲ့ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်ဖြစ်တဲ့ မဲဆန္ဒနယ်(၁၁) မှာလည်း ဝင်ပြိုင်မှာဖြစ်ပါတယ်။ ဒါပေမဲ့ မက်မန်းရဲ့ ပြည်သူ့လွှတ်တော်နဲ့ ပြည်နယ်လွှတ်တော်နှစ်နေရာကိုတော့ ဝင်ပြိုင်မှာမဟုတ်ပါဘူး။

'ဝ' အမျိုးသားပါတီကတော့ 'ဝ' တိုင်းထဲ က ဟိုပန်ရော မက်မန်းက မဲဆန္ဒနယ်အားလုံးမှာ ဝင်ပြိုင်မှာဖြစ်ပြီး အနိုင်အရှုံးပြောဖို့ စောသေးတယ်လို့ ပါတီဥက္ကဋ္ဌ ဦးဆိုင်ပေါင်းနပ်က ဘီဘီစီကို ပြောပါတယ်။

" 'ဝ' နယ်မြေမှာ 'ဝ' တိုင်းရင်းသားတွေ ကိုယ်စားလှယ်ဖြစ်ရင် ဒေသအတွက် အကောင်းဆုံးလုပ်ပေးနိုင်ပါလိမ့်မယ်" လို့ သူကပြောတယ်။
'ထူးခြားတဲ့မဲဆန္ဒနယ်'

ဟိုပန်၊ မက်မန်း၊ နားဖန်း၊ မိုင်းမော၊ ပန်ဝိုင်နဲ့ ပန်ဆန်း မြို့နယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဟာ ဟိုပန်နဲ့ မက်မန်းနှစ်ခုသာ အစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာရှိပြီး ကျန်တဲ့ မြို့နယ် လေးခုက ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)ရဲ့ ထိန်းချုပ်မှုအောက်မှာပါ။

လူဦးရေ ခြောက်သိန်းလောက်နေထိုင်တဲ့ UWSA ရဲ့ထိန်းချုပ်မှုအောက်က မြို့နယ်လေးခုမှာ ၂၀၁၀ ရွေးကောက်ပွဲကတည်းက ရွေးကောက်ပွဲလုပ်နိုင်ခဲ့ခြင်းမရှိပါဘူး။ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲကို ကျင်းပနိုင်အောင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကကြိုးစားခဲ့ပေမယ့်လည်း ဖြစ်လာနိုင်ခြေမရှိတော့ဘူးလို့ ဝ ဒေသခံ NLD ဘက်ကရော ဝ ပါတီဘက်ကပါ ပြောပါတယ်။

"UWSA ဘက်က နယ်မြေတွေမှာ ရွေးကောက်ပွဲမလုပ်ဖြစ်ပေမယ့် ဒီဘက်ကလုပ်တဲ့ မဲဆန္ဒနယ်တွေမှာတော့ သူတို့က ဝင်ရောက်စွက်ဖက်တာမရှိဘူး" လို့ ဦးဆိုင်ပေါင်းနပ်ကပြောပါတယ်။

ဝ ဒေသ ကို အစိုးရက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း လို့ သတ်မှတ်ထားပြီး UWSA ကတော့ ပြည်နယ်အဆင့်သတ်မှတ်ထားပါတယ်။ နိုင်ငံရေးလေ့လာ သုံးသပ်သူတွေကတော့ UWSA ဟာ သီးခြားအုပ်ချုပ်ရေး၊ သီးခြား လက်နက်ကိုင်အဖွဲ့ ရှိတဲ့အတွက် ပြည်နယ်အဆင့်ထိတောင်ကျော်လွန်နေပြီလို့ သုံးသပ်ကြပါတယ်။

BBC Burmese
'ဝ' တိုင်းမှာ NLD ပထမဆုံးအကြိမ် ရွေးကောက်ပွဲဝင်ပြိုင်မယ် 'ဝ' တိုင်းမှာ NLD ပထမဆုံးအကြိမ် ရွေးကောက်ပွဲဝင်ပြိုင်မယ် Reviewed by THITHTOOLWIN on 07:11 Rating: 5

No comments:

Powered by Blogger.