အောင်နိုင်ရေးထိခိုက်စေလို့ ကိုယ်စားလှယ်လောင်းတချို့ လဲလှယ်ရကြောင်း NLD ပါတီပြော

ကိုယ်စားလှယ်လောင်းကန့်ကွက်တာတွေကို NLD ပါတီ ဗဟိုက ပြန်လည်စိစစ်အပြီးမှာ ၁၂ ဦးကို ကိုယ်စားလှယ်စာရင်းကနေ ဖယ်ရှား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းဦးရေ တစ်ထောင်ကျော်ထဲကနေ ကန့်ကွက်ခံရတဲ့ ကိုယ်စားလှယ်လောင်းတချို့ကို ဝင်ရောက်ယှဉ်ပြိုင်မယ့် စာရင်းကနေ ဖယ်ရှားလိုက်ပါတယ်။

လာမယ့် ၂၀၂၀ ရွေးကောက်ပွဲအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေစာရင်း ထုတ်ပြန်အပြီးမှာ ကန့်ကွက်မှုတွေ အများအပြား ရှိလာပါတယ်။

ကိုယ်စားလှယ်လောင်းကန့်ကွက်တာတွေကို NLD ပါတီ ဗဟိုက ပြန်လည်စိစစ်အပြီးမှာ ၁၂ ဦးကို ကိုယ်စားလှယ်စာရင်းကနေ ဖယ်ရှားခဲ့တယ်လို့ NLD ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က ဘီဘီစီကို ပြောပါတယ်။

"အဓိကက ကျွန်တော်တို့ အောင်နိုင်ရေးကို ထိခိုက်စေနိုင်လောက်တဲ့ ခိုင်လုံတဲ့အကြောင်းရှိမှ ပြောင်းလဲပါတယ်။ ဥပမာဆိုပါတော့ မြန်မာပြည်ပြန်ရောက်တာ ဆယ်နှစ် မပြည့်သေးဘူးလို့ ကျွန်တော်တို့တွေ့ရတာမျိုးတွေ၊ သူဟာ ရာဇဝတ်ကြောင်းနဲ့ တရားစွဲဆိုခံရပြီးတော့ အမှုသွားအမှုလာအရ အရေးကြီးတယ်လို့ ကျွန်တော်တို့သတ်မှတ်တဲ့ဟာတွေ အဲဒီလိုဟာမျိုးတွေကို ကျွန်တော်တို့က အောင်နိုင်ရေးအတွက် ထိခိုက်နိုင်တယ်လို့ သတ်မှတ်ပါတယ်။ တခြားအကြောင်းအချက်တွေလည်းရှိပါသေးတယ်"သူက ပြောပါတယ်။

ကိုယ်စားလှယ်စာရင်းက အဖယ်ရှားခံရသူတွေ ဘယ်သူတွေဆိုတာကို ပါတီဘက်က ပြောကြားခြင်းမရှိပေမယ့် ဖယ်ရှားခံရတဲ့ ကိုယ်စားလှယ်လောင်းတွေကို အကြောင်းကြားစာပေးပို့ပြီးဖြစ်တယ်လို့ ဒေါက်တာမျိုးညွန့်ကပြောပါတယ်။

ရန်ကုန်၊ ဧရာဝတီနဲ့ မွန်ပြည်နယ် အပါအဝင် ဒေသအများစုမှာ ကိုယ်စားလှယ်ဟောင်းတွေ ပြန်ပါလာတဲ့အပေါ် ဒေသခံပါတီဝင်တွေနဲ့ ပါတီဝင်မဟုတ်ပေမယ့် NLD ကိုထောက်ခံသူ အမာခံအများစုက ကန့်ကွက်တာတွေ အများအပြားရှိခဲ့ပါတယ်။

ကိုယ်စားလှယ်လောင်းတွေကိုကန့်ကွက်တဲ့ကန်ပိန်းမှာ ပါဝင်သူတစ်ဦးဖြစ်တဲ့ မွန်ပြည်နယ် မုဒုံမြို့နယ်က အရပ်ဖက်အဖွဲ့အစည်းက ကိုဇော်မင်းဦးက NLD ရဲ့ ကိုယ်စားလှယ်လောင်းအချို့ ပြန်လည်လဲလှယ်ခဲ့တဲ့အအပေါ် သူ့ရဲ့အမြင်ကို အခုလိုပြောပြပါတယ်။

"အခုမှပဲ အောက်ခြေကအသံတွေ ဗဟိုက သိတယ်လို့ ကျွန်တော်ထင်တယ်ပေါ့နော်။ အခုတင်သွားတဲ့ဟာကပြောရင် ပြည်နယ်ဆို ပြည်နယ်၊ တိုင်းဆိုတိုင်းပေါ့နော်။ ဒီလိုဆုံးဖြတ်ချက်တွေနဲ့ တင်သွားပြီးတော့ ဗဟိုက ပြန်မစစ်ဘဲနဲ့ ဒီတိုင်းပြန်ချလာပေးတယ်လို့ပဲ ကျွန်တော်တို့ထင်တယ်။ အခုလိုအပြောင်းအလဲတစ်ခုရတယ်လို့သတင်းကြားရတာပေ့ါနော်။ အဲဒီလိုအနေအထားတော့သိရတာပေါ့။ ဒါပေမဲ့ သေချာတော့လည်း result က အတိအကျကျွန်တော်တို့မသိရသေးဘူးလေ" လို့ သူက ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကိုယ်စားလှယ်လောင်း ၁,၁၃၁ ဦးဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒီထဲက ကိုယ်စားလှယ်လောင်းအများစုကို ပါတီတွင်းမှာပဲ ကန့်ကွက်၊ တိုင်ကြားတာတွေ အများအပြား ရှိခဲ့တဲ့အတွက် ဒါနဲ့ပတ်သက်ပြီး ပါတီဥက္ကဋ္ဌဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပါတီဝင်တွေကို အမှာ စကားထပ်မံပြောသွားဖို့ရှိတယ်လို့ သိရပါတယ်။

BBC Burmese
အောင်နိုင်ရေးထိခိုက်စေလို့ ကိုယ်စားလှယ်လောင်းတချို့ လဲလှယ်ရကြောင်း NLD ပါတီပြော အောင်နိုင်ရေးထိခိုက်စေလို့ ကိုယ်စားလှယ်လောင်းတချို့ လဲလှယ်ရကြောင်း NLD ပါတီပြော Reviewed by THITHTOOLWIN on 19:59 Rating: 5

No comments:

Powered by Blogger.