မြန်မာပေါ် Genocide စွဲချက်နဲ့ဆက်စပ်တဲ့ ဂမ်ဘီယာတောင်းဆိုချက် ပယ်ချပေးဖို့ Facebook ပန်ကြား

ICJ နိုင်ငံတကာတရားရုံး ကြားနာပွဲမှာ တွေ့ရတဲ့ ဂမ်ဘီယာဘက်က မြင်ကွင်း။ (နိုဝင်ဘာ ၁၁၊ ၂၀၁၉)

မြန်မာစစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ Facebook ပေါ်က ပို့စ်တွေနဲ့ ဆက်သွယ်ပြောဆိုချက်တွေကို ထုတ်ပြန်ပေးဖို့ ဂမ်ဘီယာနိုင်ငံဘက်က တောင်းဆိုတာကို Facebook ကုမ္ပဏီက လက်မခံဘဲ ပယ်ချလိုက်ပါတယ်။

ရိုဟင်ဂျာမွတ်စလင်တွေကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ဂမ်ဘီယာက မြန်မာနိုင်ငံကို နိုင်ငံတကာတရားရုံး (ICJ) မှာ တရားစွဲထားတာနဲ့ ဆက်စပ်ပြီး အခုလိုတောင်းဆိုတာပါ။

ဒီတောင်းဆိုချက်ကို ပယ်ချပေးဖို့ ဝါရှင်တန် ဒီစီ၊ အမေရိကန် ခရိုင်တရားရုံးမှာ Facebook ကုမ္ပဏီက အင်္ဂါနေ့မှာ လျှောက်ထားလိုက်တာဖြစ်ပြီး ဂမ်ဘီယာဘက်က တောင်းဆိုမှုဟာ ဆက်သွယ်ရေးဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီတွေအနေနဲ့ သုံးစွဲသူတွေရဲ့ ဆက်သွယ်ပြောဆိုမှုတွေကို မဖော်ပြရဘူးလို့ တားမြစ်ထားတဲ့ အမေရိကန်ဥပဒေတွေကို ချိုးဖောက်ရာရောက်စေမှာဖြစ်တယ်လို့ ပြောပါတယ်။

မြန်မာစစ်တပ်နဲ့ ရဲတပ်ဖွဲ့က အဓိကကျတဲ့ ပုဂ္ဂိုလ်တွေရဲ့ အချက်အလက်မှတ်တမ်းတွေနဲ့ ဆက်သွယ်ပြောဆိုမှုတွေကို ထုတ်ပြန်ပေးဖို့ ဂမ်ဘီယာနိုင်ငံက ပြီးခဲ့တဲ့ ဇွန်လမှာ တောင်းဆိုခဲ့တာဖြစ်ပြီး ဒီတောင်းဆိုမှုက အလွန်ကို ကျယ်ပြန့်ပြီးတော့ အဲဒီလူတွေရဲ့ အကောင့်တွေကို အထူး အကန့်အသတ်မရှိ ဝင်ရောက်ကြည့်ရှုနိုင်ဖို့လိုမှာ ဖြစ်တယ်လို့ Facebook က ပြောပါတယ်။

မြန်မာနိုင်ငံဟာ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ၁၉၄၈ ခုနှစ် ကုလသမဂ္ဂ သဘောတူစာချုပ်ကို ချိုးဖောက်တယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံက နယ်သာလန်နိုင်ငံ The Hague မြို့မှာရှိတဲ့ နိုင်ငံတကာတရားရုံးမှာ တရားစွဲထားတာပါ။ မြန်မာအာဏာပိုင်တွေဘက်ကတော့ လုံခြုံရေးတပ်ဖွဲ့တွေဟာ ဒေသတွင်းမှာ လုံခြုံရေးစခန်းတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ ARSA အကြမ်းဖက်ဝါဒီတွေကို နယ်မြေရှင်းလင်းရေးလုပ်ခဲ့တာဖြစ်ပြီး ရက်စက်ကြမ်းကြုတ်မှုတွေ စနစ်တကျကျူးလွန်ဖို့ စီစဉ်ခဲ့တာမရှိဘူးလို့ ငြင်းဆိုခဲ့ပါတယ်။

၂၀၁၇ သြဂုတ်လက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မြန်မာစစ်တပ်ဘက်က နယ်မြေရှင်းလင်းရေးတွေကြောင့် အဲဒီမှာရှိတဲ့ ရိုဟင်ဂျာမွတ်စလင် ၇၃၀,၀၀၀ ကျော်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ကြပြီး အဲဒီက ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြတာဖြစ်ပါတယ်။ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူတွေကတော့ အမုန်းစကားတွေ ဖြန့်ဝေတာနဲ့ အကြမ်းဖက်မှုတွေဖြစ်အောင် လှုံ့ဆော်တဲ့နေရာမှာ Facebook ဟာ အဓိကအခန်းကဏ္ဍက ပါဝင်ခဲ့တယ်လို့ ၂၀၁၈ ခုနှစ်က ပြောထားပါတယ်။ ဒါပေမဲ့ Facebook ဘက်ကတော့ သူတို့အနေနဲ့အမုန်းစကားတွေ ဖြန့်ဝေနေတာတွေကို တားဆီးဖို့ လုပ်နေကြောင်း၊ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတဝန်းမှာ အမုန်းစကားတွေ ဖြန့်ဝေတာနဲ့ အကြမ်းဖက်ဝါဒစွဲလုပ်ရပ်တွေကို သူတို့အနေနဲ့ ဆန့်ကျင်ကြောင်း Facebook ပြောခွင့်ရက ဒီနေ့ ပြောပါတယ်။

ဒါ့အပြင် သူတို့အနေနဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ သီးခြားလွတ်လပ်တဲ့ စုံစမ်းရေးအဖွဲ့ (IIMM) နဲ့အတူ လက်တွဲလုပ်ဆောင်နေတယ်လို့လည်း ပြောပါတယ်။

IIMM ဟာ နိုင်ငံတကာတရားရုံးတွေမှာ နောက်ပိုင်းဖြစ်လာနိုင်တဲ့ ဘယ်လို တရားစွဲဆိုမှုမျိုးကိုမဆို ပံ့ပိုးဖို့ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းထားတဲ့အဖွဲ့ ဖြစ်ပါတယ်။

မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းကို အခုချိန်ထိ အသိအမှတ်မပြုထားပါဘူး။

ဗွီအိုအေ (မြန်မာပိုင်း)

မြန်မာပေါ် Genocide စွဲချက်နဲ့ဆက်စပ်တဲ့ ဂမ်ဘီယာတောင်းဆိုချက် ပယ်ချပေးဖို့ Facebook ပန်ကြား မြန်မာပေါ် Genocide စွဲချက်နဲ့ဆက်စပ်တဲ့ ဂမ်ဘီယာတောင်းဆိုချက် ပယ်ချပေးဖို့ Facebook ပန်ကြား Reviewed by THITHTOOLWIN on 19:15 Rating: 5

No comments:

Powered by Blogger.