ကေအိုင်အိုနဲ့ FPNCC အဖွဲ့တွေ ၂၁ ရာစု ပင်လုံ တက်မတက် မသေချာသေးဘူးလို့ ဆို

၂၀၁၈ ဇူလိုင်တုန်း တိုင်းရင်းသားခေါင်းဆောင်တွေ နေပြည်တော် လာရောက်စဉ်


တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်ကို လက်မှတ်မထိုးရသေးတဲ့ လက်နက်ကိုင်အဖွဲ့ အများစု ပါဝင်ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ FPNCC ထဲက ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) အပါအဝင် အဖွဲ့အချို့က လေးကြိမ်မြောက် ၂၁ ရာစုပင်လုံကို တက်ဖို့ မသေချာသေးဘူးလို့ ကချင်ငြိမ်း ချမ်းရေးအကျိုးဆောင် ဖြစ်သူ လမိုင်ဂွန်ဂျာက ဘီဘီစီကိုပြောပါတယ်။


KIO အပါအဝင် FPNCC အဖွဲ့ဝင်တွေကို လွန်ခဲ့တဲ့ ၃ ရက်ကတည်းက အစိုးရရဲ့ ဖိတ်ကြားမှုကို ပေးပို့ အသိပေး ခဲ့ပြီးဖြစ်ပေမယ့် ဒီနေ့ ဩဂုတ်လ ၁၀ ရက်နေ့အထိတော့ တက်မတက်ကို အကြောင်းပြန်ကြတာမျိုးမရှိသေးကြ သေးဘူးလို့ လမိုင်ဂွန်ဂျာက ပြောပါတယ်။


FPNCC ကို UWSA 'ဝ'လက်နက်ကိုင်အဖွဲ့ရဲ့ ဦးဆောင်မှုနဲ့ ဖွဲ့စည်းခဲ့ပြီး KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ဒုတိယဦးဆောင်သူအဖြစ် ရှိနေပါတယ်။ FPNCC မှာ မြောက်ပိုင်းမဟာမိတ် လေးဖွဲ့အပြင် '၀'၊ မိုင်းလား၊ SSPP ရှမ်းပြည်တပ်မတော် မြောက်ပိုင်း စုစုပေါင်း (၇) ဖွဲ့ ပါဝင်ပါတယ်။


အဲဒီလိုလက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေကို ဖိတ်ကြားရာမှာတော့ ရက္ခိုင့်တပ်တော် အေအေကို မဖိတ်ဘူးလို့ အစိုးရက ကြေညာခဲ့ပါတယ်။

၂၁ ရာစုပင်လုံကို NLD အစိုးရတက်လာပြီးနောက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး ကျင်းပ


အေအေနဲ့ တပ်မတော်တို့အကြား တိုက်ပွဲတွေဖြစ်နေတာ နှစ်နဲ့ချီကြာမြင့်နေပြီး အေအေကိုလည်း အကြမ်းဖက် အဖွဲ့အစည်းအဖြစ် အစိုးရက သတ်မှတ်ထားပါတယ်။


ဒါကြောင့် KIO အနေနဲ့တော့ အဖွဲ့ဝင်ဖြစ်တဲ့ အေအေ ကိုမဖိတ်ကြားတာကြောင့် လေးကြိမ်မြောက် ၂၁ ရာစု ပင်လုံကို တက်ရောက်ဖို့ အသေအချာ မပြောနိုင်သေးဘူးလို့ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်း လမိုင်ဂွန်ဂျာက ဘီဘီစီကို အတည်ပြုပါတယ်။


    ၂၁ ရာစု ပင်လုံညီလာခံ အထိ ရောက်ဖို့ ဆွေးနွေးပွဲ အဆင့်တွေ သိပ်များလွန်းနေ

    ပင်လုံညီလာခံကို အေအေကလွဲပြီး NCA လက်မှတ်မထိုးထားတဲ့ အဖွဲ့ ၇ ဖွဲ့ကို ဖိတ်မယ်


FPNCC အဖွဲ့ဝင်ဖြစ်တဲ့ တအာင်းလက်နက်ကိုင်အဖွဲ့ TNLA ကလည်း လေးကြိမ်မြောက် ၂၁ ရာစုပင်လုံကို တက်မတက်ဆိုတာကို လူကြီးတွေအနေနဲ့ ဆုံးဖြတ်ထားတာရှိမရှိ မသိရသေးဘူးလို့ ဗိုလ်မှူးမိုင်အိုက်ကျော်က ဘီဘီစီကို ပြောပါတယ်။


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်မှာတော့ ၂၁ ရာစုပင်လုံညီလာခံကိုကျင်းပကာ အပစ်ရပ်လက်မှတ် ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဆွေးနွေးမှုရလဒ်တွေကို ပြည်ထောင်စု သဘောတူညီချက် တွေအဖြစ် နှစ်ဖက်သဘောတူကာ စာချုပ်ချုပ်ဆိုနေတာလည်း ဖြစ်ပါတယ်။


တတိယအကြိမ်အထိ ကျင်းပပြီးခဲ့တဲ့ ၂၁ ရာစုပင်လုံကတဆင့် မြေယာအရေး၊ လူမှုရေး၊ စီးပွားရေး အစရှိတဲ့ သဘောတူညီချက်ပေါင်း ၅၁ ခု အထိ ရရှိထားပြီး ဖြစ်ပါတယ်။ ဖက်ဒရယ်၊ နိုင်ငံရေး၊ ပြည်နယ်ဖွဲ့စည်းပုံရေးဆွဲနိုင်ရေး အစရှိတဲ့အပိုင်းတွေမှာတော့ သဘောတူညီချက် အနည်းအကျဉ်းသာ ရရှိပါသေးတယ်။ 


BBC Burmese

https://www.bbc.com/burmese/burma-53725629

ကေအိုင်အိုနဲ့ FPNCC အဖွဲ့တွေ ၂၁ ရာစု ပင်လုံ တက်မတက် မသေချာသေးဘူးလို့ ဆို  ကေအိုင်အိုနဲ့ FPNCC အဖွဲ့တွေ ၂၁ ရာစု ပင်လုံ တက်မတက် မသေချာသေးဘူးလို့ ဆို Reviewed by THITHTOOLWIN on 21:27 Rating: 5

No comments:

Powered by Blogger.