မဲမပေးဖို့လှုံ့ဆော်သူကို အရေးယူနိုင်တဲ့ ဥပဒေပုဒ်မ ရွေးကော် Facebook မှာ ဖော်ပြ

မဲမပေးဖို့ လှုံ့ဆော်ထားတဲ့ ဖေ့စ်ဘွတ်စာမျက်နှာတစ်ခုကို တွေ့ရစဉ်

ရွေးကောက်ပွဲမှာ မဲမပေးကြဖို့ လှုံ့ဆော်မှုတချို့ ပေါ်ထွက်နေချိန်မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒီလို လှုံ့ဆော်မှုနဲ့ ပတ်သက်ပြီး  ရွေးကောက်ပွဲဥပဒေပါ ပုဒ်မတစ်ခုကို ကော်မရှင်ရဲ့ Facebook စာမျက်နှာမှာ  ဒီကနေ့ သြဂုတ်လ ၁၂ ရက်နေ့မှာ ဖော်ပြလိုက်ပါတယ်။


လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၅၈ (ဃ) အရ ဆန္ဒမဲပေးခြင်း ပျက်ပြားစေရန် ဖြစ်စေ၊ ရွေးကောက်ပွဲ ပျက်ပြားစေရန်ဖြစ်စေ၊ စည်းဝေးဟောပြောခြင်း၊ လှုံ့ဆော်ခြင်း၊ ရေးသားခြင်း၊ ဖြန့်ချိခြင်း၊ ပိုစတာများ အသုံးပြုခြင်းစတာတွေနဲ့ အားထုတ်ကြိုးပမ်းခြင်းမပြုရ၊ ကျူးလွန်ပါက အများဆုံး ထောင်ဒဏ် တစ်နှစ်ဖြစ်စေ၊ ငွေဒဏ်ဆိုရင် အများဆုံး ကျပ် တစ်သိန်းဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရနိုင်တယ်လို့ ပြဌာန်းထားကြောင်း ဥပဒေပါ ကောက်နုတ်ချက်ကို ကော်မရှင်က ဖော်ပြလိုက်တာပါ။


ရွေးကောက်ပွဲကနေ တက်လာတဲ့အစိုးရဟာ မဲဆန္ဒရှင်တွေရဲ့ ဆန္ဒကို မဖြည့်ဆည်းနိုင်တာကြောင့် အယုံအကြည်မရှိဘူးဆိုပြီး ဇူလိုင်လလောက်ကစလို့ No Vote ဆိုတဲ့  စည်းရုံးလှုံ့ဆော်မှုတချို့ အွန်လိုင်း လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပါတယ်။


ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အယုံအကြည် မရှိတဲ့အတွက် လာမယ့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကို မဲမပေးဘဲ သပိတ်မှောက်ကြောင်း ကြေညာခဲ့ပါတယ်။ ဗကသ ဗဟို အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ကိုသက်မောင်မောင်က  - ရွေးကောက်ပွဲ မဲမပေးရေး No Vote လှုပ်ရှားမှုလုပ်လို့ တစ်ခုခုတုံ့ပြန်မယ်ဆိုရင်လည်း ရင်ဆိုင်ဖို့ အသင့်ရှိနေတဲ့အပြင် ဒီလှုပ်ရှားမှုကို ဒီထက်ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။


နိုင်ငံရေးပါတီတွေကလည်း No Vote လှုပ်ရှားမှုတွေမှာ ပြည်သူတွေ မပါဝင်ကြဖို့၊ ငါးနှစ်မှ တစ်ကြိမ်ရတဲ့ အခွင့်အရေးကို အသုံးပြုပြီး ကိုယ်ကြိုက်တဲ့ပါတီကို မဲသွားပေးကြဖို့ တိုက်တွန်းနေကြပါတယ်။


ရုပ်ရှင်သရုပ်ဆောင် ဇဏ်ခီကလည်း မဲပေးခြင်းဟာ လက်မလွတ်သင့်တဲ့ အခွင့်အရေးဖြစ်ပြီး မလိုလားအပ်တဲ့ အစိုးရအဖွဲ့အစည်းပုံစံမျိုး မဖြစ်စေလိုတာကြောင့် အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း ရွေးကောက်ပွဲနေ့မှာ မဲပေးကြဖို့နဲ့၊ မဲစာရင်းတွေ သွားမစစ်ရသေးရင် သွားစစ်ကြဖို့ သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ တိုက်တွန်းခဲ့ပါသေးတယ်။


မဲပေးခွင့်ရှိသူအားလုံး ဆန္ဒမဲပေးနိုင်အောင် စီစဉ်ဖို့က အစိုးရရဲ့ လုပ်ငန်းတာဝန်ဖြစ်ပြီး နိုင်ငံ့ဝန်ထမ်းတွေအားလုံး ကူညီဆောင်ရွက်ပေးကြဖို့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကလည်း တိုက်တွန်းထားပါတယ်။


ကော်မရှင်က ကနဦး ထုတ်ပြန်ထားတဲ့ မဲပေးခွင့်ရှိသူစာရင်းအရ ဒီနှစ် ရွေးကောက်ပွဲမှာ  မဲပေးခွင့်ရှိသူ ၃၇ သန်းကျော် ရှိပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/uec-post-the-law-to-takeaction-novoters-on-fb-08122020042345.html

မဲမပေးဖို့လှုံ့ဆော်သူကို အရေးယူနိုင်တဲ့ ဥပဒေပုဒ်မ ရွေးကော် Facebook မှာ ဖော်ပြ  မဲမပေးဖို့လှုံ့ဆော်သူကို အရေးယူနိုင်တဲ့ ဥပဒေပုဒ်မ ရွေးကော် Facebook မှာ ဖော်ပြ Reviewed by THITHTOOLWIN on 21:47 Rating: 5

No comments:

Powered by Blogger.