တောရိုင်းတိရစ္ဆာန်ရောင်းတဲ့ မြန်မာနိုင်ငံအပါအဝင် တခြားနေရာတွေကကြော်ငြာတွေ Facebook ဖယ်ရှား

Facebook လူမှုကွန်ရက်မှာ ကြော်ငြာထားတဲ့ တောရိုင်းတိရစ္ဆာန်တွေ ရောင်းချတဲ့ကြော်ငြာ။ (ဓာတ်ပုံ - World Wide Fund for Nature/Handout via REUTERS - သြဂုတ် ၀၅၊ ၂၀၂၀)

မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှဒေသမှာ လူမှုကွန်ရက်ကနေ တောရိုင်းတိရစ္ဆာန်တွေ ရောင်းချနေတဲ့ ကြော်ငြာတွေကို Facebook က ဖယ်ရှားလိုက်တဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က သတင်းပေးပို့ထားပါတယ်။
Facebook လူမှုကွန်ရက်မှာ ကြော်ငြာထားတဲ့ တောရိုင်းတိရစ္ဆာန်တွေ ရောင်းချတဲ့ကြော်ငြာ။ (ဓာတ်ပုံ - World Wide Fund for Nature/Handout via REUTERS - သြဂုတ် ၀၅၊ ၂၀၂၀)

အရှေ့တောင်အာရှနိုင်ငံတွေမှာ တောရိုင်းတိရစ္ဆာန်တွေကို လူမှုကွန်ရက်တွေကတဆင့် ရောင်းချနေတာတွေ တိုးလာနေရာက အခုနောက်ဆုံး Facebook က ကြော်ငြာတွေကို လက်မခံတော့ပဲ ဖယ်ရှားလိုက်တာပါ။ ဒီနှစ်မေလအထိဆိုရင်လည်း တောရိုင်းတိရစ္ဆာန် မြန်မာနိုင်ငံက Facebook စာမျက်နှာတွေပေါ်မှာ မျိုးစိတ်ပေါင်း ၉၄ ခုက တောရိုင်းတိရစ္ဆာန် ၂,၀၀၀ ကျော်ကို ရောင်းချဖို့ ကြော်ငြာခဲ့တာ တွေ့ရှိခဲ့ရကြောင်းလည်း ကမ္ဘာ့သားရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးအဖွဲ့ WWF က စာရင်းပြုစုထားပါတယ်။

Facebook လူမှုကွန်ရက်မှာ တောရိုင်းတိရစ္ဆာန်တွေ ရောင်းချတဲ့ကြော်ငြာတွေဟာ ၂၀၁၆ ခုနှစ်လောက်မှာ ၂၀၀ ကျော်လောက်သာ ရှိခဲ့ရာက နောက်ပိုင်းမှာ သိသိသာသာ တိုးလာနေတယ်လို့လည်း WWF ရဲ့ ပြည်တွင်းတာဝန်ရှိသူတဦးက ဗွီအိုအေကို ပြောပါတယ်။

“နောက်ပိုင်း ဘာဖြစ်လာလဲဆိုတော့ သုံးစွဲသူတွေ အရမ်းများလာတယ်၊ ရောင်းတဲ့သူတွေလည်း အရမ်းများလာတယ်။ ဒီ ၂၀၁၇- ၁၈ survey တုန်းကဆို ဥပမာအနေနဲ့ ပြောရရင် ၆ လအတွင်းမှာ Facebook လူမှုကွန်ရက် စာမျက်နှာပေါ်မှာ post ပေါင်း ၅၀၀ လောက်အထိ ရောင်းရတာကို တွေ့ရတယ်ဆိုတော့ နှစ်ဆနီးပါး များလာတာကို တွေ့ရတယ်။ လုံးဝကို ဝယ်လိုအား အရမ်းများတဲ့ မျိုးစိတ်တွေဆိုရင် စျေးနှုန်းတွေကလည်း ၂ဆလောက် မြင့်လာတာကို တွေ့ရပါတယ်။”

တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေး လှုပ်ရှားသူတွေက အကြောင်းကြားခဲ့ပြီးနောက် ဧပြီလကစလို့ ရာနဲ့ချီတဲ့ စာမျက်နှာတွေကို Facebook ကဖယ်ရှားခဲ့ပါတယ်။ သစ်တောဦးစီးဌာန ဒုညွှန်ကြားရေးမှူးချုပ် ဦးတင်ထွန်းတော့လူမှုကွန်ရက်ကနေ တောရိုင်းတိရိစ္ဆာန် ရောင်းဝယ်မှုတွေကို ထိန်းချုပ်ရေးမှာ စိန်ခေါ်မှုတွေ ရှိနေတယ်လို့ ပြောပါတယ်။

“Facebook မှာ ရောင်းတာဝယ်တာတွေကိုတော့ ကျနော်တို့ ဘယ်လိုထိန်းချုပ်မယ်ဆိုတာတော့ အမှန်အတိုင်းပြောရင်တော့ မပြောနိုင်သေးဘူး။ သို့သော် ကျနော်တို့ သစ်တောဦးစီးဌာန ဝန်ထမ်းတွေရော ဒီကိစ္စမျိုးကိုင်တွယ်တဲ့ ဌာနကတော့ Facebook မှာ အမြဲတမ်း စောင့်ကြည့်နေတယ်။ ထူးခြားတာတွေ့ရင် ကျနော်တို့ချက်ချင်း source ကိုလိုက်တာပေါ့နော်၊ မြို့နယ်နဲ့ တိုင်းနဲ့ပြည်နယ်အားလုံးမှာ ကျနော်တို့သစ်တော ဝန်ထမ်းတွေရှိတာ ဖြစ်တဲ့အတွက် ဒါမျိုးပေါ်လာတာနဲ့ ကျနော်တို့ အဲဒီလူဆီ ရောက်အောင်သွားတယ်၊ သတိပေးပြီးလို့မှ မလိုက်နာရင်တော့လည်း ကျနော်တို့ အရေးယူတာပေါ့၊ wildlife ဥပဒေအရလည်း ထောင်ကျတဲ့အထိ ဖြစ်နိုင်တာပေါ့။”

Facebook ပေါ်မှာ ရောင်းချဖို့ ကြော်ငြာခဲ့တဲ့ တောရိုင်းတိရစ္ဆာန်တွေထဲက ၉၀ ရာခိုင်နှုန်းကျော်ဟာ အရှင်တွေဖြစ်ကြပြီး သားငှက်ရိုင်းတွေ၊ ရှားပါးမျောက်တွေ၊ တောကြောင်တွေနဲ့ အောက်ချင်းငှက်တွေကို အဝယ်များလေ့ရှိတယ်လို့လည်း WWF ကပြောပါတယ်။ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေး လှုပ်ရှားမှုအဖွဲ့တခုဖြစ်တဲ့ TRAFFIC ရဲ့ ပြီးခဲ့တဲ့ ဇူလိုင်လဆန်းမှာတုန်းက ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာထဲမှာလည်း ထိုင်း၊ ဗီယက်နမ်နဲ့ အင်ဒိုနီးရှား နိုင်ငံတွေက Facebook နဲ့ Instagram လူမှုကွန်ရက်တွေကနေ ဆင်စွယ်ပစ္စည်း ရောင်းချမှုပေါင်း ၂,၅၀၀ လောက် ရှိခဲ့ကြောင်းလည်း ဖော်ပြခဲ့ပါတယ်ခင်ဗျာ။ 

ဇော်ထက်  / ဗွီအိုအေ ( မြန်မာပိုင်း)
တောရိုင်းတိရစ္ဆာန်ရောင်းတဲ့ မြန်မာနိုင်ငံအပါအဝင် တခြားနေရာတွေကကြော်ငြာတွေ Facebook ဖယ်ရှား တောရိုင်းတိရစ္ဆာန်ရောင်းတဲ့ မြန်မာနိုင်ငံအပါအဝင် တခြားနေရာတွေကကြော်ငြာတွေ Facebook ဖယ်ရှား Reviewed by THITHTOOLWIN on 19:25 Rating: 5

No comments:

Powered by Blogger.