စစ်တွေမှာ COVID-19 လူနာတွေ တိုးလာရင် ကုသစောင့်ရှောက်မှုပုံစံ ပြောင်းမယ်

ရန်ကုန်မြို့က Quarantine စင်တာတခုမှာ ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်စစ်ဆေးဖို့ ပြင်ဆင်နေတဲ့ ကျန်းမာရေးဝန်ထမ်းများ။ (မေ ၁၆၊ ၂၀၂၀)

ရခိုင်ပြည်နယ် စစ်တွေမှာ COVID-19 ကူးစက်ခံရသူတွေအတွက် နောက်ထပ် ပြင်ဆင်ထားတဲ့ ကုတင်နေရာ ၁၁၀ ကျန်ရှိနေပြီး ဒီထက်များလာရင်တော့ စစ်တွေတက္ကသိုလ်မှာ တိုးချဲ့ဖို့၊ နောက်ဆုံးအဆင့်အနေနဲ့ အိမ်မှာပဲထားပြီး ကုသမှု ပေးဖို့အထိ စဉ်းစားသုံးသပ်နေရတဲ့အကြောင်း မသိင်္ဂီထိုက် စုစည်းတင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံတွင်း COVID-19 ကူးစက်မှု အများဆုံးဖြစ်တဲ့ စစ်တွေက ကုတင် ၅၀၀ ဆန့် ဆေးရုံကြီးမှာ တနင်္ဂနွေနေ့အထိ COVID-19 ကူးစက်ခံရသူ လူပုဂ္ဂိုလ် ၁၈၁ ဦးကို ကုသစောင့်ရှောက်မှု ပေးနေပါတယ်။ နောက်ထပ် COVID-19 ကူးစက်ခံရသူတွေအတွက် ကုတင်နေရာ ၁၁၀ ထပ်ပြီး ပြင်ဆင်ထားတယ်လို့ စစ်တွေ ဆေးရုံအုပ်ကြီး ဒေါက်တာ ဇော်လွင်က ဗွီအိုအေကို ပြောပါတယ်။

“ပထမက ၁၀၀၊ နောက် ၁၀၀ ပေါ့၊ အဲဒါကြောင့် စစ်တွေဆေးရုံမှာ ၂၀၀ ပေါ့။ သူနာပြုသင်တန်းကျောင်းက ၄၀ ဆိုတော့ ၂၄၀ ပေါ့။ အဲဒီ ၂၄၀ မှာ ကျနော်တို့ ညနေကထွက်တဲ့ ၈ ယောက်နဲ့ ပေါင်းရင် ၁၈၀ စာပေါ့နော်။ အဲတော့ ကျနော်တို့ဆေးရုံမှာ နောက်ထပ် ၆၀ စာ ရှိသေးတယ်ပေါ့။ အကယ်၍များ ဒီထက်ပိုများရင်တော့ တိုင်းရင်းဆေးရုံမှာ နောက်ထပ် ၅၀ စာ ရှိပါတယ်။ အဲတော့ ကျနော်တို့ ကုတင်လွတ် အခန်းလွတ်က နောက်ထပ် ၁၁၀ ခန့် ရှိပါတယ်ဗျ။”

ဒီအရေအတွက်ထက် ထပ်ပြီး လိုအပ်လာရင်တော့ စစ်တွေတက္ကသိုလ်ကို အသုံးပြုဖို့ ဆွေးနွေးညှိနှိုင်းမှုတွေ ရှိထားပြီး ဆေးရုံမှာ လက်ရှိ တက်ရောက်ကုသသူတွေထဲက ရောဂါသက်သာသူတွေကို သီးခြားခွဲပြီး နေရာပြောင်းရွှေ့ထားဖို့လည်း စီစဉ်ထားပါတယ်။ တကယ်လို့ လိုအပ်လာခဲ့ရင်တော့ အိမ်မှာပဲ ကုသမှုပေးဖို့ထိ ဆွေးနွေးထားပါတယ်။

“Positive တွေ့တဲ့လူကို အိမ်မှာပဲထားပြီး ရောဂါဖြစ်လာတယ်ဆိုရင် ဆေးရုံကို Contact လုပ်ပြီး ဖုန်းနဲ့သော်လည်းကောင်း၊ ဆေးရုံ အရေးပေါ်ကားနဲ့ သွားကြိုတာသော်လည်းကောင်းပေါ့၊ အဲလိုမျိုးကတော့ ကျနော်တို့ ပြည်ထောင်စုအဆင့်နဲ့ ပြည်နယ်အဆင့် လူကြီးမင်းများကလည်း အဲဒီဟာကိုပဲ အထူးဂရုစိုက်ပြီးတော့ ဒါ ဆွေးနွေးနေကြတယ်ဆိုတာ ရှိပါတယ်။ အဲလိုမျိုး နောက်ပိုင်း တကယ်များလာမယ်ဆို ဒါမျိုးဖြစ်နိုင်တယ်လို့လည်း ဒါ ပြောလို့ရတဲ့ အနေအထားတခု ရှိတယ်ပေါ့နော်။”

လတ်တလော အခြေအနေမှာတော့ COVID-19 ကူးစက်ခံရသူ ပုဂ္ဂိုလ်တွေကို အိမ်မှာထားပြီး ကုသမှုပေးရမယ့် အခြေအနေ မရှိသေးကြောင်းနဲ့ ဆေးရုံမှာ ကြပ်မတ် ကုသမှုပေးတာက ရောဂါ ပြန့်ပွားကူးစက်မှုကိုပါ ထိန်းချုပ်ဖို့ ရည်ရွယ် ဆောင်ရွက်တာလို့ စစ်တွေဆေးရုံအုပ်ကြီးက ပြောပါတယ်။

အခု ရခိုင်က COVID-19 ကူးစက်မှုက ပြန့်ပွားမှုနှုန်းများပြီး ရောဂါပြင်းထန်မှု နည်းတယ်ဆိုပြီး ပြောဆိုနေကြတဲ့ အပေါ်မှာလည်း စစ်တွေဆေးရုံအုပ်ကြီး ဒေါက်တာ ဇော်လွင်က သတိပေးပါတယ်။

“ကူးစက်မှု မရှိအောင်တော့ ထိန်းချုပ်ရမယ်။ ကူးစက်မှု မရှိအောင်တော့ နေရမှာ ဖြစ်ပါတယ်။ နောက်တခု ပြောချင်တာက ကျနော်တို့ ဆေးရုံကိုတက်တဲ့ လူနာတွေရဲ့ အနေအထားဟာဆိုရင် အခုလက်ရှိ ၂ ပတ်လောက်ပဲ ရှိတဲ့အချိန်မှာ ဒီလိုဖြစ်ပေမယ့် နောက်ထပ်တပတ် တတိယပတ်လိုမှာ ရောဂါရဲ့ ပြောင်းလဲမှုက ဘယ်လိုဖြစ်မလဲဆိုတာ ကျနော်တို့က အတိအကျ မပြောနိုင်ဘူး။”

စစ်တွေဆေးရုံကြီးမှာတော့ COVID-19 လူနာတွေနဲ့ COVID-19 လူနာမဟုတ်သူတွေကို ဆေးရုံမှာ သီးခြား အဆောင်တွေခွဲထားပြီး ဆေးရုံပစ္စည်း အသုံးအဆောင်တွေ၊ ဆေးရုံဝန်ထမ်းတွေလည်း ခွဲခြားထားပါတယ်။ ကုသရေးပိုင်းအတွက် နောက်ထပ် ရောက်လာမယ့် အကူအညီတွေလည်း ရှိတဲ့အတွက် လုံလောက်မှုရှိတဲ့ အနေအထားပါလို့လည်း ဆေးရုံအုပ်ကြီး ဒေါက်တာ ဇော်လွင်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ အခုအချိန်ထိ COVID-19 ကူးစက်ခံရမှု ရှိမရှိ ကျယ်ကျယ်ပြန့်ပြန့် မစစ်ဆေးနိုင်သေးပါဘူး။ ဗိုင်းရပ်စ် ကူးစက်ခံရသူတွေနဲ့ ထိတွေ့ဆက်စပ်မှု ရှိသူတွေကိုသာ သီးသန့်ခွဲထုတ် စစ်ဆေးနေတာ ဖြစ်ပါတယ်။ လက်ရှိအချိန်ထိ COVID-19 စစ်ဆေးထားသူ တနင်္ဂနွေနေ့အထိ ၁၅၇,၈၄၃ ဦးရှိပြီး ပိုးကူးစက်ခံရသူ ၇၇၅ ဦး ရှိနေတာပါ။ စောင့်ကြည့်နေသူက ၇,၆၂၄ ဦး ရှိနေပါတယ်။ လက်ရှိအချိန်ထိ COVID-19 ကြောင့် သေဆုံးသူ ၆ ဦးရှိကြောင်း အစိုးရက ထုတ်ပြန်ထားပါတယ်။


မသိင်္ဂီထိုက်/VOA (Burmese)

https://burmese.voanews.com/a/covid19-sittwe/5564041.html

စစ်တွေမှာ COVID-19 လူနာတွေ တိုးလာရင် ကုသစောင့်ရှောက်မှုပုံစံ ပြောင်းမယ် စစ်တွေမှာ COVID-19 လူနာတွေ တိုးလာရင် ကုသစောင့်ရှောက်မှုပုံစံ ပြောင်းမယ် Reviewed by THITHTOOLWIN on 07:05 Rating: 5

No comments:

Powered by Blogger.