ကိုဗစ် ကူးစက်မှု မြင့်နေတဲ့ကြားက အိန္ဒိယဝန်ကြီးချုပ် ဟိန္ဒူ ဘုရားကျောင်း အုတ်မြစ်ချ

ဟိန္ဒူဘုရားကျောင်း အုတ်မြစ်ချပွဲအပြီး ဝန်ကြီးချုပ် မိုဒီ မိန့်ခွန်းပြော

အိန္ဒိယဝန်ကြီးချုပ် နရန်ဒရာ မိုဒီဟာ နိုင်ငံမြောက်ပိုင်း အယုဒ္ဓယမြို့ကို သွားရောက်ပြီး ဟိန္ဒူဘုရားကျောင်းတစ်ခုအတွက် အုတ်မြစ်ချခဲ့ပါတယ်။

အဲဒီဘုရားကျောင်းနေရာဟာ အလယ်ခေတ်ရာစု ဗလီတစ်ခုကို ဟိန္ဒူလူအုပ်ကြီးက ၁၉၉၂ ခုနှစ်တုန်းက ဖြိုချထားခဲ့တဲ့နေရာ ဖြစ်ပါတယ်။ အဲဒီဗလီဟာ ရာမနတ်ဘုရား ဗိမာန်ပျက်ပေါ်မှာ ဆောက်ထားတာလို့ ပြောပြီး ဖြိုချခဲ့ကြတာ ဖြစ်ပါတယ်။

ဟိန္ဒူတွေနဲ့ မွတ်ဆလင်တွေအကြား အဲဒီနေရာကို သူပိုင်ကိုယ်ပိုင် ဆယ်စုနှစ်နဲ့ချီ အငြင်းပွားခဲ့ကြပါတယ်။ မနှစ်တုန်းကတော့ တရားရုံးချုပ်က ဟိန္ဒူတွေဘက်ကို အနိုင်ပေးခဲ့တဲ့အတွက် ဆယ်စုနှစ် တစ်ခုကြာ အမှုကြီး အဆုံးသတ်သွားခဲ့ပါတယ်။

အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုတွေ မြင့်တက်လာနေချိန်မှာပဲ ဒီ ဟိန္ဒူဘုရားကျောင်း အုတ်မြစ်ချပွဲ ကျင်းပခဲ့တာပါ။

လွန်ခဲ့တဲ့ ဆယ်စုနှစ် တစ်ခုကျော်က ဖြစ်ခဲ့တဲ့ အဲဒီအမှုဟာ အိန္ဒိယနိုင်ငံရဲ့ တရားစီရင်ရေးမှာ အရှုပ်ထွေးဆုံး အမှု တစ်ခု ဖြစ်ခဲ့ပါတယ်။ မွတ်ဆလင်တွေကိုတော့ ဗလီပြန်ဆောက်ဖို့ အဲဒီမြို့က တခြားနေရာတစ်ခုကို ပေးဖို့ တရားရုံးချုပ်က ဆုံးဖြတ်ခဲ့ပါတယ်။

ဘုရားကျောင်းရဲ့အထွတ်အမြတ်နေရာမှာ ငွေရောင် အုတ်ခဲတစ်လုံးကို ဝန်ကြီးချုပ် မိုဒီ အုတ်မြစ်ချခဲ့ပုံကို အယုဒ္ဓယမြို့တဝန်း စိုက်ထူထားတဲ့ ပိတ်ကားကြီးတွေပေါ်ကနေ ဟိန္ဒူတွေ ကြည့်ခဲ့ကြပါတယ်။

ကိုဗစ်-၁၉ ရောဂါကြောင့် အဲဒီနေရာနဲ့ အနားတဝိုက်ကို အတားအဆီးတွေ ချထားခဲ့ပြီး ဖိတ်ကြားထားသူတွေကိုသာ ဝင်ခွင့် ပြုခဲ့ပါတယ်။

ဘုရားကျောင်းအပြင်ဘက်မှာ လူတွေ အုပ်လိုက်ကြီး ရောက်နေကြပြီး မစ္စတာ မိုဒီ ရောက်လာချိန်မှာ အော်ဟစ် အားပေးခဲ့ကြတယ်လို့ အဲဒီမှာ ရောက်နေတဲ့ ဘီဘီစီ ဟင်ဒီဌာနက ဆာဗာပရီယာ ဆန်ဝန်က ပြောပါတယ်။

ရာမ နတ်ဘုရား မွေးဖွားခဲ့ရာ ဒီနေရာမှာ ခန့်ညားတဲ့ ဗိမာန်ကြီးတစ်ခု အခုအခါ အသေအချာ ဆောက်နိုင်ခဲ့ပြီလို့ မစ္စတာ မိုဒီက ပြောခဲ့ပါတယ်။

အမှုရင်ဆိုင်နေရချိန် နှစ်ပေါင်း ၃၀ ကျော်ကာလအတွင်း ရာမနတ်ဘုရား ရုပ်တုကို ယာယီ ဆောက်လုပ်ရေးနေရာ တစ်ခုမှာ တည်ထားခဲ့ရတာကို သူက ရည်ညွှန်းပြောခဲ့တာ ဖြစ်ပါတယ်။

အခုနှစ်အစောပိုင်းကတော့ အဲဒီရုပ်တုကို လက်ရှိနေရာက ယာယီဗိမာန်တစ်ခုမှာ ပြောင်းရွှေ့ တည်ထားခဲ့ပါတယ်။
ရာမနတ်ဘုရား ရုပ်တုကို ယာယီဗိမာန်တစ်ခုမှာ ထားရှိခဲ့

အယုဒ္ဓယမြို့ဟာ ရာမ နတ်ဘုရား မွေးဖွားရာနေရာ ဖြစ်တယ်လို့ ဟိန္ဒူတွေက ယုံကြည်ထားကြတာပါ။ ဒီမြို့မှာ ရာမနတ်ဘုရားဗိမာန် တည်ဆောက်ပေးမယ်လို့ မစ္စတာ မိုဒီရဲ့ BJP ပါတီက ရွေးကောက်ပွဲ မဲဆွယ်ကာလမှာ ကတိပြုထားခဲ့တာ ဖြစ်ပြီး ဟိန္ဒူအမျိုးသားရေးဝါဒီထောက်ခံသူတွေအတွက် ကြီးမား အရေးပါတဲ့ သင်္ကေတလက္ခဏာ တစ်ရပ် ဖြစ်ပါတယ်။

ရာမ နတ်ဘုရားကို ဘုရားကျောင်းဗိမာန်နဲ့ အသေအချာ တည်ထား ကိုးကွယ်နိုင်တော့မှာမို့ ပြောမပြတတ်လောက်အောင် ပျော်ရွှင်မိတယ်လို့ ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး စည်းမျဉ်းတွေအတိုင်း လိုက်နာ ဆောင်ရွက်မယ်လို့ အစိုးရ တာဝန်ရှိပုဂ္ဂိုလ်တွေက ပြောပေမဲ့ ဘုရားကျောင်းကိုသွားတဲ့ လမ်းတစ်လျှောက်ပေါ်နဲ့ အဆီးအတားတွေကို ကျော်ပြီး လူတွေ အုပ်လိုက်ကြီး စုဝေး ရောက်ရှိနေတာတွေ့ရတယ်လို့ အဲဒီမှာ ရောက်နေတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဗိမာန်ကို မြင်ရဖို့ တချို့က အိမ်ခေါင်မိုးတွေပေါ် တက်ကြည့်ခဲ့ကြပြီး အတော်များများက နှာခေါင်းစည်းတွေ ဝတ်မထားကြဘဲ တစ်ယောက်နဲ့ တစ်ယောက်လည်း ခပ်ခွာခွာ မနေခဲ့ကြဘူးလို့ ဆိုပါတယ်။

ရာမနတ်ဘုရားအကြောင်း ဂုဏ်တော်တေးတွေ သီကျူးခဲ့ပြီး လမ်းတွေမှာ ပန်းတွေ ခင်းကျင်းထားပါတယ်။ ဈေးဆိုင် မျက်နှာစာတွေမှာလည်း ဆေးအဝါရောင် သုတ်ထားခဲ့ကြပြီး ဟိန္ဒူတွေရဲ့ အထွတ်အမြတ် အရောင်ဖြစ်တဲ့ အဝါရောင်နဲ့ ရွှေဝါရောင် အလံတွေကို နေရာအနှံ့ လွှင့်ထူထားကြပါတယ်။
ရာမနတ်ဘုရား ရုပ်တုကို ယာယီဗိမာန်တစ်ခုမှာ ထားရှိခဲ့
လမ်းမတွေဘေးမှာ ပန်းတွေနဲ့ ခင်းကျင်းထား

အူတာ ပရာဒက်ရှ်ပြည်နယ် ဝန်ကြီးချုပ် ယိုဂီ အဒစ်ယာနတ်နဲ့ တခြား BJP ပါတီ ထိပ်ပိုင်းခေါင်းဆောင်တွေလည်း ဒီအခမ်းအနားကို တက်ရောက်ခဲ့ကြပါတယ်။

ဒါပေမဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြီး ဖြစ်ပွားနေချိန်မှာ ဒီအခမ်းအနားကို ခပ်လျှိုလျှိုသာ ကျင်းပခဲ့ပါတယ်။ အိန္ဒိယနိုင်ငံမှာ ရောဂါဖြစ်ပွားမှု နေ့စဥ် စံချိန်တင် မြင့်တက်နေတာပါ။ လောလောဆယ် ကိုရိုနာဗိုင်းရပ်စ် ရောဂါဖြစ်ပွားမှုပေါင်း ၁ ဒဿမ ၉ သန်း ကျော် ရှိနေပြီး လူပေါင်း လေးသောင်းနီးပါး သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။

အယုဒ္ဓယမြို့ တည်ရှိရာပြည်နယ် ဖြစ်တဲ့ အူတာ ပရာဒက်ရှ်ပြည်နယ်မှာ ကိုဗစ် -၁၉ ရောဂါ ဖြစ်ပွားမှုပေါင်း လောလောဆယ် တစ်သိန်းကျော် ရှိနေကြောင်း အတည်ပြုထားပါတယ်။
အုတ်မြစ်ချပွဲ မကျင်းပခင်ညမှာ ဟိန္ဒူဘာသာဝင်တွေက မီးထွန်းထားတဲ့ ဖယောင်းတိုင်တွေကို မြစ်ထဲ မျှောခဲ့ကြ

အယုဒ္ဓယ ကိစ္စ အငြင်းပွားမှု နောက်ကြောင်း

၁၉၉၂ ခုနှစ်က ၁၆ ရာစုခေတ် ဗလီတစ်ခုကို ဟိန္ဒူဘာသာဝင်တွေက ဖြိုချပစ်ခဲ့ရာကနေ ဆူပူအုံကြွမှုတွေ ဖြစ်ခဲ့ပြီး လူ ၂၀၀၀ နီးပါး သေဆုံးခဲ့ပါတယ်။

ဟိန္ဒူဘုရားကျောင်းပျက်တခု ရှိတဲ့ အဲဒီနေရာမှာ မွတ်ဆလင် ကျူးကျော်သူတွေက ၁၅၂၈ ခုနှစ်မှာ ဘာဘရီ မက်စ်ဂျစ် ဗလီ ဆောက်ခဲ့တာလို့ ဟိန္ဒူ အများစုက ယူဆထားတာ ဖြစ်ပါတယ်။

၁၉၄၉ ခုနှစ်မှာတော့ အဲဒီ ဗလီဝင်းအတွင်းမှာ ဟိန္ဒူတွေက ရာမနတ်ဘုရား ရုပ်တု လာစိုက်လိုက်တဲ့အတွက် မွတ်ဆလင်တွေဘက်က ကန့်ကွက် ဆန္ဒပြခဲ့ကြပြီး အပြန်အလှန် တရားစွဲခဲ့ကြရာမှာ အဲဒီ နေရာတဝိုက်ကို အငြင်းပွား မြေနေရာအဖြစ် အစိုးရက ခြံခတ် သော့ပိတ်ထားခဲ့ပါတယ်။

၁၉၈၆ ခုနှစ် အရောက်မှာတော့ သော့ပိတ်ထားတဲ့ ဗလီနဲ့ မြေနေရာကို ဟိန္ဒူတွေ အတွက် ဖွင့်ပေးဖို့ တရားရုံးက ဆုံးဖြတ်ခဲ့တဲ့အတွက် နှစ်ဖက် အငြင်းပွားမှုတွေ ပိုဆိုးလာခဲ့ပြီး ၁၉၉၀ ခုနှစ်မှာ ဟိန္ဒူတချို့ရဲ့ လက်ချက်နဲ့ ဗလီ တစိတ်တပိုင်း ပျက်စီးခဲ့ပါတယ်။

အဲဒီအချိန်က အိန္ဒိယ ဝန်ကြီးချုပ် ချန်ဒရာ ရှက်ကာ က တစ်နှစ်ကြာ ကြားဝင် စေ့စပ်ပေးခဲ့ပေမဲ့ ပြေလည်မှု မရခဲ့ပါဘူး။
အူတာ ပရာဒက်ရှ်ပြည်နယ် အယုဒ္ဓယမြို့ရဲ့အပေါ်စီးမြင်ကွင်း

၁၉၉၂ ခုနှစ်အရောက်မှာတော့ လက်ရှိ အာဏာရပါတီဖြစ်တဲ့ BJP ပါတီ အပါအဝင် ဟိန္ဒူ နိုင်ငံရေး ပါတီ သုံးခုရဲ့ ထောက်ခံသူတွေ စုဝေးပြီး ဗလီကို လုံးဝ ဖျက်ဆီးခဲ့ပါတယ်။ နိုင်ငံတဝန်း ဟိန္ဒူ- မွတ်ဆလင် အဓိကရုဏ်းတွေ ဖြစ်လာခဲ့ပြီး လူပေါင်း ၂၀ဝ၀ ကျော် သေဆုံးခဲ့ပါတယ်။

၂၀ဝ၂ ခုနှစ် အတွင်းမှာ ဟိန္ဒူနိုင်ငံရေး ပါတီတွေဘက်က ဘုရားကျောင်း ဆောက်ဖို့ ဆက်လက် အရှိန်မြှင့် ကြိုးစားလာခဲ့ပြီး အငြင်းပွားမှု ဖြစ်တဲ့ မြေနေရာမှာ ရာချီတဲ့ လုပ်အားပေး စုဝေးတာတွေ လုပ်ခဲ့ပါတယ်။

အဲဒီ ကာလအတွင်းမှာ အယုဒ္ဓယမြို့က ပြန်လာတဲ့ ဟိန္ဒူ တက်ကြွလှုပ်ရှားသူတွေ ပါလာတဲ့ ရထားတစင်း ဂူထရာ ဒေသမှာ မွတ်ဆလင်တွေရဲ့ တိုက်ခိုက်ခံခဲ့ရပြီး ၅၈ ဦးသေဆုံးခဲ့ပါတယ်။

ဒီတိုက်ခိုက်မှု ဖြစ်အပြီးနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်မှာ ဆက်ဖြစ်တဲ့ ဟိန္ဒူ မွတ်ဆလင် အဓိကရုဏ်းတွေမှာ မွတ်ဆလင် အများစု အပါအဝင် လူ တစ်ထောင်ကနေ နှစ်ထောင်အကြား သေဆုံးခဲ့ရပါတယ်။
အယုဒ္ဓယမြို့မှာ လုံခြုံရေး တင်းကြပ်ထား

တရားရုံးက ဘယ်လို ဆုံးဖြတ်ခဲ့သလဲ

အဖျက်ခံရတဲ့ ဗလီရဲ့အောက်မှာ ရှိတဲ့ အဆောက်အအုံအပျက်ဟာ အစ္စလာမ် ဘာသာနဲ့ ဆက်စပ်မှု မရှိဘူး ဆိုတဲ့ အထောက်အထားတွေကို ဘူမိဗေဒ လေ့လာရှာဖွေရေးအဖွဲ့ရဲ့ အစီရင်ခံစာအရ တွေ့ခဲ့တယ် တရားရုံးချုပ် တရားသူကြီတွေက တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြပါတယ်။

ရရှိထားတဲ့အထောက်အထား အချက်အလက်တွေအရ အဲဒီနေရာကို ဟိန္ဒူတွေကို လွှဲပြောင်းပေးပြီး မွတ်ဆလင်တွေကို ဗလီတစ်ခု ပြန်ဆောက်ဖို့ တစ်ခြားမြေနေရာတစ်ခု ပြန်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

အဲဒီနောက် ဟိန္ဒူဘုရားကျောင်းဆောက်လုပ်ရာမှာ ကြီးကြပ်ဖို့ အဖွဲ့တစ်ခု တည်ထောင်ပေးဖို့ကိုလည်း ဖယ်ဒရယ်အစိုးရကို တရားရုံးက ညွှန်ကြားခဲ့ပါတယ်။

ဒါပေမဲ့ ဘာဘရီဗလီကို ဖျက်ဆီးခဲ့တာကတော့ ဥပဒေကို ချိုးဖောက်ရာကျတယ်လို့ တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။

BBC Burmese
ကိုဗစ် ကူးစက်မှု မြင့်နေတဲ့ကြားက အိန္ဒိယဝန်ကြီးချုပ် ဟိန္ဒူ ဘုရားကျောင်း အုတ်မြစ်ချ ကိုဗစ် ကူးစက်မှု မြင့်နေတဲ့ကြားက အိန္ဒိယဝန်ကြီးချုပ် ဟိန္ဒူ ဘုရားကျောင်း အုတ်မြစ်ချ Reviewed by THITHTOOLWIN on 09:39 Rating: 5

No comments:

Powered by Blogger.