မြန်မာ အလုပ်လက်မဲ့ပြဿနာကြောင့် လူမှောင်ခိုအန္တရာယ် စိုးရိမ်ဖွယ်ရှိ

ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံ တခုမှာ အလုပ်နေကြတဲ့ အလုပ်သမားတချို့။ (မေ ၀၈၊ ၂၀၂၀)

ကိုဗစ်ကပ်ရောဂါကာလ သွားလာလှုပ်ရှားမှုတွေ ကန့်သတ်ထားချိန်မှာ လူမှောင်ခိုမှုတွေ သိသိသာသာ ကျဆင်းသွားပေမဲ့ အလုပ်လက်မဲ့ဦးရေ တိုးလာနေတာကြောင့် ပြဿနာ တကျော့ပြန်ကြီးထွားလာနိုင်တဲ့ အန္တရာယ်ရှိနေတာကို သတိပေးနေကြတဲ့အကြောင်း ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မစုစုက ပြောပြပါမယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ဒီနှစ်ဇူလိုင်လအထိ လူမှောင်ခိုမှု စုစုပေါင်း ၇၂ မှု ရှိခဲ့ပြီး၊ ဒါဟာဆိုရင် မနှစ်တုန်းက ဒီလိုအချိန်မှာ ၁၄၆ မှုရှိခဲ့ရာကနေ ထက်ဝက်လောက် ကျဆင်းသွားခဲ့တာပါ။ ဒီနှစ်ထဲ ကြုံခဲ့ရတဲ့ လူမှောင်ခိုမှုတွေမှာတော့ အမျိုးသမီးနဲ့ ကလေးငယ်တွေ အများစု ပါဝင်ပြီး လူပေါင်း ၁၀၀ ကျော် ရှိခဲ့ပါတယ်။ ကပ်ရောဂါကာလ လူမှောင်ခိုမှုတွေ ကျဆင်းသွားတယ် ဆိုပေမဲ့ အခုအခါ အလုပ်အကိုင် ရှားပါးတဲ့ ပြဿနာကြောင့် နောက်ဆက်တွဲ လူမှောင်ခိုမှုတွေနဲ့ ကြံုရနိုင်တဲ့ အန္တရာယ်ရှိတယ်လို့လည်း လူကုန်ကူးမှုတားဆီး နှိမ်နှင်းရေး ရဲတပ်ဖွဲ့ ဒုရဲမှူးကြီး ဦးပေါ်ထွန်းက VOA ကိုပြောပါတယ်။

“အရင်တုန်းကရောက်နေတဲ့ အဖွဲ့တွေလည်း အကုန်လုံးနိုင်ငံထဲကို ပြန်ဝင်လာကြတယ်ဆိုတော့ လက်ရှိအခြေအနေမှာ အမှုအရေအတွက် နည်းသွားတာက ဒီကိုဗစ်ကာလကြောင့်လည်း ပါတယ်။ နောက်ပိုင်းအခြေအနေအရ အလုပ်လက်မဲ့တွေ ပိုများလာတယ်ဆိုရင်တော့ ဒီပြည်တွင်းမှာလည်း အလုပ်ရှားပါးတယ်။ နောက် ပြည်ပကနေ ပြန်လာတဲ့အဖွဲ့တွေလည်း နောင်တချိန်မှာ တဘက်နိုင်ငံတွေက အဝင်အထွက်တွေ ခွင့်ပြုပြီဆိုရင် ဒါတွေကပိုပြီးတော့ ရှိလာနိုင်တဲ့ အခြေအနေရှိတာပေါ့။”

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ စာရင်းတွေအရ လူကုန်ကူးမှုတွေဟာ တရုတ်၊ ထိုင်းနဲ့ မလေးရှား စတဲ့အိမ်နီးချင်း နိုင်ငံတွေကိုသွားသူတွေနဲ့ ပြည်တွင်းမှာတော့ ရှမ်းပြည်နယ်နဲ့ ရန်ကုန်တိုင်းမှာ အများဆုံးဖြစ်နေတာ တွေ့ရပါတယ်။ တရုတ်နိုင်ငံက အမျိုးသားတွေနဲ့ လက်ထပ်ဖို့ မြန်မာအမျိုးသမီးတွေ လူကုန်ကူးခံရတဲ့အမှုကတော့ အများဆုံးဖြစ်နေပြီး ပြည်တွင်းမှာ တွေ့ရတဲ့အမှုတွေထဲမှာတော့ အဓမ္မအလုပ်စေခိုင်းတာတွေ၊ ပြည့်တန်ဆာအဖြစ် ခိုင်းစေတာတွေ ပါဝင်ကြောင်းလည်း ရဲတပ်ဖွဲ့က ထုတ်ပြန်တဲ့ စာရင်းမှာ ဖော်ပြထားပါတယ်။

ကပ်ရောဂါကာလ လုပ်ငန်းတော်တော်များများ ရပ်ဆိုင်းထားရတာကြောင့် အခုအခါ အလုပ်လက်မဲ့ဖြစ်ကြရသူ အများအပြား ရှိနေသလို ပြည်ပနိုင်ငံတွေမှာ အလုပ်မရှိကြလို့ ပြန်လာသူတွေလည်း သိန်းနဲ့ချီရှိနေတဲ့အတွက် လူမှောင်ခိုတွေရဲ့ သားကောင်ဖြစ်မယ့် အန္တရာယ် ရှိနေတယ်လို့လည်း ရွှေ့ပြောင်းအလုပ်သမား ပညာပေးစင်တာ တာဝန်ရှိသူ ဦးမိုးဝေက အခုလိုပြောပါတယ်။

“ပွဲစားတွေကနေတဆင့် ပြန်လာကြတာပေါ့လေ။ အရင်တုန်းက ပုံစံမျိုး ပြန်ဖြစ်တယ်။ အရင်တုန်းကဆိုရင်လည်း ဒီပွဲစားတွေနဲ့ပဲသွားကြတာ။ တခေါက်သွားရင် ၈၀၀,၀၀၀ ကနေ ၁၂ သိန်း အဲလိုပေးရတာတွေ ရှိတယ်။ အခုလည်းပဲ ဒီပုံစံမျိုး ပြန်ပြီးဖြစ်လာတယ်။ ပြည်တွင်းထဲပြန်ရောက်တဲ့ အခါမှာလည်း အလုပ်အကိုင်အခွင့်အလမ်းက သေချာပြင်ဆင်မထားတော့ အလုပ်သမားတွေအတွက်က ပြန်လာပြီး တလလောက်ဆိုရင် စားဝတ်နေရေးက အခက်အခဲပြန်ဖြစ်လာပြီ။

အဲလိုဖြစ်လာတော့ သူတို့ဟိုကိုပြန်သွားဖို့ တခါပြန်စဉ်းစားရပြန်ရော။ အဲလိုဖြစ်တယ်ဆိုတော့ နည်းလမ်းမျိုးစုံနဲ့ ကျနော်တို့ လူကုန်ကူး အန္တရာယ်ကို ပြန်ပြီးတော့သက်ရောက်ဖို့က တွန်းပို့သလိုဖြစ်သွားတော့ အဲဒါတွေက စိုးရိမ်စရာဖြစ်တာပေါ့လေ။”

အလုပ်သမားရေး ကူညီပေးနေတဲ့ အဖွဲ့အစည်းတွေရဲ့ စာရင်းအရ ကပ်ရောဂါကာလ ပြည်တွင်းမှာ စက်ရုံအလုပ်ရုံတွေ ပိတ်ကုန်လို့ အလုပ်လက်မဲ့ဖြစ်သူဦးရေ အခုလဆန်းပိုင်းအထိဆို ၄၀၀,၀၀၀ ဝန်းကျင်ရှိနေပြီး၊ ဒီလူတွေအတွက် အစိုးရက စနစ်တကျ ဖြေရှင်းပေးဖို့လည်း အလုပ်သမားရေး လှုပ်ရှားသူတွေနဲ့ လုပ်ငန်းရှင်တွေက လိုလားနေကြပါတယ်။ စက်မှုလက်မှုအလုပ်သမား သမဂ္ဂအဖွဲ့ချုပ်က ဦးသက်နှင်းအောင်ကတော့ အလုပ်အကိုင် အခွင့်အလမ်းသစ်တွေနဲ့ ပြဿနာကို ဖြေရှင်းဖို့ လိုတယ်လို့ပြောပါတယ်။

“ဥပမာ အလုပ်လက်မဲ့ဖြစ်သွားသူက ၁,၀၀၀,၀၀၀ ဝန်းကျင်ရှိတယ်ဆိုရင် ဒီအလုပ်သမားတွေအတွက်ကို ဘယ်လိုအလုပ်အကိုင်တွေ ဦးစားပေးဖန်တီးကြမယ်ပေါ့။ နောက်ပြီးတော့ ဘယ်လိုလုပ်ငန်းကဏ္ဍအသစ်တွေ ဖော်ဆောင်မယ်ဆိုတာကို အလုပ်သမားအဖွဲ့ချုပ်တွေနဲ့ အခြားသောအရပ်ဘက်အဖွဲ့တွေ၊ အလုပ်ရှင်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်ခင်ဗျ။”

အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဇွန်လထဲမှာ ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာတဝန်းက လူကုန်ကူးမှုဆိုင်ရာ အစီရင်ခံစာမှာတော့ မြန်မာနိုင်ငံဟာ လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် ထိထိရောက်ရောက် ဆောင်ရွက်မှုမရှိတဲ့ အနိမ့်ဆုံးအဆင့် နိုင်ငံစာရင်းမှာ ထည့်သွင်းဖော်ပြခဲ့တာပါ။ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ အစီရင်ခံစာကို တုံ့ပြန်ခဲ့တဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ လူကုန်ကူးမှု တိုက်ဖျက်ရေးမှာ မြန်မာနိုင်ငံရဲ့ ဆောင်ရွက်ချက်တွေကို အသိအမှတ်မပြုခဲ့ကြောင်း ပြောဆိုခဲ့သလို မြန်မာနိုင်ငံမှာ ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာရသူတွေ များလာပေမဲ့ လူကုန်ကူးခံရသူတွေရဲ့ သားကောင်မဖြစ်အောင် ထိထိရောက်ရောက် တားဆီးနိုင်ခဲ့ကြောင်းလည်း ပြောဆိုထားပါတယ်။

စုစု / ဗွီအိုအေ ( မြန်မာပိုင်း)
မြန်မာ အလုပ်လက်မဲ့ပြဿနာကြောင့် လူမှောင်ခိုအန္တရာယ် စိုးရိမ်ဖွယ်ရှိ မြန်မာ အလုပ်လက်မဲ့ပြဿနာကြောင့် လူမှောင်ခိုအန္တရာယ် စိုးရိမ်ဖွယ်ရှိ Reviewed by THITHTOOLWIN on 21:11 Rating: 5

No comments:

Powered by Blogger.