ရွေးကောက်ပွဲ စည်းရုံးလှုပ်ရှားမှုတွေမှာ သတိထားဖို့ အကဲခတ်တွေ သတိပေး



မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပဖို့ နီးလာတာနဲ့အမျှ နိုင်ငံရေး စည်းရုံးလှုပ်ရှားမှုတွေ တိုးလာနေချိန်မှာ ကိုယ်စားလှယ်လောင်း လျှောက်ထားသူတွေနဲ့ ထောက်ခံသူတွေ သတိထားသင့်တာတွေ ရှိနေတယ်လို့ ရွေးကောက်ပွဲ စောင့်ကြည့် လှုပ်ရှားသူတွေ သတိပေးနေတဲ့အကြောင်း ဗွီအိုအေမြန်မာပိုင်း သတင်းထောက်စုစုက ပြောပြပါမယ်။


ရွေးကောက်ပွဲကျင်းပဖို့ အချိန် ၂ လကျော်သာ လိုတော့ပေမယ့် အခုကာလဟာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေကို စိစစ်နေဆဲကာလဖြစ်လို့ ဥပဒေအရဆို ဒီအချိန်မှာ ကိုယ်စားလှယ်လောင်းအနေနဲ့ မဲဆွယ်စည်းရုံးခွင့် မရှိသေးပါဘူး။ ဒါပေမဲ့လည်း တချို့နေရာတွေမှာ ပါတီကိုယ်စားပြုအလံ လိုက်လံဝေတာမျိုးတွေ ရှိနေပါတယ်။ မဲဆွယ်စည်းရုံးရေး ကာလမရောက်ခင်မှာ အခုလိုလုပ်ဆောင်တာတွေကို သတိပြုသင့်တယ်လို့ ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့ ဖန်တီးအိမ်ရဲ့ ဒါရိုက်တာ ဒေါ်ခင်လေးငယ်က ပြောပါတယ်။


“ကျမတို့တွေ သွားရင်းလာရင်း တချို့နေရာတွေမှာဆို ပါတီကိုကိုယ်စားပြုတဲ့ အလံတွေလွှင့်ပြီးတော့ ဆိုက်ကားတွေ၊ မော်တော်ကားတွေ စသဖြင့်ပေါ့။ အဲဒါတွေလွှင့်ပြီးသွားနေတာတွေက တကယ်တော့ ကိုယ်ထောက်ခံတဲ့ပါတီအတွက်လည်း အရမ်းအန္တရာယ်များပါတယ်။ အဲဒါကြောင့် အဲလိုလူတွေက ဘယ်လိုလမ်းညွှန်ချက်တွေနဲ့ လုပ်နေသလဲပေါ့။ ကိုယ့်ပိုက်ဆံနဲ့ကိုယ် လုပ်တာဆိုရင်လည်း အဲဒါက အဲဒီပါတီအတွက် အရမ်းအန္တရာယ်များတဲ့အတွက် အဲဒီပါတီတာဝန်ရှိသူတွေအနေနဲ့လည်း ကမ်ပိန်းကာလမတိုင်ခင်မှာ ဒါမျိုးမလုပ်သင့်ဘူးဆိုတာ သတိပေးထုတ်ပြန်တာတွေ လုပ်ပေးသင့်တယ်လို့ ကျမထင်ပါတယ်။”


ပြည်သူတွေအနေနဲ့ မဲပေးခွင့်ရှိသူစာရင်းထဲမှာ ကိုယ့်ရဲ့အမည်စာရင်းပါ၊ မပါ စစ်ဆေးနိုင်ဖို့ တရက်သာကျန်တော့ပြီး၊ အမည်စာရင်းတင်သွင်းထားတဲ့ ကိုယ်စားလှယ်လောင်းတွေကို ကော်မရှင်အနေနဲ့ စတင်စိစစ်နေချိန်ကာလဖြစ်လို့ မဲဆွယ်စည်းရုံးဖို့ကို တရားဝင်ခွင့်ပြုမထားကြောင်း ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကျော်ကျော်ဝင်းက ပြောပါတယ်။


“ကျနော်တို့ကတော့ တရားဝင်ခွင့်ပြုထားတာ မရှိပါဘူးဗျ။ အထက်ကညွှန်ကြားရင်တော့ ညွှန်ကြားတဲ့အတိုင်း တားမြစ်ရမှာပေါ့။ ခုချိန်ကတော့ ညွှန်ကြားချက်တွေ ဘာမှမပြောသေးတော့ ဒါတွေက နဂိုကတည်းကလည်း သူတို့ဆိုက်ကားတွေမှာ သုံးနေတာလည်းရှိတယ်လေ။ စည်းရုံးရေးကာလကတော့ လိုပါသေးတယ်။”


ရွေးကောက်ပွဲဝင်မယ့် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်တွေဟာ ရွေးကောက်ပွဲကျင်းပဖို့ ကြေညာတဲ့နေ့ကစပြီး ပါတီစည်းရုံးရေးနဲ့ နယ်မြေစည်းရုံးရေးလုပ်ငန်းတွေကို ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေအရ လုပ်ပိုင်ခွင့်ရထားတာပါ။ အခုလို အလံနဲ့ ပါတီဆိုင်းဘုတ်ထောင်တဲ့ ကိစ္စမျိုးတွေမှာ ဒီဥပဒေနဲ့ သက်ဆိုင်ပေမယ့်လို့ အဲဒီနယ်မြေမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းပါလာမယ်ဆိုရင် မဲဆွယ်စည်းရုံးရေး ဖြစ်သွားနိုင်တယ်လို့ ရွေးကောက်ပွဲပညာပေး လှုပ်ရှားမှုအဖွဲ့တခုဖြစ်တဲ့ ပ ဉ္စမမဏ္ဍိုင်ရဲ့ ဒါရိုက်တာ ဦးနေဝင်းနိုင်က ပြောပါတယ်။


“ကျနော်တို့နိုင်ငံကလည်း ဥပဒေတွေက သိပ်ကိုများပြားပြီးတော့ ရှုပ်ထွေးတာပေါ့လေ။ အဲဒါကြောင့်မို့ လုပ်လို့ရတယ်ဆိုတိုင်း မလုပ်တာကတော့ ပိုကောင်းတာပေါ့လေ။ ဘာကြောင့်လဲလို့ပြောတဲ့အခါမှာ ကျနော်တို့နိုင်ငံတော်က ဒီရွေးကောက်ပွဲက ၅နှစ်မှတကြိမ် ရှိပေမဲ့လို့ ဒီနိုင်ငံတော်မှာရှိနေတဲ့ ပြည်သူလူထုတွေ၊ တိုင်းရင်းသားပြည်သူတွေအားလုံးက ဒီနိုင်ငံမှာပဲအတူတူနေကြမှာ ဖြစ်တဲ့အတွက်ကြောင့် ဒီရွေးကောက်ပွဲပေါ် မူတည်ပြီးမှ တယောက်နဲ့ တယောက်စိတ်ဝမ်းကွဲမယ့်ဟာမျိုးတွေ၊ အာဃာတ ကြီးသွားမယ့်ဟာမျိုးတွေ ဖြစ်နိုင်တယ်ဆိုလို့ရှိရင်တော့ ဥပဒေကလုပ်ပါလို့ ပြောထားပေမဲ့လည်း မလုပ်ဘဲနဲ့ ဆင်ခြင်တာကတော့ အကောင်းဆုံးဖြစ်မယ်လို့ပဲ ကျနော်အကြံပြုချင်ပါတယ်ခင်ဗျ။”


ရွေးကောက်ပွဲ ကျင်းပမယ့်ရက်မတိုင်ခင် တရက်အလိုအထိ ရက်ပေါင်း ၆၀ အတွင်း မဲဆွယ်စည်းရုံးခွင့်ရှိတယ်လို့ ပြီးခဲ့တဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတုန်းက သတ်မှတ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့လည်း ကိုဗစ်ကပ်ရောဂါကာလနဲ့ ကြုံနေရချိန်မှာ ကျင်းပမယ့် ဒီတကြိမ် ရွေးကောက်ပွဲအတွက်ကိုတော့ ကော်မရှင်က တိတိကျကျ ထုတ်ပြန်မထားသေးပါဘူး။ ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူ နိုင်ငံသားတိုင်း အခွင့်အရေးမဆုံးရှုံးဖို့နဲ့ ပါတီဝင်ကိုယ်စားလှယ်လောင်းတွေ တန်းတူညီမျှတဲ့ အခွင့်အရေးရဖို့ကို လေ့လာစောင့်ကြည့်သူတွေက လိုလားနေကြတာပါ။


စုစု/ ဗွီအိုအေ ( မြန်မာပိုင်း)

https://burmese.voanews.com/a/myanmar-election-2020-/5542031.html

ရွေးကောက်ပွဲ စည်းရုံးလှုပ်ရှားမှုတွေမှာ သတိထားဖို့ အကဲခတ်တွေ သတိပေး ရွေးကောက်ပွဲ စည်းရုံးလှုပ်ရှားမှုတွေမှာ သတိထားဖို့ အကဲခတ်တွေ သတိပေး Reviewed by THITHTOOLWIN on 22:45 Rating: 5

No comments:

Powered by Blogger.