ရခိုင်က ကိုဗစ်ပိုး ဗီဇပြောင်း ကူးစက်မြန်ပိုးဖြစ်တယ်လို့ ဆေးသုတေသနပြော

ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ်က Fever Clinic အပါအဝင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ နေထိုင်ရာ အနီးတစ်ဝိုက်ကို ပိုးသတ်ဆေးဖြန်း

သီတင်းတစ်ပတ်ကျော် အချိန်တိုအတွင်း ကိုဗစ် ကူးစက်သူ ၂၀၀ ကျော်ရှိခဲ့တဲ့ ရခိုင်ပြည်နယ်က ကူးစက်မှုတွေကို စမ်းသပ်ကြည့်ခဲ့ရာမှာ ကနဦးရလဒ်တွေအရ ရခိုင်မှာဖြစ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ မျိုးဗီဇ ပြောင်းပြီး ကူးစက်မှုနှုန်းမြန်တဲ့ ဗိုင်းရပ်စ်ဖြစ်နေတယ်ဆိုတာကို တွေ့ရှိခဲ့တယ်လို့ ဆေးသုတေသနဦးစီးဌာနထံက သိရပါတယ်။

အဲဒီကူးစက်မှုတွေဟာ ကမ္ဘာ့နိုင်ငံတချို့မှာ ပျံ့နှံ့ဖြစ်ပွားနေတဲ့ မျိုးဗီဇပြောင်း ဗိုင်းရပ်စ် ဟုတ်မဟုတ်ကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ ဆေးသုတေသန ဦးစီးဌာနက စစ်ဆေးခဲ့တာမှာ အခုလို တွေ့ရှိခဲ့တာ ဖြစ်တယ်လို့ အဲဒီဌာနက ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမြတ်ထွဋ်ညွန့်က ဘီဘီစီကိုပြောပါတယ်။

တွေ့ရှိချက်တွေအရ အဲဒီပိုးကူးစက်မှုပျံနှံ့မှုက ပုံမှန်ထက် ၁၀ ဆ လောက်အထိ မြန်တယ်လို့ သူက ပြောပါတယ်။

ပြင်းထန်မှုကတော့ အရင်အမျိုးအစားနဲ့ အခုအမျိုးအစားက သိပ်မကွာခြားကြောင်းနဲ့ လေ့လာမှု တစ်ခုလုံး ပြီးစီးရင်တော့ ဒီမျိုးဗီဇက ဘယ်ဒေသက မျိုးဗီဇလည်းဆိုတာ သိနိုင်မယ်လို့ ဆိုပါတယ်။

မျိုးဗီဇတစ်ခုလုံး လေ့လာမှုက ရက်ပိုင်းအတွင်း ပြီးစီးမယ်လို့လည်း သိရပါတယ်။

မြန်မာနိုင်ငံက ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုမှာ ရခိုင်ပြည်နယ်မှာ သြဂုတ် ၂၉ မနက်ပိုင်းအထိ ကူးစက်သူ ၂၃၈ ဦးနဲ့ အများဆုံးဖြစ်နေတာဖြစ်ပြီး နေ့စဉ် တိုးလာနေတဲ့ပြည်တွင်းကူးစက်မှုတွေကြောင့် ကိုဗစ်ဒုတိယလှိုင်းနဲ့ကြုံနေရတာလားလို့ စိုးရိမ်တာတွေရှိလာနေပါတယ်။

ပိုးသတ်ဆေးဖြန်း

ဒါကြောင့် တစ်ပြည်လုံး အတိုင်းအတာနဲ့ ကူးစက်မှုတွေ ထပ်တိုးမလာအောင် သတိပြုသင့်တာတွေနဲ့ ပတ်သက်ပြီး ကျန်းမာရေးဝန်ထမ်းတွေ၊ ပိုးတွေ့ပြီး ပြန်ကောင်းလာတဲ့သူတွေနဲ့ ကိုဗစ်ရောဂါနဲ့ဆက်နွှယ်ပတ်သက် စေတနာ့ဝန်ထမ်း လုပ်ဆောင်နေသူတွေကို ခွဲခြားဆက်ဆံတာတွေမလုပ်ဖို့နဲ့ အဲဒီလို ခွဲခြားဆက်ဆံတာကြောင့် တစ်ခါတစ်ရံ ပိုဆိုးတာတွေ ဖြစ်တတ်တဲ့အတွက် ခွဲခြားဆက်ဆံတာတွေ မလုပ်သင့်ဘူးလို့ ဒေါက်တာမြတ်ထွဋ်ညွန့်က ပြောပါတယ်။

ရခိုင်က ကိုဗစ်အတည်ပြုလူနာအားလုံးရဲ့ ၇၉ ရာခိုင်နှုန်းဟာ ရောဂါလက္ခဏာမပြသူတွေဖြစ်လို့ သြဂုတ်လ ၁၀ ရက်နေ့နောက်ပိုင်း ရခိုင်ပြည်နယ်တွင်းကို ခရီးသွားလာမှုရှိထားရင် ရောဂါပိုးသယ်ဆောင်ဖြန့်ဖြူးသူ ဖြစ်နိုင်တာကြောင့် နီးစပ်ရာကျန်းမာရေးဌာနနဲ့ အာဏာပိုင်တွေထံ ချက်ချင်းအကြောင်းကြားဖို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။

ဒါ့အပြင် ကိုဗစ်-၁၉ ရောဂါဟာ လေထဲက ကူးစက်တဲ့ရောဂါ ဖြစ်နိုင်ခြေများတဲ့အတွက် ကူးစက်မြန်ရောဂါ ဖြစ်တယ်လို့ ရန်ကုန်တိုင်းကျန်းမာရေးဦးစီးဌာနက သတိပေးထုတ်ပြန်ထားပါတယ်။

လက်ရှိမှာဆို မြန်မာမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူစုစုပေါင်းဟာ သြဂုတ် ၂၉ ရက်ညပိုင်းအထိ ၇၃၃ ဦးရှိနေပါတယ်။


BBC Burmese

https://www.bbc.com/burmese/world-53959444

ရခိုင်က ကိုဗစ်ပိုး ဗီဇပြောင်း ကူးစက်မြန်ပိုးဖြစ်တယ်လို့ ဆေးသုတေသနပြော ရခိုင်က ကိုဗစ်ပိုး ဗီဇပြောင်း ကူးစက်မြန်ပိုးဖြစ်တယ်လို့ ဆေးသုတေသနပြော Reviewed by THITHTOOLWIN on 21:51 Rating: 5

No comments:

Powered by Blogger.