ရန်ကုန်မြို့ ကရင်အာဇာနည်နေ့ အခမ်းအနားမှာ သုံးဦး အဖမ်းခံရ


ဒီနေ့ သြဂုတ်လ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ နှစ် ၇၀ မြောက် ကရင်အာဇာနည်နေ့ အခမ်းအနားကို ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ ကျင်းပခဲ့ရာမှာ ဦးဆောင်ပြုလုပ်တဲ့ စသိန်းဇော်မင်းနဲ့ စောစာကွာလာတို့ လူငယ်နှစ်ဦးကို ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ အခမ်းအနား ကျင်းပရေးအဖွဲ့  တာဝန်ရှိသူတဦးဖြစ်တဲ့ စောကျော်လင်းက ပြောပါတယ်။


အခမ်းအနား အစီအစဉ်ကို ခွင့်ပြုချိန်ထက် ကျော်လွန်ဆောင်ရွက်တယ်ဆိုပြီး ဖမ်းဆီးတာဖြစ်ကြောင်း စောကျော်လင်းက ပြောပါတယ်။


“ဦးဆောင်တဲ့ စသိန်းဇော်မင်းနဲ့ လူငယ်တစ်ယောက်ကို ခေါ်သွားတယ်။ ကျွန်တော်က မေးတယ် ဘာအကြောင်းပြချက်လဲ။ ခဏပဲလိုက်ခဲ့လို့ပြောပြီး ကျွန်တော်တို့ ရဲစခန်းကို ရောက်တဲ့အခါကျတော့ ကျွန်တော်တို့ကို ပေးမဝင်ဘဲ သူတို့ နှစ်ယောက်ပဲ ဝင်သွားပြီး ငြိမ်းစုစီနဲ့ ပြောတယ်ပေါ့နော်။ ဒါနောက်ဆုံး အခြေအနေပဲ။ ဒီမှာ ကျန်ခဲ့တဲ့သူတွေက ကျွန်တော်တို့ကို ဖုန်းလှမ်းဆက်တော့ အခမ်းအနားကို လာပြီးတော့ ဖျက်ခိုင်းနေတယ်ပေါ့နော်။”


မဟာဗန္ဓုလပန်းခြံရှေ့မှာ ကရင်အာဇာနည်နေ့ ကျင်းပဖို့အတွက် သြဂုတ်လ ၉ ရက်နေ့ကတည်းက ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့ကို ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်း လှည့်လည်ခြင်းဆိုင်ရာ ခွင့်ပြုချက် တင်ပြခဲ့တယ်လို့ ဆိုပါတယ်။


ကရင်အာဇာနည်နေ့ ပြုလုပ်ခွင့်အတွက် ပွဲစီစဉ်သူတွေဟာ သြဂုတ်လ ၁၀ ရက်နေ့မှာ ကျောက်တံတားမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဌာန၊ ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့တို့နဲ့ တွေ့ဆုံညှိနှိုင်းခဲ့ကြပြီး မနက် ၈ နာရီကနေ နေ့လယ် ၂ နာရီအထိ ကျင်းပဖို့ သဘောတူညီမှုရရှိခဲ့တာလို့ နိုင်ငံရေးတက်ကြွလှုပ်ရှားတဲ့ ကရင်တိုင်းရင်းသူ နော်အုန်းလှက ပြောပါတယ်။


“ဥပဒေနဲ့အညီ တင်ထားတာက ၉ နာရီကနေ ၄ နာရီ။ ဒါပေမဲ့ ညှိနှိုင်းတဲ့အခါကျ ၈ နာရီကနေ ၂ နာရီ လက်ခံပါတယ် ပြဿနာမရှိဘူး။ ကျွန်မက မနေဘူးဆိုတာ ကျွန်မအလုပ်ရှိတဲ့အတွက် သွားတာ။ ဒါဟာ မလုပ်သင့်တဲ့ကိစ္စ၊ ဒါ တိုင်းရင်းသားတွေကို တန်းတူမဆက်ဆံဘူးဆိုတာ ဖော်ပြတာ။ ရှစ်လေးလုံး နှစ်ပတ်လည်လုပ်တာ အခု အလံတောင် မဖြုတ်သေးဘူး။ ကျွန်မတို့ကို အတင်းဖြုတ်ခိုင်းတာ ဒါမတရားလုပ်တဲ့ကိစ္စ။ တိုင်းပြည်ရဲ့ ပုံရိပ်အမှန် ကျဆင်းစေတဲ့ ကိစ္စဖြစ်တယ်။ တိုင်းပြည်မှာရှိတဲ့ ဝန်ထမ်းတွေက ဥပဒေကို မလိုတမျိုး၊ လိုတမျိုး လုပ်နေတယ်ဆို ပေါ်လွင်တယ်။ ဝန်ထမ်းတွေ ဒီလိုမျိုးလုပ်တဲ့အတွက် တိုင်းပြည်က ဒီထက်ပိုပြီး ဆိုးလာဖို့ရှိတယ်။”


တိုင်းဒေသကြီးအစိုးရက ကျင်းပချိန်လျှော့ပြီး ၁၁ နာရီအထိသာ ကျင်းပခွင့်ပြုဖို့ ညွှန်ကြားလာတာကြောင့် ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး မျိုးသက်က လာရောက် တားဆီးခဲ့ပါတယ်။


“ဖုန်းနဲ့ လှမ်းပြောတာ၊ ဘယ်စာကို ပြန်ပြင်ရမလဲ။ အခုတရားဝင်ပြောနေပြီ၊ အခုဟိုကနေ ပြောလို့ ပြောနေတာ။ ငါတို့က တင်တုန်းကလည်း တင်ပေးပြီးသွားပြီး အခု သူတို့က အချိန်လျော့ပေးပါဆိုလို့ ၁၁ နာရီအထိ လျော့လိုက်ပြီလေ။ ၁၁ နာရီအထိ လျော့လိုက်တယ်။”


ဦးဆောင်ကျင်းပတဲ့ ကရင်လူငယ် နှစ်ဦးကို ဘယ်ပုဒ်မတွေနဲ့ ဖမ်းဆီးထားလဲ၊ ဘယ်လို ဆက်လက်ဆောင်ရွက်မလဲဆိုတာ ရဲမှူး မျိုးသက်ကို မေးမြန်းခဲ့ပေမယ့် ပြန်လည် ဖြေကြားတာ မရှိခဲ့ပါဘူး။


ပြီးခဲ့တဲ့နှစ်က ကရင်အာဇာနည်နေ့ အခမ်းအနား ပြုလုပ်စဉ် လာရောက် ဝန်းရံခဲ့သူ ဒေါ်စိန်ထွေးကိုလည်း ရဲတပ်ဖွဲ့က ဒီနေ့မနက်က ဖမ်းဆီးခဲ့ပါတယ်။


ပြီးခဲ့တဲ့နှစ်က ဖွင့်ထားတဲ့ ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၉ အမှုကို ကျောက်တံတားမြို့နယ် တရားရုံးမှာ ရင်ဆိုင်ဖို့  ရဲစခန်းက ဒီနေ့ ဖမ်းလိုက်တာဖြစ်တယ်လို့ ဒေါ်စိန်ထွေးက ပြောပါတယ်။


“ဝရမ်းစာတမ်းတွေ ထုတ်ထားပြီးသား ဝီရသူနဲ့ ဘူးလက်လှဆွေကျ ဘာလို့မဖမ်းတာလဲ။ ပြည်သူတွေကို လာဝန်းရံသူတွေကြတော့ တရားခံပြေးလိုလို၊ သူခိုးဂျပိုးလိုလို လာဖမ်းတယ်။ သိက္ခာကျတယ်။ အခု ကျွန်တော့်ကိုလည်း ၂၀၁၉ က စွဲထားတဲ့ ကရင်အာဇာနည်နေ့က ပုဒ်မ ၁၉ နဲ့ တရားစွဲထားတယ်။ အခု တရားစွဲတင်ဖို့အတွက် တရားရုံးကို တန်းသွားမယ်။ ဘာအပြစ်မှ လုပ်ထားတာ မရှိတဲ့အတွက် ဘယ်အဖွဲ့အစည်း၊ ဘယ်သူ့ကို ပူးပေါင်းဆောင်ရွက်ခြင်းမရှိဘူး။ တရားရုံးကိုလည်း ပူးပေါင်းဆောင်ရွက်မှာ မဟုတ်ဘူး။”


ကရင်အာဇာနည်နေ့ အခမ်းအနား ကျင်းပတာကို အခုလို ဖိအားပေး ဖမ်းဆီးမှုတွေကြောင့် တိုင်းရင်းသားတွေအပေါ်  တရားမျှတမှု ရှိလား၊ မရှိလားဆိုတာ ပြည်သူတွေ အသိပဲဖြစ်တယ်လို့ ကရင်အာဇာနည်နေ့ ကျင်းပရေးအဖွဲ့ဝင် နန့်မေသဉ္ဇာက ပြောပါတယ်။


“တရားမျှတမှုကတော့ အခုတွေ့တဲ့အတိုင်းပဲ။ ကျွန်မတို့က တရားမျှတမှုရှိပါတယ်လို့လည်း မပြောဘူး၊ မရှိပါဘူးလို့လည်း မပြောဘူး။ အခုကြည့်နေတဲ့သူတွေ အကုန်လုံးက သိလိမ့်မယ်။ ဇူလိုင် ၁၉ မှာ အာဇာနည်နေ့ ကျင်းပတယ်၊ ထိုနည်းအတူပဲ ကရင်ပြည်သူလူထုတွေက ကရင်အာဇာနည်နေ့ကို လုပ်တာပဲ။ ကျွန်မတို့က တရားမမျှတဘူးလို့ အော်မနေချင်ဘူး အကုန်လုံးက သိလိမ့်မယ်။ အစိုးရက တိုင်းရင်းသားလူနည်းစုတွေကို ဘယ်လို ပုံဖော်ထားလဲဆိုတာ အကုန်လုံးက သိပါလိမ့်မယ်။”


လာမယ့် အထွေထွေရွေးကောက်ပွဲမှာ ရန်ကုန်တိုင်း ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီး နေရာအတွက် မတူညီတဲ့ ပါတီတွေကို ကိုယ်စားပြုပြီး ဝင်ရောက်အရွေးခံဖို့ ပြင်ဆင်နေကြတဲ့ နော်စူဇန်နာလှလှစိုး၊ နော်အုန်းလှနဲ့ မန်းသန်းဝင်းဦးတို့လည်း ဒီနေ့ ကရင်အာဇာနည်နေ့ အခမ်းအနားကို တက်ရောက် ခဲ့ဂါရဝပြုခဲ့ပါတယ်။


ဒါ့အပြင် ကရင်နိုင်ငံရေးပါတီတွေနဲ့ ကရင်အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ကိုယ်စားလှယ်တချို့၊ ကရင်တိုင်းရင်းသားတချို့လည်း ကရင်အာဇာနည်နေ့ အခမ်းအနားကို တက်ရောက်ဂါဝရပြုခဲ့ပါတယ်။


ကရင်ခေါင်းဆောင် စောဘဦးကြီး လုပ်ကြံခံရတဲ့ သြဂုတ်လ ၁၂ ရက်နေ့ကို ကရင်အာဇာနည်နေ့အဖြစ် သတ်မှတ်ကျင်းပကြတာ ဖြစ်ပါတယ်။


ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်က ကရင်အာဇာနည်နေ့ အခမ်းအနားကို ရန်ကုန်မှာ ကျင်းပခွင့် တောင်းခံခဲ့ပေမယ့် တိုင်းအစိုးရက ခွင့်မပြုခဲ့ပါဘူး။


အဲဒီလို ခွင့်ပြုချက်မရဘဲ အခမ်းအနား ကျင်းပခဲ့ရာမှာ ဦးဆောင်ခဲ့ကြတဲ့ နော်အုန်းလှ၊ စသိန်းဇော်မင်း၊ စောအဲလ်ဘက်ချိုတို့ကို ကျောက်တံတားမြို့နယ် တရားရုံးက ငြိမ်းစုစီပုဒ်မ ၂၀ နဲ့ အရေးယူခဲ့ပါတယ်။


သူတို့ထဲက စသိန်းဇော်မင်းဟာ ဒီနေ့ အခမ်းအနားမှာလည်း အရေးယူခံရသူ ဖြစ်ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/karen-martyrs-day-2020-08122020053152.html

ရန်ကုန်မြို့ ကရင်အာဇာနည်နေ့ အခမ်းအနားမှာ သုံးဦး အဖမ်းခံရ ရန်ကုန်မြို့ ကရင်အာဇာနည်နေ့ အခမ်းအနားမှာ သုံးဦး အဖမ်းခံရ Reviewed by THITHTOOLWIN on 22:09 Rating: 5

No comments:

Powered by Blogger.