အတည်ပြုလူနာသစ် ၁၆ ဦးထဲမှာ ရန်ကုန်က ၁၁ ဦး ပါဝင်

ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ အင်းစိန်လမ်း လူကူးတံတားပေါ်မှ ဖြတ်သန်းသွားလာသူတွေကို တွေ့ရစဉ် / ဓာတ်ပုံ - ကျော်ဇင်သန်း/ RFA


ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံသူအရေအတွက် ဆက်တိုက်များပြားလာနေပြီး အဲဒီထဲမှာ ပြီးခဲ့တဲ့လတွေအတွင်း ပြည်ပခရီးသွားရာဇဝင်မရှိတဲ့သူတွေ အများအပြားပါဝင်နေပါတယ်။

ဒီလိုအခြေအနေမှာ အာဏာပိုင်တွေက ကူးစက်မှုလျော့ပါးရေးအတွက် စီစဉ်နေကြပြီး ကျန်းမာရေးဝန်ထမ်းတွေကတော့ ကူးစက်ခံထားရသူတိုင်းကို ဆေးရုံပို့ဖို့ဆိုတာ မဖြစ်နိုင်တော့တဲ့အတွက် နေအိမ်မှာပဲ သက်သာပျောက်ကင်းအောင် နေထိုင်ဖို့ ညွှန်ကြားရတာမျိုး ဖြစ်လာနိုင်တယ်လို့ ပြောပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဓာတ်ခွဲနမူနာ ၅၈၀ ကို မနေ့က ဒုတိယအသုတ် စစ်ဆေးရာမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံနေရသူ ၁၆ ဦး ရှိတယ်လို့ ဒီနေ့ သြဂုတ်လ ၃၀ ရက်နေ့ မနက်ပိုင်းမှာ သတင်း ထုတ်ပြန်ပါတယ်။

အဲဒီ ၁၆ ဦးထဲမှာ ရန်ကုန်တိုင်းက ၁၁ ဦး ပါဝင်ပါတယ်။ အင်းစိန်မြို့နယ်က သုံးဦး၊ တာမွေမြို့နယ်က သုံးဦး၊ ရွှေပြည်သာမြို့နယ်က နှစ်ဦး၊ မြောက်ဥက္ကလာ၊ တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်းနဲ့ ကမာရွတ်မြို့နယ်တွေက တစ်ဦးစီ ဖြစ်ပါတယ်။

ပြည်ပက ပြန်လာသူ ခြောက်ဦးဖြစ်ပြီး ကျန်တဲ့သူတွေက  ပြည်တွင်းကူးစက်ခံရသူတွေပါ။

ဗိုင်းရပ်စ်ပိုးဟာ ကူးစက်နှုန်းမြန်လာပြီး ပြည်တွင်းကူးစက်ခံရသူ အများဆုံး ပါဝင်လာနေတဲ့အတွက် စိတ်ပူစရာဖြစ်နေတယ်လို့ အင်းစိန်မြို့နယ် စဉ့်ငူရပ်ကွက်မှာ နေထိုင်တဲ့ ဦးလှမြင့်က ပြောပါတယ်။

“ပိုးတွေ့လူနာက ကျွန်တော်တို့ သစ္စာဝါဒီလမ်းကဆိုတော့ ကျွန်တော်တို့နဲ့က တစ်မှတ်တိုင် ခြားတယ် ဆိုတော့ နည်းနည်းတော့ အလှမ်းဝေးတယ်။ ဝေးတယ်ဆိုပေမယ့် ဒီလိုပိုးမျိုးက ကူးစက်နှုန်းမြန်တဲ့အတွက် လူတွေက ဟိုတုန်းကလို အပြင်ထွက်မှု ပြုမှုတွေ သိပ်မထွက်ကြတော့ဘူးပေါ့။ ဒီနေ့ အတိုင်းအတာနဲ့ဆိုရင် တော်တော်ကြီးကို ကျဲသွားတယ်။ အခုလို ပြင်ပခရီးသွားလာမှု ရာဇဝင်မရှိတဲ့သူက ဒီလို ပိုးတွေ့တဲ့အတွက်ကြောင့် ပြည်သူတွေမှာ စိုးရိမ်မှုတွေ တော်တော် များနေပါတယ်။”

အင်းစိန်မြို့နယ်က ပိုးတွေ့လူနာ သုံးဦးရဲ့ မိသားစုဝင်တွေ၊ ထိတွေ့ခဲ့သူတွေကို လောလောဆယ် အပြင်မထွက်၊ အိမ်မှာပဲ နေထိုင်ကြစေဖို့ စီစဉ်ထားပြီး သူတို့နေထိုင်တဲ့ လမ်းသွယ်တွေကို Yellow Line လို့ အဝါရောင်ဖဲကြိုးနဲ့ အဝင်အထွက် ကန့်သတ်လိုက်တယ်လို့ အင်းစိန်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က ပြောပါတယ်။

“သတင်းထွက်ထွက်ချင်းပဲ ကျွန်တော်တို့သွားပါတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေ အကုန်လုံးနဲ့ အတည်ပြုလူနာတွေ နေတဲ့အိမ်တွေကိုလည်း မိသားစုစာရင်း ဘာတွေကောက်ပေါ့ဗျာ။ ပြီးတော့ ပိုးသတ်ဆေးဖျန်းတဲ့ အလုပ်တွေလုပ်တယ်။ သူတို့နေတဲ့ လမ်းသွယ်ဆိုလည်း လမ်းသွယ်တွေကို Yellow Line တွေ တားပြီး ပိတ်လိုက်တယ်။ နောက် လုံခြုံရေးတွေဘာတွေ ချပေါ့နော်။ သူတို့ အပြင်တွေ ဘာတွေ ထွက်မှာစိုးလို့။ အဲဒါကတော့ မနက်က သုံးယောက်လုံးနဲ့ ပတ်သက်ပြီး အဲဒါတွေ လုပ်ဖြစ်တယ်။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အတိုင်းပဲ ကျွန်တော်တို့က ဆက်လုပ်ရမှာလေ၊ လောလောဆယ်တော့ အိမ်ထဲက အိမ်ပြင် မထွက်ဖို့ပဲ အရင်လုပ်ထားရတာပေါ့နော်။ "

သြဂုတ်လ ၂၉ ရက်နေ့က ပထမသုတ်အဖြစ် ဓာတ်ခွဲနမူနာ ၁၄၇၄ ခုကို စစ်ဆေးခဲ့ရာမှာ ပြည်ပခရီးသွားရာဇဝင်မရှိတဲ့ အတည်ပြုလူနာ ၇၇ ဦးကို စံချိန်တင် တွေ့ရှိခဲ့ပါတယ်။

အဲဒီထဲမှာလည်း ရန်ကုန်တိုင်း ဒလမြို့နယ်က တစ်ဦးနဲ့ သာကေတမြို့နယ်က တစ်ဦးတို့မှာ ပိုးတွေ့ရှိခဲ့ပါတယ်။ သူတို့ဟာ ပြည်ပခရီးသွားရာဇဝင်လည်းမရှိသလို၊ အတည်ပြုလူနာနဲ့ ထိတွေ့မှုလည်း မရှိခဲ့ပါဘူး။ ဒလမြို့နယ်က အတည်ပြုလူနာကတော့ စစ်တွေကို ခရီးသွား ရာဇဝင်ရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

နိုင်ငံတကာမှာတော့ ကူးစက်ခံနေရပြီ၊ Positive ဖြစ်နေပြီ ဆိုပေမယ့် အိမ်မှာပဲ ပိုးကင်းစင်အောင် နေဖို့ စီစဉ်နေကြတယ်လို့ ရန်ကုန်မြို့က ဆရာဝန်တစ်ဦးဖြစ်တဲ့  ဒေါက်တာ ဥက္ကာကြည်ဝင်းက သုံးသပ်ပါတယ်။

"ဒီလိုမျိုး များများစစ်နိုင်ရင်တော့ ကျွန်တော်ထင်တာကတော့ များများတွေ့မှာပဲ။ တွေ့လာတာနဲ့အမျှ အခုတောင်မှ သတင်းတွေ နည်းနည်း ကြားနေရပြီပေါ့နော်။ ပိုးတွေ့လူနာတိုင်းကို ဆေးရုံတင်ဖို့ဆိုတာ နောက်ပိုင်းဆိုရင် မဖြစ်နိုင်တော့ဘူးပေါ့လေ။ ကျွန်တော်တို့ ဒါက ကျွန်တော်တို့ နိုင်ငံတွေမှ မဟုတ်ပါဘူး၊ အမေရိကလို အရမ်းကူးစက်တဲ့ နိုင်ငံတွေမှာ Positive ဖြစ်တာနဲ့ ဆေးရုံမတင်ဘူးပေါ့နော်။ ကျွန်တော်တို့ နိုင်ငံမှာ လူနာအရေအတွက် နည်းသေးတဲ့အတွက်ကြောင့်မို့လို့ Positive ဆိုတိုင်း ဆေးရုံတင်တာပေါ့။ နောက်ပိုင်းကျရင် ဘယ်လိုဖြစ်သွားမလဲဆိုတော့ Home Quarantine ခေါ်မှာပေါ့ ကိုယ်အိမ်မှာပဲနေ၊ ဘယ်လို လက္ခဏာမျိုးဆိုတော့မှ ဆေးရုံကိုလာခဲ့ဆိုပြီး ကျွန်တော်ထင်တာကတော့ အဲဒီလိုတွေ ကြေညာရတဲ့အဆင့်ထိ ရောက်လာလောက်မယ် ထင်ပါတယ်။”

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးကတော့ ရန်ကုန်တိုင်းမှာ ပြည်တွင်းကူးစက်မှုတွေရှိနေပြီးလားဆိုတာ ဖြေဖို့ ဆက်လက်စောင့်ကြည့်ရဦးမယ်လို့ ပြောပါတယ်။

“ရခိုင်လိုဆိုရင် ဒါ ပြည်တွင်းကူးစက်မှု ရှိနေတယ်လို့ ပီပီပြင်ပြင် ပြောလို့ရတယ်ပေါ့။ ရန်ကုန်အနေနဲ့ကတော့ ရန်ကုန်မှာတွေ့တဲ့သူများစုကတော့ ရခိုင်ပြည်နယ် မြို့နယ်တွေက ပြန်လာတယ် ဒါမျိုးတွေများတယ်။ အခုလက်ရှိအနေအထားမှာတော့ ရန်ကုန်တိုင်းမှာ ပြည်တွင်းကူးစက်မှုတွေ ရှိနေပြီလားဆိုတဲ့ဟာ ဖြေဖို့အတွက်ကတော့ ဆက်စောင့်ကြည့်ရဦးမှာ အခုနေတော့ ဆုံးဖြတ်လို့ မရသေးပါဘူး။”

လက်ရှိအခြေအနေနဲ့ ကူးစက်ရောဂါရဲ့ သဘောသဘာဝအရ ကူးစက်မှုမြင့်တက်နေတဲ့ ကာလဖြစ်တာကြောင့် တက်နေဦးမှာဖြစ်ပြီး ရောဂါကာကွယ်ထိန်းချုပ်ရေးနည်းလမ်းကို ပြည်သူတွေက ပူးပေါင်းဆောင်ရွက်ရင် ကူးစက်မှုတန့်သွားမှာဖြစ်လို့ ပြည်သူတွေ လုပ်ဆောင်သင့်တဲ့ ကိစ္စရပ်တွေကို လုပ်ဆောင်ကြဖို့လည်း ဒေါက်တာ ခင်ခင်ကြီးက တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံမှာ ဒီနေ့မနက် ၈ နာရီအထိ ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ စုစုပေါင်း ၇၄၉ ဦးအထိ ရှိနေပြီး အဲဒီထဲမှာ သေဆုံးသူ ၆ ဦးနဲ့ ရောဂါပိုးကင်းစင်လာသူ ၃၅၁ ဦးထဲက ဆေးရုံကဆင်းခွင့်ရခဲ့သူ ၃၄၇ ဦး ရှိပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/coronavirus-in-yangon-08302020064353.html

အတည်ပြုလူနာသစ် ၁၆ ဦးထဲမှာ ရန်ကုန်က ၁၁ ဦး ပါဝင်  အတည်ပြုလူနာသစ် ၁၆ ဦးထဲမှာ ရန်ကုန်က ၁၁ ဦး ပါဝင် Reviewed by THITHTOOLWIN on 19:15 Rating: 5

No comments:

Powered by Blogger.