ခြင်းဒစ်အမှတ်တရ၊ ဒုတိယကမ္ဘာစစ် 'မေ့လျော့ခံတပ်ဖွဲ့' ဂုဏ်ပြုကျောက်တိုင်ကို စောင့်ရှောက်ရမယ့်စာရင်းထည့်

၁၉၉ဝ က လန်ဒန် ဝိတိုရိယမြစ်ကမ်းပါး ဥယျာဉ်ထဲမှာ ဖွင့်လှစ်ခဲ့တဲ့ ခြင်းဒစ်ကျောက်တိုင်


ဒုတိယကမ္ဘာစစ်အတွင်းက 'မေ့လျော့ခံတပ်ဖွဲ့'က စစ်သားတွေကို ဂုဏ်ပြုတဲ့ ကျောက်တိုင်ကို ထိန်းသိမ်းစောင့်ရှောက်ရမယ့်စာရင်းမှာ ထည့်သွင်းလိုက်ပါတယ်။


လန်ဒန်မြို့ ဝက်စမင်စတာရပ်ကွက် တင်းမြစ်ကမ်းပေါ်က ဝိတိုရိယ ကမ်းပါးဥယျာဉ်မှာ ရှိတဲ့ ခြင်းဒစ် အမှတ်တရကို အဆင့်(၂) စောင့်ရှောက်ရမယ့် နေရာ စာရင်းမှာ ထည့်သွင်းမှာ ဖြစ်ပါတယ်။


ဂျပန်လက်နက်ချတဲ့ (၇၅) နှစ်ပြည့်တဲ့အချိန်မှာ ကြေညာမှာ ဖြစ်ပါတယ်။


မြန်မာပြည် စစ်မျက်နှာမှာ တိုက်ခဲ့ကြတဲ့ ဒီအထူးတပ်ဖွဲ့တွေက ဂျပန်စစ်ကို တွန်းလှန်ရာမှာ ကူညီခဲ့ကြပါတယ်။


ဒီကျောက်တိုင်ဟာ "အရှေ့ဖျားမှာ ထမ်းဆောင်ခဲ့သူ အားလုံး အတွက် အမှတ်တရနေရာ" လို့ ဗြိတိသျှအစိုးရက ပြောပါတယ်။


ကမ္ဘာတလွှားမှာလည်း ဒုတိယကမ္ဘာစစ်မှာ ဂျပန်ကို အောင်နိုင်တဲ့၊ ကမ္ဘာစစ်ပြီးဆုံးတဲ့ အထိမ်းအမှတ် ဗီဂျေဒေးတွေ ကျင်းပဖို့ ရှိနေပါတယ်။

မြန်မာပြည်က ခြင်္သေ့ရုပ်ကို အစွဲပြုပြီး မှည့်တဲ့ ခြင်းဒစ်တပ်တံဆိပ်


" ဂျပန်ကို စစ်အောင်တဲ့ (၇၅) နှစ်ပြည့်တဲ့အချိန်မှာ ဒုတိယကမ္ဘာစစ်မှာ အနစ်နာခံခဲ့ကြတဲ့မျိုးဆက်ကို မမေ့ဖို့ လိုတယ် "ဆိုပြီး ဗြိတိသျှ အမွေအနှစ် ထိန်းသိမ်းရေးဌာန ဝန်ကြီး နီဂျဲ ဟက်ဒယ်လ်စတန်က ပြောပါတယ်။


"နောက်မျိုးဆက်တွေအတွက် ဒီနေရာတွေကို ထိန်းသိမ်းထားမှ ဒီအရေးကြီးတဲ့ သမိုင်းတွေကို သူတို့ လေ့လာနိုင်မယ် " လို့လည်း ပြောပါတယ်။


ဒီအုပ်စုကို မြန်မာပြည်က ဘုရားတွေမှာ အစောင့်အဖြစ် ထားတဲ့ ခြင်္သေ့တွေကို အစွဲပြု မှည့်ခေါ်တာပါ။


ခြင်းဒစ်တပ်တွေထဲမှာ ဗြိတိန်၊ မြန်မာ၊ ဟောင်ကောင်၊ အိန္ဒိယ၊ နီပေါ၊ အနောက်အာဖရိကနဲ့ အမေရိကန်က တပ်သားတွေ ပါဝင်ပြီး မြန်မာပြည် တောကြီးမျက်မည်း ထဲမှာ ဂျပန်တပ်တွေနဲ့ သက်စွန့်ဆံဖျား သူတို့ တိုက်ခိုက် ခဲ့ကြပါတယ်။

ဂျပန်တပ်မတော်ကို တိုက်ခိုက်ရာမှာ နာမည်ကြီးတဲ့ ဗိုလ်မှူးချုပ် ဝင်းဂိတ်က ခြင်းဒစ်ကို ဖွဲ့


မျက်မှောက်ခေတ် စာနယ်ဇင်းတွေက သူတို့အကြောင်း ဖော်ပြတာ နည်းလို့ မြန်မာပြည် စစ်ဆင်ရေးမှာ တိုက်ခဲ့ကြတဲ့ ဒီစစ်သားတွေကို 'မေ့လျော့ခံတပ်ဖွဲ့ 'တွေလို့ မကြာခဏ ခေါ်ဆိုကြပါတယ်။


ကြေးနဲ့ သွန်းတဲ့ ခြင်္သေ့ရုပ်တုတင်ထားတဲ့ ဒီကျောက်တိုင်ကို ၁၉၉ဝ မှာ ဘုရင်မကြင်ယာတော် အက်ဒင်ဘာရာ မြို့စားကြီးက ဖွင့်လှစ်ပေးခဲ့ပါတယ်။


ကျောက်တိုင်မျက်နှာစာမှာ ခြင်းစ်အဖွဲ့ရဲ့ အပြာရောင် ကြွေပြားတချပ် ရှိပြီး အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ် အော့ဒ် ဝင်းဂိတ်ပုံ ပါပါတယ်။


နောက်သီးခြားအမှတ်တရကျောက်တိုင်ကိုတော့ စထရက်ဖို့ဒ်ရှိုင်းယားနယ်က အမျိုးသား အောက်မေ့ဖွယ် ရုက္ခဗေဒ ဥယျာဉ်မှာ ထားရှိပါတယ်။


"မဟာမိတ်တပ်ဖွဲ့တွေကို အမှတ်တရဂုဏ်ပြုတဲ့ နေရာတွေ အင်္ဂလန်မှာ ရှားတာ အံ့သြစရာ ကောင်းတယ် " လို့ အင်္ဂလန်ရဲ့ သမိုင်းဝင် နေရာများ အဖွဲ့ ညွှန်ကြားရေးမှူး ကလော်ဒီယာ ကင်ညေးတားက ပြောပါတယ်။


"ခြင်းဒစ်အထူးတပ်တွေအတွက် အမှတ်တရကျောက်တိုင်ကို စာရင်းတင်နိုင်တာ ဝမ်းသာတယ် " လို့လည်း ပြောပါတယ်။


ဒီ အဆင့်(၂) စောင့်ရှောက်ရမယ့် နေရာ စာရင်းမှာ ပါနိုင်ဖို့ "အထူးအရေးကြီးတဲ့ သမိုင်းနောက်ခံ" ရှိဖို့ လိုပါတယ်။


ဒီလိုစာရင်းဝင် နေရာတွေကို ပြုပြင် ပြောင်းလဲတာနဲ့ ပတ်သက်ပြီး တင်းကျပ်တဲ့ ဥပဒေတွေလည်း ထားရှိပါတယ်။ 


BBC Burmese

https://www.bbc.com/burmese/world-53785976

ခြင်းဒစ်အမှတ်တရ၊ ဒုတိယကမ္ဘာစစ် 'မေ့လျော့ခံတပ်ဖွဲ့' ဂုဏ်ပြုကျောက်တိုင်ကို စောင့်ရှောက်ရမယ့်စာရင်းထည့်  ခြင်းဒစ်အမှတ်တရ၊ ဒုတိယကမ္ဘာစစ် 'မေ့လျော့ခံတပ်ဖွဲ့' ဂုဏ်ပြုကျောက်တိုင်ကို စောင့်ရှောက်ရမယ့်စာရင်းထည့် Reviewed by THITHTOOLWIN on 03:01 Rating: 5

No comments:

Powered by Blogger.