ပြည်ထောင်စု သဘောတူညီချက် ပြင်ဆင်ရေးကြိုးပမ်းမှု ဒေါ်စုချီးကျုး

နေပြည်တော်မှာ ကျင်းပတဲ့ JICM အစည်းအဝေးပွဲမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားတဲ့ မြင်ကွင်း။ (ဓာတ်ပုံ - Myanmar State Counsellor Office - သြဂုတ် ၁၃၊ ၂၀၂၀)


ရှေ့သီတင်းပတ်မှာ ကျင်းပမယ့် ၂၁ ရာစု ပင်လုံညီလာခံမှာ လက်မှတ်ရေးထိုးဖို့ ရည်မှန်းထားတဲ့ ပြည်ထောင်စုသဘောတူညီချက်မှာ တိုးတက်မှုတွေရအောင် ကြိုးပမ်းခဲ့တဲ့အပေါ် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ကြိုဆိုလိုက်သလို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကတော့ ကြန့်ကြာမှုတွေ မရှိအောင်လုပ်ဖို့ တိုက်တွန်းလိုက်တဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။


အစိုးရနဲ့ NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့က ကိုယ်စားလှယ်တွေ ညှိနှိုင်းသဘောတူထားတဲ့ ပြည်ထောင်စုသဘောတူစာချုပ် အပိုင်း ၃မှာ ထည့်သွင်းမယ့် အချက်တွေကို JICM ခေါ် NCA အပစ်ရပ်စာချုပ် အကောင်အထည်ဖေါ်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ပြန်လည်သုံးသပ်ပြီး အတည်ပြုမှာ ဖြစ်ပါတယ်။


ဒီနေ့ မနက် နေပြည်တော်မှာ ကျင်းပတဲ့ JICM အစည်းအဝေးအဖွင့်အမှာစကားပြောကြားရာမှာ ၂၀၁၈ ခုနှစ်က ကျင်းပတဲ့ ၂၁ ရာစုပင်လုံ တတိယအစည်းအဝေးပြီးနောက်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ ရပ်တန့်ခဲ့ရကြောင်း ဒီလုပ်ငန်းစဉ်ကို ပြန်လည်စတင်ဖို့ ကြိုးပမ်းခဲ့ပြီး ပြည်ထောင်စု သဘောတူစာချုပ် အပိုင်း ၃ ကို ရရှိအောင်ဆွေးနွေးခဲ့သူတွေကို ချီးကျူးကြောင်း အခုလို ထည့်သွင်း ပြောကြားခဲ့ပါတယ်။


“ဒီနေ့ အစည်းအဝေးကို တင်ပြလာတဲ့ စာချုပ်မူကြမ်းကို ကြည့်လိုက်တာနဲ့ နှစ်ဘက်အလုပ်အဖွဲ့တွေ ဘယ်လောက်အထိ ဆွေးနွေးခဲ့ရတယ်။ ညှိနှိုင်းခဲ့ရတယ်။ ငြင်းခုန်ခဲ့ရတယ်။ ကြိုးပမ်းအားထုတ်ခဲ့ရတယ်ဆိုတာကို ကျမတို့ နားလည်သဘောပေါက်နိုင်ပါတယ်။ ဒီဟာကို အရှိန်အဟုန်နဲ့ ဆွေးနွေးမှုတွေဆက်တိုက် ဆောင်ရွက်နေချိန်မှာ ကမ္ဘာနဲ့ အဝှမ်းကိုဗစ်-၁၉ ကပ်ရောဂါ ပျံ့နှံ့မှုတွေ ဖြစ်ပေါ်လာခဲ့တာကြောင့် တွေ့ဆုံဆွေးနွေးမှုတွေဟာ အရှိန်အဟုန်လျော့ကျသွားခဲ့ရပါတယ်။ Video Conferencing တွေနဲ့ဆွေးနွေးမှုတွေ ရပ်ဆိုင်းမသွားအောင်ဆောင်ရွက်ခဲ့ကြရတာဖြစ်ပါတယ်။ ဒီလိုစိန်ခေါ်မှုအမျိုးမျိုးကြားကနေ မဆုတ်မနစ် ကြိုးပမ်းဆောင်ရွက်ပေးခဲ့ကြတဲ့ နှစ်ဘက်ကိုယ်စားလှယ်တွေ၊ ပါဝင်ပတ်သက်သူတွေ၊ ဝိုင်းဝန်းပံ့ပိုးခဲ့သူတွေအားလုံးကို ကျမအနေနဲ့ လှိုက်လှိုက်လဲလဲ ကျေးဇူးတင်ရှိပါကြောင်းအလေးအနက်ပြောကြားလိုပါတယ်။”


COVID 19 ကပ်ရောဂါကို မြန်မာပြည်သူတွေ စည်းစည်းလုံးလုံးနဲ့ ရင်ဆိုင်ခဲ့သလို ၂၀၁၈ က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ရပ်တန့်နေရာက အခုဆိုရင် ပြန်လည်စတင်နိုင်တဲ့အခြေအနေကို ရောက်ခဲ့ကြောင်းလည်း အခုလို ထည့်သွင်း ပြောကြားပါတယ်။


“ဒီအတိုင်းပါပဲ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး အစည်းအဝေးတွေခေါ်လို့မရ၊ တွေ့ဆုံဖို့ညှိနှိုင်းလို့မရတဲ့အခြေအနေ၊ NCA လမ်းကြောင်းရပ်ဆိုင်းသွားရတဲ့ အခြေအနေကနေ ဒီကနေဆိုရင် ၂၁-ရာစုပင်လုံညီလာခံကို ကျင်းပနိုင်တဲ့အနေအထားကိုရောက်လာပါပြီ။ ဒါတင်ပဲလားမကပါဘူး။ နိုင်ငံရေးသဘောတူညီချက်တွေ ရယူနိုင်တဲ့ အနေအထားကို ရောက်ရှိလာခဲ့ပါပြီ။ ဒါတင်မကသေးပါဘူး။ ဒီမိုကရေစီဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးအတွက်ရှေ့ဆက်ပြီး တစ်လှမ်းပြီး တစ်လှမ်း၊ တဆင့်ပြီး တဆင့်ဖော်ဆောင်နိုင်မယ့် အဆင့်လိုက်အစီအစဉ်တစ်ခုကို ရယူနိုင်မယ့်အနေအထားတစ်ခုကို ရောက်ရှိခဲ့ပြီဖြစ်ပါတယ်။”


ဒီနေ့ အစည်းအဝေးကို တက်ရောက်လာတဲ့ တပ်မတော် ဒုတိယ ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှုးကြီးစိုးဝင်းကလည်း ပြည်ထောင်စု သဘောတူစာချုပ်ရရှိအောင် ဆွေးနွေးခဲ့ရာမှာ အချိန်ကြန့်ကြာမှုမရှိစေဖို့အတွက်လည်း အခုလို တိုက်တွန်းကြောင်း ပြောဆိုခဲ့ပါတယ်။


“အခုအစည်းအဝေးက အလုပ်အဖွဲ့တွေ ကြိုတင်ညှိနှိုင်း သဘောတူညီချက်တွေကို အတည်ပြုကြတာဖြစ်ပါတယ်။ အလုပ်အဖွဲ့များရဲ့ ကြိုးပမ်းဆောင်ရွက်မှုကို အသိအမှတ်ပြုပါသော်လည်း ဆွေးနွေးချက်များအပေါ် သုံးသပ်ရလျှင်ဖြင့် ကြိုတင်ညှိနှိုင်း သဘောတူညီချက်များ ယခုထက် ပိုမိုပြီးတော့မှ ရသင့်ကြောင်းလည်း တွေ့ရမှာ ဖြစ်ပါတယ်။ ယခု ၉ကြိမ်မြောက် JICM အစည်းအဝေးအတွက် အလုပ်အဖွဲ့များ ညှိနှိုင်းဆွေးနွေးမှု ၄ ကြိမ်ဆောင်ရွက်ရာမှာ အချို့အချက်များဟာ NCA မှာ အတိအကျ ဖော်ပြထားပြီးဖြစ်သော်လည်း စာသားအဓိပါ္ပယ်အယူအဆ၊ နက်ကောက်မှုများ လွဲချော်သွားခြင်းများကြောင့် ဆွေးနွေးရမယ့် အချက်သစ်များကို မဆွေးနွေးနိုင်ဘဲ ဒီလို အယူအဆ၊ အချက်အလက် လွဲမှားနေတဲ့ သက်ဆိုင်ရာ NCA ပါအချက်များကိုပဲ ထပ်မံဆွေးနွေးမှုကြောင့် အချိန်ကြန့်ကြာခြင်း၊ NCA ကို အခြေခံတဲ့ ညှိနှိုင်းအစည်းအဝေးများမှာ မူလက သဘောတူညီချက်တွေကို ထပ်မံ ပြင်ဆင်လိုမှုကြောင့် အပြန်အလှန် ထပ်မံဆွေးနွေးရခြင်းကြောင့် အချိန်ကြန့်ကြာခြင်း၊ NCA မှာ မပါရှိဘဲ လုံခြုံရေးနဲ့ မပတ်သက်တဲ့ စာသားရပ်များကို ထည့်သွင်းဆွေးနွေးခြင်းကြောင့် အချိန်ကြန့်ကြာခြင်း၊ ဒါတွေကြောင့် နောက်ကြောင်းပြန် ရှေ့ကို အရှိန်အဟုန်နဲ့ ဆွေးနွေးရမယ့် အစားနောက်ကြောင်းပြန် ထပ်မံဆွေးနွေးချက်များဖြင့် မလိုလားအပ်ဘဲ အဖိုးတန်အချိန်များ ကုန်ဆုံးခဲ့ကြသည်ကို တိုင်းရင်းသားပြည်သူတစ်ရပ်လုံးရဲ့ မျှော်လင့်စောင့်စားနေတဲ့ ပန်းတိုင်ရောက်ဖို့ဟာလည်း မလိုလားအပ်ဘဲ ကြန့်ကြာနေတာဖြစ်တဲ့အတွက် အလုပ်အဖွဲ့များ ရှေ့ဆက်ပြီး ဆွေးနွေးရန် ကျန်ရှိတဲ့ အချက်များကို အရှိန်အဟုန်ဖြင့် ဆွေးနွေးကြရာမှာ ဒီလို အချက်မျိုးကို သတိပြုကြဖို့ တိုက်တွန်းလိုပါတယ်။”

NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွတ်ဆစ်ကတော့ နှစ်ဘက်သဘောတူညီချက် ရအောင်ဆောင်ရွက်ခဲ့ကြသူတွေကို ဂုဏ်ပြုကြောင်း ပြောကြားခဲ့ပါတယ်။


JICM အစည်းအဝေးက ရယူထားတဲ့ ပြည်ထောင်စုသဘောတူညီချက် စာချုပ် အပိုင်း ၃ ပါ အချက်တွေကို အတည်ပြုခဲ့ပြီးတဲ့နောက် ၂၁ရာစုပင်လုံ စတုတ္ထအစည်းအဝေးစတင်ရေးအတွက် UPDJC ခေါ် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ အစည်းအဝေးတွေကို ဒီလ ၁၄ ရက်၊ ၁၅ ရက်။ ၁၇ ရက်နေ့ကျင်းပမှာဖြစ်ပါတယ်။


ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးကိုတော့ ၁၉ ရက်ကနေ ၂၁ ရက်နေ့ထိ ၃ရက်ကြာကျင်းပမှာဖြစ်ပါတယ်။


NCA စာချုပ်အရ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကို တစ်နှစ် ၂ ကြိမ်ကျင်းပဖို့ သဘောတူထားခဲ့ပေမဲ့ ၂၀၁၈ ခုနှစ် ဇူလိုင်လ ငြိမ်းချမ်းရေး ညီလာခံပြီးနောက်မှာတော့ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းရေးနဲ့ ပြည်ထောင်စုက ခွဲမထွက်ရေးဆိုတဲ့ အချက်တွေအပေါ်မှာ ပြေလည်မှု မရခဲ့တာကြောင့် ငြိမ်းချမ်းရေးညီလာခံဟာ ၂နှစ်ကျော် ရပ်ဆိုင်းခဲ့ရပါတယ်။ 


ကိုမိုးဇော် / ဗွီအိုအေ ( မြန်မာပိုင်း)

https://burmese.voanews.com/a/dassk-jicm-nca/5541894.html

ပြည်ထောင်စု သဘောတူညီချက် ပြင်ဆင်ရေးကြိုးပမ်းမှု ဒေါ်စုချီးကျုး ပြည်ထောင်စု သဘောတူညီချက် ပြင်ဆင်ရေးကြိုးပမ်းမှု ဒေါ်စုချီးကျုး Reviewed by THITHTOOLWIN on 22:25 Rating: 5

No comments:

Powered by Blogger.