ကိုဗစ်တကျော့ပြန်ကူးစက်မှုကြောင့် နယူးဇီလန်မှာ ကန့်သတ်မိန့်ထုတ်မည်

နယူးဇီလန်နိုင်ငံ Christchurch မြို့က စျေးဝယ်ဆိုင်တခုမှာ COVID 19 ရှိ၊ မရှိ စစ်ဆေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတဦး။ (ဧပြီ ၁၇၊ ၂၀၂၀)



နယူးဇီလန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအသစ်တွေ ပြန်ဖြစ်လာနေတာကြောင့် ဝန်ကြီးချုပ် Jacinda Arden အနေနဲ့ Auckland မြို့မှာ လူတွေကို အပြင်မထွက်ဖို့ အမိန့်အသစ်ကို ထပ်ပြီးတော့ ထုတ်ပြန်သွားဖို့ ရှိနေပါတယ်။


Auckland မြို့မှာ ဒီနေ့ ဗိုင်းရပ်စ်ကူးစက်သူ ၁၃ ယောက်ရှိပြီး၊ အဲဒီလူအားလုံး COVID-19 ရောဂါကူးစက်ခံထားရတဲ့ မိသားစုဝင် ၄ ယောက်နဲ့ ဆက်စပ်မှုရှိတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ အခုလို ကူးစက်ခံထားကြောင့် ဒါဟာ နယူးဇီလန်နိုင်ငံမှာ ရက်ပေါင်း ၁၀၂ ရက်အတွင်း လူတစ်ယောက်ကနေ တစ်ယောက်ကို ပထမဆုံးအကြိမ် ကူးစက်မှု ပြန်ဖြစ်လာတာပါ။ ဒါကြောင့်အခုဆိုရင် နယူးဇီလန်နိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၃၆ ယောက်ရှိသွားပြီးဖြစ်ပါတယ်။


၀န်ကြီးချုပ် Arden ကတော့ ပြီးခဲ့တဲ့ အင်္ဂါနေ့က Auckland မြို့မှာ လူတွေကို ၃ ရက်ကြာ အပြင်မထွက်ဖို့ အမိန့်ထုတ်ခဲ့ပြီး မြို့ အဝင်အထွက်တွေမှာလည်း ရဲတွေကို ချထားလိုက်ပြီး အဝင်အထွက်တွေကို ပိတ်လိုက်ပါတယ်။ ဒါ့အပြင် တခြားမြို့တွေမှာလည်း တစ်ယောက်နဲ့ တစ်ယောက်ခပ်ခွာခွာနေဖို့ စည်းမျဉ်းတွေကို တင်းတင်းကြပ်ကြပ်လုပ်ဆောင်ဖို့ ပြောပါတယ်။


ပြင်သစ်နိုင်ငံမှာလည်း ဗိုင်းရပ်စ်ကူးစက်မှုတွေ ပြန်မြင့်တက်လာပြီး လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း နောက်ထပ် ဗိုင်းရပ်စ်ကူးစက်သူ ၂,၅၂၄ ယောက်ရှိတယ်လို့ ပြင်သစ်ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။ ဒါဟာ လူတွေကို အပြင်မထွက်ဖို့ အမိန့်တွေ ပြန်ရုပ်သိမ်းလိုက်ပြီးတဲ့နောက် တနေ့တည်းမှာ ကူးစက်မှုနှုန်း အများဆုံးစံချိန်တင်လာလည်းဖြစ်ပါတယ်။


ပီရူးနိုင်ငံမှာလည်း ဗိုင်းရပ်စ်ကူးစက်မှုတွေ မြင့်တက်လာနေတာကြောင့် တနင်္ဂနွေနေ့ကစပြီး ညမထွက်ရ အမိန့်တွေ ထုတ်ပြန်လိုက်သလို လူစုလူဝေးတွေ လုပ်ပြီး မတွေ့ဖို့ တားမြစ်လိုက်ပါတယ်။ အခုလို ကူးစက်မှုတွေပြန်မြင့်တက်လာတာ လူစုလူဝေးတွေ တွေ့ဆုံတာတွေကြောင့် ဖြစ်တယ်လို့ ပီရူးသမ္မတ Martin Vizcarra က ပြောပါတယ်။


ကမ္ဘာတဝှမ်းမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ စုစုပေါင်း ၂၀.၆ သန်းကျော်ရှိပြီး သေဆုံးသူ ၇၅၀,၀၀၀ လောက်ရှိပါတယ်။


တချိန်တည်းမှာပဲ ဂျာမနီနိုင်ငံနိုင်ငံအနေနဲ့ လာမယ့် လတွေအတွင်းမှာ COVID-19 ကာကွယ်ဆေးကို ထုတ်လုပ်နိုင်မှာဖြစ်ပြီး၊ ရှေ့နှစ်မှာတော့ သေချာပေါက် ထုတ်လုပ်နိုင်မှာဖြစ်တယ်လို့ ဂျာမနီကျန်းမာရေးဝန်ကြီး Jens Spahn က ဒီနေ့ ပြောလိုက်ပါတယ်။


 ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/newzealand-covid/5541946.html

ကိုဗစ်တကျော့ပြန်ကူးစက်မှုကြောင့် နယူးဇီလန်မှာ ကန့်သတ်မိန့်ထုတ်မည် ကိုဗစ်တကျော့ပြန်ကူးစက်မှုကြောင့် နယူးဇီလန်မှာ ကန့်သတ်မိန့်ထုတ်မည် Reviewed by THITHTOOLWIN on 22:56 Rating: 5

No comments:

Powered by Blogger.