ဒေါ်အောင်ဆန်းစုကြည် ကော့မှူးနယ်မြေ အတွက် အမတ်လောင်း အမည်စာရင်းတင်


ရန်ကုန်တိုင်း ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေကနေ ရွေးကောက်ပွဲဝင်မယ့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ  ရန်ကုန်တောင်ပိုင်းခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှာ ဒီနေ့ သြဂုတ် ၄ ရက်နေ့မနက်က ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေကနေ သုံးကြိမ်မြောက် ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

အမည်စာရင်းတင်သွင်းခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်က ကော်မရှင်အဖွဲ့ဝင်တွေကို တစ်စုံတစ်ရာ မှာကြားခဲ့တာ မရှိဘူးလို့ ကော်မရှင်ရုံးခွဲ တာဝန်ခံ ဦးကျော်မိုးကြည်က ပြောပါတယ်။

ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေ  အမည်စာရင်းသွင်းရမယ့် နောက်ဆုံးရက် မတိုင်ခင် သုံးရက်အလိုမှာ လာရောက်စာရင်းသွင်းခဲ့တာဖြစ်ပါတယ်။

အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကော်မရှင်ရုံး ရောက်လာချိန်မှာ ကြိုဆိုနှုတ်ဆက်ကြသူတွေ လည်းရှိသလို လယ်ယာမြေပြဿနာတွေနဲ့ ပတ်သက်ပြီး စောင့်ဆိုင်း တိုင်ကြားခဲ့ကြသူတွေလည်းရှိပါတယ်။ တိုင်စာ နှစ်စောင်ကို အတိုင်ပင်ခံပုဂ္ဂိုလ်က ယူဆောင်သွားခဲ့ပါတယ်။

နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ အတိုင်ပင်ခံပုဂ္ဂိုလ် ဝင်ရောက်ယှဉ်ပြိုင်မယ့် ကော့မှူးမြို့နယ် ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ်မြေမှာ ပါဝင်ယှဉ်ပြိုင်မယ့်သူ အရေအတွက်ဟာ အရင်ရွေးကောက်ပွဲတွေကထက် ပိုများလာပါတယ်။

အဲဒီထဲမှာ ၁၉၉၀ ရွေးကောက်ပွဲမှာ NLD ပါတီကိုယ်စားလှယ်ဖြစ်ခဲ့တဲ့ ဦးဒေးဗစ်လှမြင့်လည်း ပါဝင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပေမယ့် မစိုးရိမ်ဘူးလို့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ UNDP ဥက္ကဋ္ဌ ဦးဒေးဗစ်လှမြင့်က ပြောပါတယ်။

ဦးဒေးဗစ်လှမြင့်ဟာ ၂၀၁၀ နောက်ပိုင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကနေ ထွက်ခွာခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည် ဝင်ပြိုင်မယ့် ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာမှာ ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီ၊ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ၊ ညီညွတ်သော တိုင်းရင်းသား လူမျိုးများဒီမိုကရေစီပါတီ UNDP အပြင် တသီးပုဂ္ဂလ ဝင်ရောက်ယှဉ်ပြိုင်မယ့်သူတွေလည်း ရှိနေပါတယ်။

ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းရာမှာ လိုက်ပါခဲ့တဲ့ အာဏာရ NLD ပါတီရဲ့ ထိပ်ပိုင်း ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဦးဉာဏ်ဝင်းက ဒီမဲဆန္ဒနယ်မှာ အခုလို ယှဉ်ပြိုင်သူများတာကို ကြိုဆိုလိုက်ပြီး ပါတီအနေနဲ့ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ကြိုးစားသွားမယ်လို့ ပြောသွားပါတယ်။

အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တခုအတွက် ဝင်ရောက်ယှဉ်ပြိုင်တာဟာ လိုအပ်ချက် အရ လွှတ်တော်ထဲမှာ နေရာယူနိုင်အောင် ပြင်ဆင်လိုက်တာဖြစ်တယ်လို့ တိုင်းရင်းသားအရေး နိုင်ငံရေးလေ့လာသူ ဦးမောင်မောင်စိုးက သုံးသပ်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ကော့မှူးမြို့နယ် ဝါးသိင်္ခကျေးရွာက ကရင် တိုင်းရင်းသား မိသားစုတစုရဲ့ အိမ်ထောင်စုစာရင်းမှာ ဝင်ရောက်ပြီး ပြီးခဲ့တဲ့ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲနဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွေမှာလည်း ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေကနေ အနိုင်ရရှိခဲ့တာပါ။

လာမယ့်ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်း မဲပေးခွင့်ရှိသူ ၅၆ သိန်းကျော်ရှိပြီး ကော့မှူးမြို့နယ်မှာ ကနဦး ထုတ်ပြန်ထားတဲ့ စာရင်းအရ မဲပေးခွင့်ရှိသူ ကိုးသောင်းကျော် ရှိပါတယ်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကလည်း တာမွေမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်အတွက် ပြီးခဲ့တဲ့ သြဂုတ်လ ၂ ရက်နေ့က ရန်ကုန်အရှေ့ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှာ ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းခဲ့ပြီး ဖြစ်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ကိုယ်စားလှယ်လောင်း ၁၁၃၁ ယောက် ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

အောင်သိင်္ခ / RFA Burmese


ဒေါ်အောင်ဆန်းစုကြည် ကော့မှူးနယ်မြေ အတွက် အမတ်လောင်း အမည်စာရင်းတင် ဒေါ်အောင်ဆန်းစုကြည် ကော့မှူးနယ်မြေ အတွက် အမတ်လောင်း အမည်စာရင်းတင် Reviewed by THITHTOOLWIN on 18:05 Rating: 5

No comments:

Powered by Blogger.