စစ်တွေမြို့က လူပေါင်း ၁၀၀၀ ခန့်ကို ကိုရိုနာဗိုင်းရပ်စ်ပိုးရှိမရှိ သွေးနမူနာယူစစ်မယ်

စစ်တွေမြို့ ကနေ စတင်တဲ့ ရာနဲ့ချီတဲ့ ကူးစက်မှုတွေဖြစ်

ရခိုင်ပြည်နယ်အတွင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကိုဗစ် -၁၉ ရောဂါ ကူးစက်ခံရမှုအများဆုံးဖြစ်တဲ့ စစ်တွေမြို့နယ်အတွင်းက လူပေါင်း ၁၀၀၀ ခန့်စီကနေ သွေးနမူနာတွေကို ရယူပြီး စစ်ဆေးမှုတွေ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ ပြည်နယ် ပြည်သူ့ကျန်းမာရေး ဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အဲ့ဒီ သွေးနမူနာယူတဲ့ လုပ်ငန်းစဉ်ကို ဩဂုတ် ၃၁ ရက် ဒီကနေ့က စတင်ပြီး စက်တင်ဘာ ၅ ရက်နေ့အထိ ဆောင်ရွက်သွားမှာ ဖြစ်ပြီး ဒီကနေ့မှာတော့ စစ်တွေမြို့မဈေးကြီး အတွင်းမှာ ရှိနေသူတွေဆီကနေ ရယူသွားမှာ ဖြစ်တယ်လို့ ပြည်နယ်ကျန်းမာရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ဘီဘီစီကိုပြောပါတယ်။

အခုလို ပြည်သူ တစ်ထောင်လောက်စီကနေ သွေးနမူနာတွေကို ရယူပြီးစစ်ဆေးမှုတွေ ပြုလုပ်ဖို့ စီစဉ်ခဲ့ရတာဟာ ကူးစက်ပြန့်ပွားမှု မြန်ဆန်နေတဲ့ စစ်တွေမြို့နယ်အတွင်းက ပြည်သူတွေဆီမှာ ဗိုင်းရပ်စ်ပိုး ဘယ်လောက်ထိ ကူးစက်မှုတွေ ရှိနေပြီလဲဆိုတာကို သိရှိနိုင်ဖို့အတွက် ပြုလုပ်ရတာ ဖြစ်တယ်လို့ ဒေါက်တာစိုးဝင်းပိုင်က ရှင်းလင်းပြောကြားပါတယ်။

အဲ့ဒီ ဓာတ်ခွဲနမူနာစစ်ဆေးတာကို အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာတွေဖြစ်တဲ့ ဆေးရုံ၊ ဈေး၊ ဘဏ်၊ လေဆိပ်၊ ရပ်ကွက်နဲ့ ကယ်ဆယ်ရေးစခန်းတွေလို နေရာတွေမှာ နေထိုင်သူတွေထံကနေ ရယူသွားမှာဖြစ်ပြီး လက်ထိပ်ကနေ သွေးဖောက်ယူမှာ ဖြစ်ကာ ကျပန်းစနစ်နဲ့ ရယူမှာဖြစ်ကြောင်း ကျန်းမာရေးဌာနရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

စစ်တွေစျေးမှာလည်း သွေးနမူနာယူစစ်မယ်

အခုလိုမျိုး ပြည်သူ တစ်ထောင်လောက်စီကနေ သွေးနမူနာတွေယူပြီး စစ်ဆေးမှုတွေပြုလုပ်ဖို့ ပြင်ဆင်နေတာဟာ ကောင်းတဲ့ လုပ်ဆောင်ချက်တစ်ခုအဖြစ် လက်ခံနိုင်ပေမဲ့ စစ်ဆေးခံရမယ့် ပြည်သူတစ်ယောက်ချင်းစီရဲ့ သဘောထားက အဓိကကျနေပြီး အခက်အခဲတချို့တော့ရှိလာနိုင်တယ်လို့ စစ်တွေမြို့ခံ ဦးဦးသန်းထွန်းက သုံးသပ်ပါတယ်။

ဒါ့ကြောင့် ပြည်သူတွေအနေနဲ့ ဒီလိုမျိုးဆောင်ရွက်တဲ့အပေါ်မှာ ပူးပေါင်းပါဝင်ကြဖို့နဲ့ တကယ်လို့ သွေးနမူနာကိုစစ်ဆေးတဲ့ အခါမှာ Positive ဖြစ်လို့ရှိရင်လဲ ကာယကံရှင်ရဲ့ ခွင့်ပြုချက်နဲ့သာ တို့ဖတ်နမူနာတွေကို ဆက်လက်ရယူမှာဖြစ်ပြီး ခွင့်ပြုသူတွေကိုတော့ ဆေးရုံမှာ သီးသန့်ထားရှိကာ အခမဲ့ ဆေးဝါးကုသမှုတွေ ပြုလုပ်ပေးသွားမယ်လို့ ဒေါက်တာစိုးဝင်း ပိုင်က ပြောပါတယ်။

"ဒီနေ့ စပြီးတော့ ဆင်းဖို့လုပ်နေတယ်။ ဈေးတို့ဘာတို့သွားမယ်။ ပြည်သူလူထုထဲမှာ ဘယ်လောက်များကူးစက်ထား ပြီးလဲ ဆိုတာသိချင်လို့ လက်ထိပ်က သွေးကိုဖောက်စစ်မှာ၊ အဲ့ဒီတော့ သဘောကတော့ ဈေးမှာ Random ရွေးပြီးတော့စစ်မှာ၊ စစ်တဲ့သူကို ဘယ်လိုလုပ်မယ်။ ဘာလုပ်မယ်ဆိုတာကို ရှင်းပြမယ်။ သူကိုယ်တိုင်က သဘောတူတယ် ဆိုမှ စစ်မယ်။ စစ်လို့ Positive တွေ့လာရင် နှာခေါင်းတို့ဖတ်ကိုလဲ သဘောတူရင်ယူမယ်။ အခုတွေ့တဲ့ Positive လူနာတွေထဲမှာ ရောဂါလက္ခဏာမပြတဲ့သူတွေများတယ်။ အဲ့ဒီအတွက် ဘယ်လောက်ရှိလဲဆိုတာကို သိချင်လို့လုပ်တာပါ"လို့ ဒေါက်တာစိုးဝင်းပိုင်က ပြောပါတယ်။

အခုပြည်သူတွေဆီက သွေးနမူနာတွေရယူပြီးတော့ စစ်ဆေးမှုတွေပြုလုပ်တာက လက်ရှိစစ်တွေမြို့ပေါ်မှာ ကူးစက်မှုများပြားနေတဲ့ ကိုဗစ်-၁၉ ဖြစ်ပွားမှုအခြေအနေနဲ့ပတ်သက်လို့ ရှေ့ဆက် ဆောင်ရွက်မယ့် ကိစ္စရပ်တွေမှာ အထောက်အကူပြုနိုင်မှာဖြစ်ပြီး အဲ့ဒီကရလာတဲ့အဖြေတွေကိုကြည့်ပြီးတော့ ပြောင်းလဲသင့်တာတွေကို ပြောင်းလဲ ဆောင်ရွက်ရမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Myint lwin

လက်ရှိမှာတော့ စစ်တွေမြို့ပေါ်မှာ ဒီကနေ့မနက်ပိုင်းအထိ ကျန်းမာရေးဌာနရဲ့ထုတ်ပြန်ချက်အရ ပိုးတွေ့အတည်ပြု လူနာပေါင်း ၁၈၃ ယောက်ထိရှိနေပြီဖြစ်ကာ တစ်ပြည်နယ်လုံး အတိုင်းတာမှာတော့ ၃၄၅ ဦးအထိ ကူးစက်ခံထားရတာ လဲဖြစ်ပါတယ်။

အခုလိုမျိုး ပြည်သူတွေဆီကနေ သွေးနမူနာတွေယူပြီး စစ်ဆေးမှုတွေပြုလုပ်နိုင်မှ စစ်တွေမြို့ပေါ်မှာ ဘယ်နှစ်ရာခိုင်နှုန်းအထိ ကူးစက်ပျံ့နှံ့မှု ဖြစ်ပွားနေတယ်ဆိုတာကို သိရှိရမှာဖြစ်တဲ့အတွက် လက်ခံနိုင်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ စစ်တွေမြို့ခံ ဦးဦးသန်းထွန်းက ပြောပါတယ်။

လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကူးစက်မှုအခြေအနေက မြင့်မားလာနေတာကြောင့် သက်ဆိုင်ရာ ဒေသအာဏာပိုင်တွေအနေနဲ့ ကိုင်တွယ်ဖြေရှင်းတာတွေ၊ စီမံခန့်ခွဲမှုတွေ လွဲချော်ခဲ့လို့ရှိရင် စီးပွားရေး၊ လူမှုရေးတို့လို နောက်ဆက်တွဲပြဿနာတွေ ကြီးထွားလာမှာကိုလည်း ပြည်သူတွေအကြား စိုးရိမ်မှုတွေရှိနေကြပါတယ်။

ရခိုင်ပြည်နယ်မှာ ကိုဗစ် ၁၉ ပိုးကူးစက်ခံနေရကြောင်း စစ်ဆေးတွေ့ရှိခဲ့တဲ့ နှစ်ပတ်ကျော်အတွင်း မြို့နယ်ပေါင်း ၁၅ ခုအထိ ပျံ့နှံ့ကူးစက်မှုဖြစ်ပွားနေတာကို တွေ့ရှိရပြီး စစ်တွေပြီးရင် ကျောက်ဖြူမြို့မှာတော့ အတည်ပြုလူနာပေါင်း ၅၃ ဦးရှိကာ ဒုတိယအများဆုံး ကူးစက်ခံရတဲ့ မြို့နယ်တစ်ခုလဲဖြစ်ပါတယ်။

စစ်တွေဆေးရုံမှာ ကိုဗစ်လူနာ ၁၃၀ ကျော်လက်ခံ ကုသနေ

ပိုးကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့တဲ့ အတည်ပြုလူနာတွေကို သက်ဆိုင်ရာမြို့နယ်တွေအလိုက် ကုသမှုတွေပြုလုပ်ပေးနေပြီး တစ်ပြည်နယ်လုံးမှာ ပိုးတွေ့လူနာတွေကိုကုသမှုပေးနိုင်တဲ့ ခုတင်ပါင်း ၇၂၆ ခုရှိနေပြီး လက်ရှိမှာတော့ ပိုးတွေ့သူစုစုပေါင်းက ၃၄၅ ဦးအထိရှိနေတာဖြစ်ပါတယ်။

စစ်တွေမြို့နယ်အတွက်တော့ ကုတင် ၁၀၀ ပြင်ဆင်ထားပေမဲ့ လက်ရှိမှာ ပိုးတွေ့လူနာ ၁၈၅ ဦးရှိနေပြီဖြစ်တဲ့အတွက် စစ်တွေဆေးရုံကြီးအပြင် သူနာပြုသင်တန်းကျောင်း၊ တိုင်းရင်းဆေးရုံနဲ့ စစ်တွေတက္ကသိုလ်တို့မှာပါ စီစဉ်နေပြီး လိုအပ်လာပါက ရခိုင်ပြည်နယ်လွှတ်တော်အဆောက်အအုံ ကိုပါ အသုံးပြုသွားမယ်လို့ ဒေါက်တာစိုးဝင်းပိုင်က ပြောပါတယ်။

ဩဂုတ်လ ၃၁ ရက်နေ့ ညနေပိုင်းအထိ ရခိုင်ပြည်နယ်အတွင်း ၁၇ မြို့ထဲမှာ ၁၅ မြိုနယ်က ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံထားရပြီး ရသေ့တောင်နဲ့ ရမ်းဗြဲမြို့နယ်နှစ်မြို့နဲ့ပဲ ကျန်ရှိတော့တာဖြစ်ပါတယ်။

စစ်တွေမြို့ပေါ်မှာ လက်ရှိဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုမြင့်မားလာနေတဲ့အတွက် အဲ့ဒီပိုးတွေ့လူနာတွေကို ဆေးဝါးကုသမှုတွေပြုလုပ်နိုင်ရေး မြန်မာပြည်အနှံ့အပြားမှာ တာဝန်ထမ်းဆေင်နေကြတဲ့ ဆေးဝန်ထမ်းပေါင်း ၉၀ ကျော်တို့ဟာ စေတနာ့ဝန်ထမ်းတွေအဖြစ် စစ်တွေဆေးရုံကြီးကိုရောက်ရှိနေကြပြီး အလွှာအသီးသီးက ဝန်ထမ်းတွေပါဝင်တယ်လို့ စစ်တွေဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်က ဘီဘီစီကို ပြောပါတယ်။


BBC Burmese

https://www.bbc.com/burmese/burma-53973399

စစ်တွေမြို့က လူပေါင်း ၁၀၀၀ ခန့်ကို ကိုရိုနာဗိုင်းရပ်စ်ပိုးရှိမရှိ သွေးနမူနာယူစစ်မယ် စစ်တွေမြို့က လူပေါင်း ၁၀၀၀ ခန့်ကို ကိုရိုနာဗိုင်းရပ်စ်ပိုးရှိမရှိ သွေးနမူနာယူစစ်မယ် Reviewed by THITHTOOLWIN on 20:07 Rating: 5

No comments:

Powered by Blogger.