မြန်မာလှေထိုးသားတွေပါတဲ့ တရားမဝင်ငါးဖမ်းလှေ မလေးရှားဖမ်းဆီး

ဖမ်းမိတဲ့ တရားမဝင်ငါးဖမ်းစက်လှေ။ (ဓာတ်ပုံ - Selangor Maritime - သြဂုတ် ၁၂၊ ၂၀၂၀)

မြန်မာနိုင်ငံသားတချို့ အလုပ်လုပ်နေတဲ့ တရားမဝင် ငါးဖမ်းစက်လှေ နှစ်စင်းကို မလေးရေပိုင်နက်ထဲမှာ ကမ်းခြေစောင့်တပ်ဖွဲ့က ဖမ်းဆီးလိုက်တဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။


မလေးရှားနိုင်ငံ ပီနန်နဲ့ဆီလင်ဂေါပြည်နယ် ကမ်းလွန်ရေပြင်မှာ တရားဝင် လိုင်စင်မရှိဘဲ ငါးခိုးဖမ်းတဲ့ စက်လှေ နှစ်စင်းကို ကမ်းခြေစောင့်တပ်က ဖမ်းဆီးခဲ့ရာမှာ မြန်မာနိုင်ငံသား လှေထိုးသား ၁၀ ဦးထက်မနည်းကိုပါ ဖမ်းဆီးမိခဲ့တာ ဖြစ်ပါတယ်။ ဒီသီတင်းပတ်အစောပိုင်း တရားမဝင် ငါးဖမ်းစက်လှေတွေ ဖမ်းဆီးမိတဲ့အကြောင်းကိုတော့ မးလေးရှားရေကြောင်း လုံခြုံရေးဆိုင်ရာ ဆီလင်ဂေါ ပြည်နယ် ရေတပ်အကြီးအကဲ Mohammad Rosli bin Kassim မိုဟာမက် ရာဇာလီ ဘင်ကာစင် က အတည်ပြု ပြောဆိုခဲ့တာပါ။


ဖမ်းဆီးမိခဲ့တဲ့ စက်လှေတွေကိုတော့ မလေးရှားနိုင်ငံသားတွေ ပိုင်ဆိုင်ပေမဲ့ တရားဝင် ငါးဖမ်းခွင့်လိုင်စင် မရှိဘူးလို့လည်း ပြောပါတယ်။ COVID-19 ကပ်ရောဂါနဲ့ ကြုံနေရချိန် မလေးရှားရေပိုင်နက်မှာ တရားမဝင် လှုပ်ရှားမှုတွေကို စောင့်ကြည့်ထိန်းချုပ်နေချိန်မှာ ဖမ်းဆီးမိခဲ့တာလို့လည်း ဆီလင်ဂေါ ပြည်နယ် ရေတပ်အကြီးအကဲက သတင်းထောက်တွေကို ပြောဆိုသွားပါတယ်။


"ကျနော်တို့အနေနဲ့ မလေးရှားရေပိုင်နက်ထဲမှာ နိုင်ငံခြားတိုင်းပြည်က ငါးဖမ်းစက်လှေတွေရော မလေးရှားနိုင်ငံထဲက တရားမဝင်ငါးဖမ်းလှေတွေကိုပါ စောင့်ကြည့်စစ်ဆေးနေပါတယ်။ ဒါဟာ COVID 19 အရေးပေါ်ကာလမို့ နယ်ခြားဖြတ်ကျော်နေကြတဲ့ နိုင်ငံခြားသားတွေမှာ ပါလာနိုင်တဲ့ ကပ်ရောဂါပိုးကို ထိန်းချုပ်ကာကွယ်နိုင်ဖို့အတွက် အရေးတကြီးစောင့်ကြည့်ရမယ့်လုပ်ငန်း တခုဖြစ်ပါတယ်။" ဆိုပြီး မလေးဘာသာနဲ့ ပြောဆိုသွားတာပါ။


ငါးဖမ်း စက်လှေပိုင်ရှင်တွေကိုတော့ မလေးရှားနိုင်ငံရဲ့ ၁၉၈၅ ငါးဖမ်းလုပ်ငန်းဆိုင်ရာ ဥပဒေနဲ့အရေးယူမှာဖြစ်ပြီး လှေထိုးသား မြန်မာနိုင်ငံသားတွေကိုတော့ လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေနဲ့ အရေးယူခံကြရမှာပါ။ မလေးရှားနိုင်ငံက ငါးဖမ်းစက်လှေတွေမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေဟာ တရားမဝင် လမ်းကြောင်းတွေကနေ ဝင်ရောက်လာလေ့ ရှိကြသလို တရားဝင် အလုပ်လုပ်ခွင့်မရှိတဲ့အတွက် လုပ်အားခနဲ့ အလုပ်သမား အခွင့်အရေးတွေ အပြည့်အဝ ရလေ့မရှိတတ်ကြပါဘူး။ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေး နှစ်ပတ်လည် အစီရင်ခံစာမှာတော့ မလေးရှားနိုင်ငံကို လူမှောင်ခိုမှု တိုက်ဖျက်ရေးမှာ စောင့်ကြည့်ရမယ့် စာရင်းမှာ ထည့်သွင်းထားပြီး မြန်မာနိုင်ငံကိုတော့ အဆိုးဆုံးအဆင့်မှာ ထည့်သွင်းထားပါတယ်ရှင်။ 


မအေးအေးမာ  / ဗွီအိုအေ ( မြန်မာပိုင်း)

https://burmese.voanews.com/a/malaysia-illegal-fishing-boat-migrant/5540381.html

မြန်မာလှေထိုးသားတွေပါတဲ့ တရားမဝင်ငါးဖမ်းလှေ မလေးရှားဖမ်းဆီး မြန်မာလှေထိုးသားတွေပါတဲ့ တရားမဝင်ငါးဖမ်းလှေ မလေးရှားဖမ်းဆီး Reviewed by THITHTOOLWIN on 21:41 Rating: 5

No comments:

Powered by Blogger.