ကမ္ဘာတဝန်း ကိုဗစ်ကူးစက်မှု လူ ၂၅ သန်းကျော်ပြီ

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့က ဈေးတခုမှာ နှာခေါင်းစည်းတပ် ဈေးဝယ်လာသူများ။ (သြဂုတ် ၃၀၊ ၂၀၂၀)


ကမ္ဘာတဝန်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အရေအတွက်ဟာ ၂၅ သန်းကျော်သွားပြီဖြစ်ပြီး အိန္ဒိယနိုင်ငံမှာလည်း နေ့စဉ်ကူးစက်မှုနှုန်းမှာ ကမ္ဘာ့စံချိန် တင်ခဲ့ပါတယ်။

အိန္ဒိယနိုင်ငံမှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၇၈,၇၆၁ ယောက်ရှိတာကြောင့် ဒါဟာ ကမ္ဘာပေါ်မှာ ကပ်ရောဂါစဖြစ်ချိန်ကစပြီး နေ့စဉ်ကူးစက်မှုနှုန်းမှာ အများဆုံး စံချိန်တင်ခဲ့တာ ဖြစ်ပါတယ်။

အိန္ဒိယအစိုးရက စီးပွားရေးပြန်ဖွင့်ဖို့ နိုင်ငံတဝန်းမှာ ကန့်သတ်မှုတွေကို ဆက်ပြီး လျှော့ချလာနေချိန်မှာပဲ ကူးစက်မှုတွေ တိုးလာနေတာဖြစ်ပြီး နေ့စဉ်ကူးစက်မှုနှုန်း ၇ သောင်းခွဲကျော်တာ ၄ ရက်ဆက်တိုက် ရှိသွားပါပြီ။ ဒါ့အပြင် အိန္ဒိယနိုင်ငံမှာ သေဆုံးသူ ၆၃,၀၀၀ ကျော်ရှိပါတယ်။

အမေရိကန်နိုင်ငံကတော့ ကူးစက်သူ ၆ သန်းကျော်နဲ့ ကမ္ဘာပေါ်မှာ ကူးစက်မှု အများဆုံးဖြစ်ပြီး ဘရာဇီးလ်နိုင်ငံက ၃.၈ သန်းနဲ့ ဒုတိယ၊ အိန္ဒိယနိုင်ငံက ၃.၅ သန်းနဲ့ ကူးစက်မှု တတိယအများဆုံး ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ ဥရောပတိုက်က မြို့ကြီးတွေ အတော်များများမှာလည်း ဗိုင်းရပ်စ်ကြောင့် ကန့်သတ်မှုတွေ ပြန်လုပ်လာတာကို စနေနေ့က ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။

ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ နှာခေါင်းစည်းတပ်ဖို့ တယောက်နဲ့တယောက် ခပ်ခွာခွာနေဖို့ စည်းမျဉ်းတွေ ချမှတ်ခဲ့တာကြောင့် လူတွေ သောင်းနဲ့ချီပြီး လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပြီး ဆန္ဒပြတဲ့သူ ၃၀၀ လောက်ကို ဖမ်းဆီးလိုက်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

လန်ဒန်မှာလည်း အလားတူ ကန့်သတ်မှုတွေကြောင့် ဆန္ဒပြတဲ့သူတွေဟာ Trafalgar ရင်ပြင်မှာ စုဝေး ဆန္ဒပြခဲ့ကြပါတယ်။ ဒါ့အပြင် ပဲရစ်မြို့မှာလည်း လူတိုင်း နှာခေါင်းစည်းတွေ မဖြစ်မနေ တပ်ရမယ့်အပေါ် လူတွေ ရာနဲ့ချီ ဆန္ဒပြခဲ့ကြပြီး ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့မှာလည်း ဆန္ဒပြတဲ့သူ ၁,၀၀၀ လောက်က COVID စည်းမျဉ်းတွေကို မယုံကြည်ကြောင်းနဲ့ လွတ်လပ်စွာ နေခွင့်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/world-covid19/5563649.html

ကမ္ဘာတဝန်း ကိုဗစ်ကူးစက်မှု လူ ၂၅ သန်းကျော်ပြီ ကမ္ဘာတဝန်း ကိုဗစ်ကူးစက်မှု လူ ၂၅ သန်းကျော်ပြီ Reviewed by THITHTOOLWIN on 19:17 Rating: 5

No comments:

Powered by Blogger.