တပ်ကပြန်ပေးတဲ့ မြောက်ဦးက အလောင်းမှာ ဒဏ်ရာတွေတွေ့ရတယ်လို့ မိသားစုပြော

မြောက်ဦး


မြောက်ဦးမြို့နယ် တပ်ရင်းတစ်ခုက ဖမ်းဆီးပြီး မြောက်ဦးရဲစခန်းကို အပ်နှံမယ်လို့ ထုတ်ပြန်ထားသူ အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး အလောင်းကို ပြန်ရတဲ့အခါ အလောင်းမှာ ဒဏ်ရာတွေတွေ့ရပြီး မျက်လုံးတွေလည်း ပြန်ပါမလာဘူးလို့ မိသားစုက ပြောပါတယ်။


အလောင်းကို ဩဂုတ်လ ၁၀ ရက်နေ့ နေ့လယ်ပိုင်းမှာ ပြန်လည်ထုတ်ပေးခဲ့တယ်လို့ သိရပါတယ်။


အဲ့ဒီအလောင်းဟာ မြောက်ဦးမြို့နယ် မြောက်ပိုင်း ပုဇွန်ဖေ ကျေးရွာသား အသက် ၄၁ နှစ်အရွယ် ဦးစံရွှေလှိုင်ရဲ့ အလောင်းဖြစ်ပြီး ဖမ်းဆီးခြင်းခံရပြီးနောက် လေးရက်အကြာမှာ ပုပ်ပွနေတဲ့အလောင်းကို မြောက်ဦးဆေးရုံမှာ တွေ့ရှိခဲ့ရတာဖြစ်တယ်လို့ ညီမဖြစ်သူ ဒေါ်မပုချေက ဘီဘီစီကို ပြောပါတယ်။


ဦးစံရွှေလှိုင်ရဲ့ အလောင်းကို မနေ့က နေ့လယ် ၂ နာရီကျော်အချိန်မှာ မြို့နယ်ရဲတပ်ဖွဲ့မှူးက နာရေးကူညီမှုဖောင်ဒေးရှင်းကို ဖုန်းဆက်အကူညီတောင်းတဲ့အတွက် ခမရ ၃၇၇ တပ်ရင်းအတွင်းကနေ သွားရောက်သယ်ယူခဲ့ရပြီး မြောက်ဦးဆေးရုံကို ပို့ဆောင်ပေးခဲ့တာလို့ သေဆုံးသူရဲ့ မိသားစုထံက သိရပါတယ်။


မြောက်ဦးမြို့မရဲစခန်းမှူးကို ဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့ရာမှာ "မြောက်ဦးမှာ သေမှုသေခင်းဖွင့်ထားပါတယ်။ စစ်ဆေးဆဲဖြစ်တဲ့အတွက် အကုန်လုံးပြောလို့မရပါဘူးခင်ဗျား။ ကျွန်တော်တို့က ဆေးရုံပို့ပေးပါတယ်။ ဒါကတော့ စစ်ဆေးမှပဲပေါ်ပေါက်မှာလေ"လို့ မြောက်ဦးမြို့မရဲစခန်းမှူးက ပြန်လည်ဖြေကြားပါတယ်။


သေဆုံးသူဟာ အရပ်သားတစ်ဦးဖြစ်ပြီး သြဂုတ်လ ၇ ရက် ညနေ ၈ နာရီလောက်မှာ မြောက်ဦးမြို့ပေါ် ဆင်ချဆိပ်ရပ်ကွက်အတွင်း လမ်းမပေါ်ကနေ တပ်မတော်က ဖမ်းဆီးသွားခဲ့တာဖြစ်ကြောင်း မျက်မြင်တွေ ပြောပြချက်အရ သိရတယ်လို့ မိသားစုတွေက ပြောပါတယ်။


တပ်မတော်ဘက်က ထုတ်ပြန်ရာမှာတော့ ဦးစံရွှေလှိုင်ဟာ ဩဂုတ်လ ၇ ရက်နေ့ည ၉ နာရီ ၁၅ မိနစ်အချိန်မှာ တပ်ရင်းဌာနချုပ်တစ်ခုရဲ့ အမှတ် ၂ ဂိတ်တံခါးကို လာရောက်တွန်းဖွင့်နေတာကို တွေ့ရှိတဲ့အတွက် လုံခြုံရေးအဖွဲ့က စစ်ဆေးမေးမြန်းခဲ့ကြောင်း၊ သူက ပြန်လည်ဖြေကြားခြင်းမရှိတဲ့အတွက် သေနတ်နှစ်ချက်ပစ်ခတ်လို့ ထွက်ပြေးသွားရာကနေ ဖမ်းဆီးရမိခဲ့တာလို့ ဩဂုတ်လ ၁၀ ရက်နေ့က ထုတ်ပြန်ထားပါတယ်။


သူဟာ တပ်မတော်နဲ့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရက္ခိုင့်တပ်တော် အေအေရဲ့ တပ်သားအဆင့်ရှိသူ တပ်ဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ကိုယ်ပိုင်နံပတ် AA 6732 ကြောင်း စစ်ဆေးမေးမြန်းချက်တွေအရသိရတယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။


သူ့ကို စစ်ကြောမေးမြန်းချက်တွေအရ အေအေတပ်ဖွဲ့ဝင်အဖြစ် သိရှိရပြီး သူ့ကိုဆက်လက်စစ်ဆေးမှုတွေပြုလုပ်ကာ ဥပဒေအရအရေးယူနိုင်ရေးအတွက် မြောက်ဦးရဲစခန်းကိုအပ်နှံသွားမယ်လို့လည်း အဲဒီ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။


ဒါ့အပြင် ဩဂုတ်လ ၉ ရက် မနက် ၉ နာရီခန့်မှာ စစ်ကြောမေးမြန်းမှုတွေ ပြုလုပ်ပြီးရဲစခန်းကို ပို့ဆောင်ဖို့ ဆောင်ရွက်နေစဉ် ဦးစံရွှေလှိုင်က ရုန်းကန်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးရဲ့ လက်နက်ကို ရုတ်တရက်လုယူရန် ကြိုးစားရာ မအောင်မြင်ဘဲ ထွက်ပြေးသဖြင့် တားဆီးခြောက်လှန့်ပစ်ခတ်စဥ် ကျည်ထိမှန် သေဆုံးခဲ့တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က သြဂုတ်လ ၁၁ ရက်မှာ သတင်းထပ်မံ ထုတ်ပြန်ထားပါတယ်။


BBC Burmese

https://www.bbc.com/burmese/burma-53741042a

တပ်ကပြန်ပေးတဲ့ မြောက်ဦးက အလောင်းမှာ ဒဏ်ရာတွေတွေ့ရတယ်လို့ မိသားစုပြော  တပ်ကပြန်ပေးတဲ့ မြောက်ဦးက အလောင်းမှာ ဒဏ်ရာတွေတွေ့ရတယ်လို့ မိသားစုပြော Reviewed by THITHTOOLWIN on 23:33 Rating: 5

No comments:

Powered by Blogger.