ကိုဗစ်ကာလ ဖျားနာကုဆေးခန်းများ အခမဲ့စစ်ဆေးကုသပေးနေ



Share/Bookmark
Fever Clinic မှာ စစ်ဆေးကုသပေးနေတဲ့ စေတနာ့ဝန်ထမ်းတချို့။ (ဓာတ်ပုံ -Community Fever Clinic - Yangon Network)


ကိုဗစ်ကာလအတွင်း ဖျားနာလူနာတွေအတွက် အဓိကဖွင့်လှစ်ပေးထားတဲ့ Community Fever Clinic တွေမှာ USAID အပါအဝင် နိုင်ငံတကာနဲ့ ပြည်တွင်းအလှူရှင်တွေရဲ့ လှူဒါန်းမှုတွေနဲ့ စေတနာ့ဝန်ထမ်းဆရာဝန်တွေက တီဘီ၊ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါတွေကိုပါ အခမဲ့စစ်ဆေးကုသပေးနေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မဆုမွန်က တင်ပြပေးပါမယ်။


မြန်မာနိုင်ငံတွင်းမှာ ကမ္ဘာ့ကပ်ရောဂါ COVID-19 စတင်ကူးစက်မှု ဖြစ်ပွားချိန်ကစလို့ ရန်ကုန်မြို့တွင်းနဲ့ ဆင်ခြေဖုံးမြို့နယ်တွေက ကျန်းမာရေးစောင့်ရှောက်မှုအထူး လိုအပ်တဲ့နေရာတွေမှာ အဓိက ဖျားနာလူနာတွေကို ဦးစားပေးပြီး အထူးကု ဆရာဝန်ကြီးတွေ ဆရာဝန်တွေ သူနာပြုတွေက စေတနာ့ဝန်ထမ်းအဖြစ်နဲ့ Fever Clinic ဆေးခန်းတွေမှာ ကုသပေးနေခဲ့တာပါ။ အခုဆိုရင်တော့ ဒီအခမဲ့ ဖျားနာကုဆေးခန်းတွေမှာပဲ တီဘီရောဂါစက်တွေနဲ့ စစ်ဆေးပေးသလို ဆီးချို၊ နှလုံးနဲ့ သွေးတိုးရောဂါတွေကိုပါ တပါတည်း အခမဲ့ကုသပေးနေတယ်လို့ Community Fever Clinic Network ရဲ့ တာဝန်ခံဆရာဝန်ဒေါက်တာကျော်မင်းထွန်းက ဗွီအိုအေမြန်မာပိုင်းကို ရှင်းပြပါတယ်။


"COVID ကာလဖြစ်လို့ Mobile TB Teams တွေက မရိုက်ဖြစ်ဘူး။ လူစုလူဝေးဖြစ်မှာစိုးလို့လေ။ ကျနော်တို့ Community Fever Clinic နဲ့link ကတော့ အားလုံးအဖွဲ့ ၅ ဖွဲ့ပေါင်းပြီးတော့ဆေးခန်းတွေမှာ ဓာတ်မှန်ရိုက်ဖို့ လာကမ်းလှမ်းတယ်ပေါ့နော်။ ကျနော်တို့ဆီက ဖျားနာလူနာတွေ ချောင်းဆိုးလူနာတွေ သံသယလူနာတွေကို ရိုက်ဖို့ ကျန်းမာရေးဝန်ကြီးကို စာတင်ပြီးတော့ ခွင့်ပြုချက်ရတော့ ရိုက်ဖြစ်တာပေါ့။ အဓိကကတော့ ဖျားနာလူနာကနေ အဆုတ်ရောဂါတွဲနေမှာစိုးတဲ့ ရည်ရွယ်ချက်ပေါ့နော်။ အဓိက လူထုကြားအဖြစ်များတဲ့ တီဘီလူနာကိုလည်း ရှာဖွေချင်လို့လေ။ အားလုံးဒေတာအရ တီဘီရိုက်တာက ၄၀၀ လောက်ရှိပါပြီ မြို့နယ်တွေ အားလုံးရိုက်တာ အဲ့မှာ အယောက် ၅၀ လောက် ထွက်တယ်။ တီဘီပေါ့စတစ်ပေါ့နော်။ အခု ကျနော်တို့တွေ တောက်လျှောက် ဆက်ရိုက်ပြီး စစ်ပါမယ်။Fever Clinic တွေကလည်း ရှိဦးမယ်။ အဲ့မှာဆိုရင်လူနာက အစုံပဲ ဆီးချိုလည်းလာတယ်။ သွေးတိုးရော နှလုံးလည်း လာတယ်။ အဲ့လိုအကုန်ကုလို့ရအောင် Supporting Donation ထောက်ပံ့ကူညီပေးနေတဲ့အလှူရှင်တွေလည်း အများကြီးရှိတယ်။ ဆေးကုန်ရင်လည်းDonors တွေရဲ့Fund တွေ အလှူရှင်တွေဆီက ထောက်ပံ့ငွေတွေနဲ့ ပြန်ဖြည့်ပြီး ကုပါတယ်။ အဓိက Fever Clinic မှာ ဖျားတာတခုပဲ ကုပေးနေတာဆိုပြီး ကြောက်ပြီး မလာမှာစိုးလို့။ အခုက တီဘီပါ ရှာဖွေပေးတယ်ဆိုပြီး လုပ်တော့ လူတွေက သဘောကျကြပြီး တီဘီလို့ကိုယ့်ကိုကိုယ်သံသယရှိပြီး လာရိုက်ကြတာတွေလည်းရှိတယ်။"


အခြေခံလူတန်းစားပေါင်းစုံ နေထိုင်ပြီး ကျန်းမာရေးစောင့်ရှောက်မှု အထူးလိုအပ်တဲ့ ဆင်ခြေဖုံးရပ်ကွက်တွေထဲ အထူးသဖြင့် လှိုင်သာယာ၊ ရွှေပြည်သာနဲ့ မြို့သစ်တွေမှာလည်း ဖျားနာကုအခမဲ့ဆေးခန်းတွေမှာ စေတနာ့ဝန်ထမ်းဆရာဝန်တွေက အခမဲ့ ဆေးကုသပေးနေတာပါ။ လှိုင်သာယာမြို့နယ်မြို့နယ်ခန်းမမှာ ဖွင့်လှစ်ထားတဲ့ Fever Clinic ဆေးခန်းရဲ့ တာဝန်ခံဆရာဝန် ဒေါက်တာနေမင်းထွဋ်က လူနာတွေကို ကြည့်ရှု့ကုသပေးနေတဲ့အခြေအနေပြောပြပါတယ်။

"လှိုင်သာယာမှာ ၄ လပိုင်း ၁၁ ရက်နေ့ကတည်းက စဖွင့်ခဲ့ပြီး အခုဆိုရင်တော့ လူနာပေါင်း ၁,၅၀၀ လောက်ကို ကျနော်တို့ကြည့်ခဲ့ပါတယ်။ အခုချိန်မှာ ကိုဗစ် ပေါ့စတစ်တွေ့တဲ့လူနာက တဖြေးဖြေးနည်းလာတယ်။ ဒီအခြေအနေမှာ စောင့်ကြည့်တဲ့အနေအထားနဲ့ ကျနော်တို့ Fever Clinic က ဆရာဝန်တွေက အသင့်အနေအထားနဲ့ နေနေကြပါတယ်။အဲ့လိုအသင့် အနေအထားနေချိန်မှာ ကျနော်တို့ပြည်သူတွေမှာ နှလုံး သွေးတိုး သွေးချို ဝေဒနာခံစားနေရတဲ့ ပြည်သူတွေလည်း ရှိတာမို့ နောက်ပြီး ကိုဗစ်ကာလမှာ သူတို့ပြနေတဲ့ဆေးခန်းတွေကလည်း ပိတ်သွားတယ်။ နောက်တခုက လှိုင်သာယာလို တောင်ဒဂုံလိုနေရာမှာရှိတဲ့ အခမဲ့ပရဟိတဆေးခန်းတွေကလည်း ကိုဗစ်ဖြစ်တဲ့အကြောင့်မို့လို့ ပိတ်သွားရတယ်။ ဆိုတော့ ဒီအခမဲ့ဆေးခန်းတွေကို မှီခိုနေရတဲ့ နှလုံးသွေးတိုး ဆီးချိုရောဂါသမားတွေကို ကျနော်တို့ Fever Clinic က လက်လွှဲယူတဲ့သဘောမျိုး ဒီလူနာတွေကို နောက်ပိုင်းကြည့်ပေးပါတယ်။ မြန်မာနိုင်ငံ ဆရာဝန်အသင်းရဲ့ ဦးဆောင်မှုနဲ့ အမျိုးသားတီဘီတိုက်ဖျက်ရေးနဲ့ပူးပေါင်းပြီး လာသမျှ လူနာအကုန်လုံး မှာမှ တီဘီသံသယရှိတယ်ဆိုရင် ဆရာဝန်ရဲ့ဆုံးဖြတ်ချက်နဲ့ ဓာတ်မှန်ရိုက်ပေးနေပါတယ်။ ဒါပေမဲ့ ဒီလုပ်ငန်းတွေ လုပ်နေပေမဲ့ ကျနော်တို့ရဲ့ မူလရည်ရွယ်ချက်ဖြစ်တဲ့ COVID 19 ကိုလည်း အလွတ်မခံပါဘူး ဘယ်လောက်ရာခိုင်နှုန်းမှာ ကိုဗစ်ဖြစ်နိုင်တယ် ဆိုတဲ့သံသယကို ပြန်ကြည့်လို့ရအောင် စင်ကာပူက ဆရာဝန်တွေ ထွင်ထားတဲ့ဆော့ဝဲလ်လေး ရှိပါတယ်။ Fever Clinic Network ကို ထောက်ပံ့ထားတာပါ။"


အခု ကမ္ဘာ့ကပ်ရောဂါ COVID 19 ကိုရိုနာဗိုင်းရပ်စ် ပိုးက ကူးစက်ပျံ့နှံ့နေဆဲ ဖြစ်တာမို့ ပြည်သူလူထုအနေနဲ့ လူထူထပ်တဲ့နေရာတွေကို ရှောင်ရှားကြဖို့ မဖြစ်မနေသွားရမယ်ဆိုရင်လည်း Masks နှာခေါင်းစည်း မျက်နှာကာတွေ တပ်ဆင်ကြဖို့ လက်ကို မကြာခဏဆေးကြောကြဖို့ စေတနာ့ဝန်ထမ်းဆရာဝန်တွေက အထူးသတိပေးပါတယ်။


"လောလောဆယ် နိုင်ငံတကာမှာတော့ အခုထက်ထိဖြစ်နေဆဲပဲ။ ကူးစက်မှုကလည်း မကျသေးဘူး ဒါကြောင့် မလိုအပ်ဘဲနဲ့ အပြင်မသွားကြပါနဲ့ပေါ့နော်။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ COVID 19 ကူးစက်မှုကာကွယ်ရေး ပညာပေး လမ်းညွှန်ချက်တွေအတိုင်း အားလုံးနေထိုင်သင့်ပါတယ်။"


ဒါကတော့-ဒေါက်တာကျော်မင်းထွန်း ပါ။ အခုလက်ရှိမှာတော့ အခမဲ့ဆေးခန်း Fever Clinic တွေအများစုက တနင်္လာကနေ သောကြာအထိ ဖွင့်လှစ်ပေးနေသလို တချို့ဆေးခန်းတွေကတော့ စနေ-တနင်္ဂနွေမှာပါ ဖွင့်ပါတယ်။ ဒါကြောင့် ပြည်သူလူထုအနေနဲ့ကျန်းမာရေးအကူအညီ အရေးပေါ်လိုအပ်လာရင်- တီဘီရောဂါရှိ-မရှိစစ်ချင်ရင် မိမိတို့ရဲ့ မြို့နယ်တွေမှာ ဖွင့်လှစ်ထားတဲ့ Fever Clinic တွေမှာ လာရောက်ကုသကြဖို့ စေတနာ့ဝန်ထမ်းပရဟိတဆရာဝန်တွေ ဆေးပညာရှင်တွေက တိုက်တွန်းနေတာပါ။


ကမ္ဘာ့ကပ်ရောဂါ COVID 19 ဖြစ်ပွားချိန် မြန်မာပြည်သူတွေ ကူးစက် ပြန့်ပွားမှု ကာကွယ်တဲ့အနေနဲ့ နေအိမ်တွေမှာ နေနေကြရချိန် မြန်မာနိုင်ငံမှာ အဖြစ်များတဲ့ တီဘီရောဂါဖြစ်ပွားမှုအတွက် အမျိုးသားတီဘီတိုက်ဖျက်ရေးစီမံကိန်းကနေ တီဘီရောဂါရှာဖွေချိန်မှာတော့ ရောဂါအသစ်တွေ့ရှိမှု ၂၀၁၉ ဧပြီလထက်စာရင် လျော့ကျသွားပေမဲ့လို့ COVID 19 ရောဂါကူးစက်မပြန့်ပွားရေး လူထုအတွက် အခမဲ့ဆေးကုသဝန်ဆောင်မှုပေးနေတဲ့ ဒီ Fever Clinic တွေနဲ့ မိုဘိုင်းတီဘီအဖွဲ့တွေ ပူးပေါင်းဆောင်ရွက်နေကြောင်းနဲ့ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက်တွေ အတွက် USAID အမေရိကန် ဖွံ့ဖြိုးရေးအေဂျင်စီကလည်း ကူညီထောက်ပံ့ပေးနေတယ်လို့ ရန်ကုန်အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးကလည်း သတင်းထုတ်ပြန်ထားပါတယ်။


မဆုမွန်  / ဗွီအိုအေ ( မြန်မာပိုင်း)

https://burmese.voanews.com/a/fever-clinic/5538993.html



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့ ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ