အိန္ဒိယ အန်ဒမန်ကျွန်းစုက ရှားပါး မျိုးနွယ်စုကို ကိုဗစ် ကူးစက်

ဂရိတ်အန်ဒမန် လူမျိုးစုက မောင်နှမ နှစ်ဦး ပို့ဘလဲမြို့မှာတွေ့ရစဥ်

အိန္ဒိယနိုင်ငံ အန်ဒမန်ကျွန်းစု (ကပ္ပလီကျွန်းစု)က လူသူအထိအတွေ့နည်းတဲ့ ကျွန်းသား လူမျိုးစုတစ်စုကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရပါတယ်။

အန်ဒမန်ကျွန်းစု ကျွန်းသားတွေအနက် 'ဂရိတ် အန်ဒမန် လူမျိုးစု' ကျွန်းသား ၁၀ ဦးဟာ ပြီးခဲ့တဲ့ လအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ ကျန်းမာရေး အရာရှိ တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

သူတို့ထဲက လေးဦးဟာ ဝေးလံသီခေါင်တဲ့ ကျွန်းမှာ နေကြသူတွေ ဖြစ်ပြီး လွန်ခဲ့တဲ့ တစ်ပတ်က ကူးစက်ခံရတာပါ။ကျန် ခြောက်ဦး ကတော့ မြို့ပေါ် ကျွန်းသားတွေ ဖြစ်ပြီး ပြီးခဲ့တဲ့လက ကူးစက်ခံရသူတွေပါ။

မျိုးနွယ်ကွဲပြားကြတဲ့ ကျွန်းသားတွေ အနက် 'ဂရိတ် အန်ဒမန် လူမျိုးစု'ကျွန်းသားတွေက လူဦးရေ အရ ၅၀ ကျော်သာ ရှိပြီး အများစုဟာ သန္တာကျောက်တန်း တွေ နဲ့ ပြည့်နှက်နေတဲ့ ကျွန်းစုက ကျွန်း၃၇ ခု အနက် တစ်ခုမှာပဲ နေကြတာပါ။

အန်ဒမန် နဲ့ နီကိုဘာကျွန်း အရှေ့ပိုင်းမှာ ကိုဗစ်ကူးစက်ခံရသူပေါင်း ၂၉၈၅ ဦး ရှိပြီး ဇွန်လဆန်းပိုင်းမှာ ၄၁ ဦး သေဆုံးခဲ့ပါတယ်။

ပို့ဘလဲမြို့ အနီးက စတြိတ်ကျွန်းပေါ်မှာ နေထိုင်တဲ့ လူဦးရေနည်းပါးပြီး မျိုးနွယ်စု ပျောက်ကွယ်တော့မယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတဲ့ 'ဂရိတ် အန်ဒမန် လူမျိုးစု' တွေကြား ကူးစက်မှုကို ပထမဆုံးတွေ့ခဲ့တာကတော့ သူတို့မျိုးနွယ်စုက လူဦးရေ ၅၃ ဦးလုံးကို ပြီးခဲတဲ့ သီတင်းပတ်တုန်းက စစ်ဆေးခဲ့ရာမှာ တွေ့ခဲ့ရတာ ဖြစ်တယ်လို့ အကြီးတန်းကျန်းမာရေး အရာရှိ ဒေါက်တာ အဗစ်ရွိုင်က ဘီဘီစီကို ပြောပါတယ်။

ကျန်းမာရေး နဲ့ အရေးပေါ် ကယ်ဆယ်ရေး လုပ်သားတွေဟာ လွန်ခဲ့တဲ့ သီတင်းပတ်က လှိုင်းထန်တဲ့ ပင်လယ်ပြင် ကို မော်တော်ဘုတ်တွေနဲ့ ဖြတ်သန်းပြီး အဲဒီလူမျိုးစုဝင်တွေကို ကိုဗစ် ကူးစက်မှု ရှိမရှိ တစ်ရက်အတွင်း အပြီး စစ်ဆေးခဲ့ပါတယ်။ သူတို့ အားလုံးဟာလည်း ပူးပေါင်း ဆောင်ရွက်မှု ရှိတယ် လို့ ဒေါက်တာရွိုင် က ပြောပါတယ်။

သူတို့ထဲက ကူးစက်ခံရသူ နှစ်ဦးကိုတော့ ဆေးရုံတင်လိုက်ရပြီး ကျန်နှစ်ဦး ကိုတော့ ကန့်သတ်စောင့်ကြည့်စခန်း မှာ ကွာရန်တင်း လုပ်ထားပါတယ်။

သူတို့ မျိုးနွယ်ထဲက မြို့ပေါ်မှာ အနေကြာ အလုပ်လုပ်ကိုင်နေတဲ့ တခြား ခြောက်ဦးမှာ ပြီးခဲ့တဲ့လက ပိုးတွေ့ခဲ့တယ်လို့ ဒေါက်တာရွိုင်က ပြောပါတယ်။ သူတို့ခြောက်ဦးလုံးကတော့ ပြန်ကောင်းသွားကြပါပြီ။

သူတို့ထဲက လူတော်တော်များများဟာ ပို့ဘလဲမြို့ နဲ့ သူတို့ နေထိုင်ရာ ဝေးလံခေါင်သီကျွန်းအကြား အသွားအလာ လုပ်နေကြလို့ အဲဒီကနေ ဗိုင်းရပ်စ် ကူးစက်ခံရပုံရတယ်လို့ သူက ပြောပါတယ်။ တချို့ က မြို့ပေါ်မှာ ကျပန်း အလုပ်လုပ်ကြပါတယ်။

မျက်နှာမှာ ဆေးခြယ်ထားတဲ့ ဂျာရာဝါး မျိုးနွယ်စုဝင် တစ်ဦး

လောလောဆယ်တော့ ကျွန်းစုထဲက တခြား ကျွန်းသား လူမျိုးစုတွေဆီကို ရောဂါမကူးစေရေးဟာ ပထမ ဦးစားပေး လုပ်ငန်းဖြစ်တယ်လို့ ဒေါက်တာရွိုင်က ပြောပါတယ်။

ဒါကြောင့် သူတို့ ရဲ့ အသွားအလာတွေကို စောင့်ကြည့်နေပြီး တခြားမျိုးနွယ်စုတချို့ကိုလည်း စမ်းသပ် စစ်ဆေးမှုတွေ အများအပြား လုပ်ဆောင်ပေးနေတယ်လို့လည်း သူက ပြောပါတယ်။

လူဦးရေနည်းပါး ပျောက်ကွယ်တော့မယ့် အခြေအနေရှိနေတဲ့ မျိုးနွယ်စု ငါးမျိုးဟာ အန်ဒမန်ကျွန်းစုမှာ နေထိုင်ကြပါတယ်။ အဲဒီငါးမျိုးက ဂျာရာဝါး၊ မြောက်ပိုင်းဆင်တင်လိစ်၊ ဂရိတ် အန်ဒမန်၊ အွန်ဂျီ နဲ့ ရှော်မ်ပင် မျိုးနွယ်စုတို့ ဖြစ်ပါတယ်။

ဂျာရာဝါးနဲ့ မြောက်ပိုင်းဆင်တင်လိစ် မျိုးနွယ်စုတွေဟာ တခြား လူများစုကျွန်းသားတွေ နဲ့ ရောနှော ပေါင်းစပ်သွားတာ မရှိပါဘူး။ မြောက်ပိုင်းဆင်တင်လိစ် ကျွန်းသားတွေဟာ တခြားလူတွေနဲ့ ကင်းရှင်းချင်လို့ အပြင်လူတွေလာရင် ရန်ပြုတတ်ကြပါတယ်။ သူတို့ ကျွန်းကို သူစိမ်းလည်း အဝင်မခံပါဘူး။

၂၀၁၈ ခုနှစ်တုန်းက အမေရိကန်နိုင်ငံသား ဂျွန်အယ်လင်ချောင်ဟာ ကျွန်းဆီကို လာဖို့ ကြိုးစားတဲ့ အတွက် လေးမြားတွေ နဲ့ ပစ်ခတ် အသတ်ခံ ရဖူးပါတယ်။

၁၈၅၀ ပြည့်လွန် နှစ်တွေအတွင်း ဗြိတိသျှတွေ ကျွန်းစုကိုသိမ်းပိုက်ထားစဉ်က ဂရိတ် အန်ဒမန် မျိုးနွယ်စု ဦးရေဟာ ငါးထောင်ကျော် ရှိတယ်လို့ မျိုးနွယ်စုတွေရဲ့ ရပိုင်ခွင့်နဲ့ ရပ်တည်ပိုင်ခွင့်ကို လှုံ့ဆော်အားပေးတဲ့ လန်ဒန် အခြေစိုက် Survival International အဖွဲ့ ရဲ့ ပြောဆိုချက်အရ သိရပါတယ်။

ကျွန်းပေါ်လာနေထိုင်သူတွေသယ်လာတဲ့ ရောဂါပိုးတွေနဲ့ ထိတွေ့ရာက နောက်ပိုင်းမှာ သူတို့ လူဦးရေ ကျဆင်းခဲ့ပါတယ်။

"ဂရိတ်အန်ဒမန်မျိုးနွယ်စုဝင်တွေမှာ ကိုဗစ်-၁၉ ကူးစက်ခံရတာ အင်မတန် ဂရုစိုက်ရမှာ ဖြစ်ပါတယ်။ ကပ်ရောဂါရဲ့ ကြောက်စရာဆိုးကျိုးကြောင့် သူတို့ လူဦးရေ ပျောက်သွားနိုင်တာကို သူတို့လည်း သိမှာပါ"လို့ Survival International အဖွဲ့ရဲ့ အကြီးတန်း သုတေသီ ဆိုဖီ ဂရစ်ဂ်က ပြောပါတယ်။

ဂရိတ် အန်ဒမန်ဘာသာစကားတွေကို တတ်ကျွမ်းခဲ့သူတွေထဲက နောက်ဆုံးတစ်ဦးဖြစ်တဲ့ ဘိုအာ ဆီနီယာဟာ ၂၀၁၀ ခုနှစ် အသက် ၈၅ နှစ် မှာ ကွယ်လွန်ခဲ့တာပါ။ ဒီကျွန်းတွေကို မနုဿဗေဒ ပညာရှင်တွေအတွက် အိပ်မက်ကျွန်းတွေလို့ ခေါ်တတ်ကြပြီး အဲဒီကျွန်းတွေဟာ ကမ္ဘာပေါ်မှာ ဘာသာစကား ကွဲပြားမှု အများဆုံး ရှိတဲ့ နေရာတွေထဲက တစ်ခု ဖြစ်ပါတယ်။

လတ်တလောမှာတော့ ကျွန်းစု တောင်ဘက်နဲ့ အလယ်ပိုင်းကြားက ကြိုးဝိုင်းသစ်တောကြီးထဲမှာ နေထိုင်တဲ့ ရေကြည်ရာ မြက်နုရာ လှည့်လည် နေတတ်တဲ့ ဂျာရာဝါး မျိုးနွယ်စုဝင် ၄၇၆ ဦးကျော်ဟာ ရောဂါပိုး ကူးစက်မှု ရှိလာတဲ့နောက်ပိုင်း တောအစွန်အဝေးဆုံးဆီကို ပြောင်းပြီး သီးခြားနေထိုင်နေပြီလို့ တာဝန်ရှိသူတွေက ပြောပါတယ်။

လူဦးရေနည်းပါး ပျောက်ကွယ်တော့မယ့် အခြေအနေရှိနေတဲ့ မျိုးနွယ်စု ငါးမျိုးဟာ အန်ဒမန်ကျွန်းစုမှာ နေထိုင်ကြပါတယ်။

မဖြစ်မနေနဲ့ အရေးပေါ်ကယ်ဆယ်ရေး အလုပ်တွေအတွက် လူတွေ ကြိုးဝိုင်းသစ်တောထဲက အန်ဒမန်လမ်းမကြီးကို ဖြတ်သွားရတဲ့ အခါ သူတို့တွေနဲ့ ရောဂါဒဏ်ခံနိုင်အားနည်းတဲ့ မျိုးနွယ်စုဝင်တွေကို ထိတွေ့မိတဲ့ အန္တရာယ် အနည်းဆုံး အခြေအနေ အာဏာပိုင်တွေက ဖြစ်စေချင်တဲ့အတွက် အဲဒီလို ပြောင်းသွားကြတာပါ။

၁၉၇၀ ခုနှစ်တွေက ဖောက်ခဲ့တဲ့ အဲဒီလမ်းမကြီးဟာ ဘာရာတန်းကျွန်းနဲ့ ဒစ်လစ်ပါးမြို့ကြားက ရွာ ၄၀၀ ကို ဆက်သွယ်ထားတဲ့ တစ်ခုတည်းသော လမ်းမကြီး ဖြစ်ပါတယ်။

ကျွန်းတစ်ကျွန်းပေါ်မှာ နေထိုင်တဲ့၊ လူဦးရေ ၁၁၅ ယောက်ကျော်ရှိတဲ့ အွန်ဂျီလူမျိုးစုဝင်တွေကို စစ်ဆေးဖို့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ဆရာဝန်တွေပါတဲ့ အဖွဲ့တစ်ခုကို လွှတ်ထားတယ်လို့ ဒေါက်တာ ရွိုင်က ပြောပါတယ်။

ဒါ့အပြင် ရှော်မ်ပင် လူမျိုးစုဝင်တွေကိုလည်း စစ်ဆေးမှာ ဖြစ်ပါတယ်။

အဲဒီကျွန်းသား မျိုးနွယ်တွေ နေထိုင်ရာကျွန်းတွေကို သွားလာတဲ့ အရေးပေါ်ကယ်ဆယ်ရေးနဲ့ ကျန်းမာရေးဝန်ထမ်းတွေဟာ ကျွန်းတွေဆီ မသွားခင် ကိုဗစ်ကင်းရှင်းကြောင်း စစ်ဆေးရမှာ ဖြစ်ပြီး အပြန်မှာ ကွာရန်တင်းတစ်ပတ်ဝင်ရမှာ ဖြစ်ပါတယ်။

အခုထိတော့ အဲဒီကျွန်းစုက ကျွန်း ၁၀ ကျွန်းပေါ်မှာ ပိုးကူးစက်မှုတွေ့ထားပြီးဖြစ်တယ်လို့ ဒေါက်တာရွိုင်က ပြောပါတယ်။

အန်ဒမန်ကျွန်းစုမှာ ဆေးရုံ နှစ်ရုံ၊ ကျန်းမာရေး ဌာန သုံးခု နဲ့ ကိုရိုနာပိုး ကူးစက်ခံရသူတွေကို ကုသပေးတဲ့ ဌာန ၁၀ ခု ရှိပါတယ်။ အဲဒီနေရာဟာ အိန္ဒိယ တဝန်းမှာ ဆေးစစ်မှု အမြင့်ဆုံး နေရာတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။

တခြားနေရာတွေမှာတော့ ဘရာဇီးနဲ့ ပီရူးနိုင်ငံတွေက မျိုးနွယ်စု တချို့မှာလည်း ကိုဗစ်-၁၉ ကူးစက်ခံနေရပါတယ်။

ဘရာဇီးနိုင်ငံမှာ အမေဇုန် ဒေသတလျှောက်က တိုင်းရင်းမျိုးနွယ်စုဝင် ၂၈၀ ကျော်ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီး သေဆုံးခဲ့ပါတယ်။


BBC Burmese

https://www.bbc.com/burmese/world-53946372

အိန္ဒိယ အန်ဒမန်ကျွန်းစုက ရှားပါး မျိုးနွယ်စုကို ကိုဗစ် ကူးစက်  အိန္ဒိယ အန်ဒမန်ကျွန်းစုက ရှားပါး မျိုးနွယ်စုကို ကိုဗစ် ကူးစက် Reviewed by THITHTOOLWIN on 08:51 Rating: 5

No comments:

Powered by Blogger.