စစ်တွေဆေးရုံ က ကိုဗစ် လူနာတွေ အခြေအနေကောင်း

ဓာတ်ပုံ ရင်းမြစ်, Myint Lwin

စစ်တွေဆေးရုံက ကိုဗစ်လူနာ အများစုဟာ စိုးရိမ်စရာ မရှိဘဲ ယေဘုယျ အနေအထားအရ အတော်များများဟာ အခြေအနေကာင်းမွန်တယ်လို့ စစ်တွေ ဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်က ဘီဘီစီကိုပြောပါတယ်။

စစ်တွေ ဆေးရုံမှာ ကိုဗစ်လူနာအဖြစ် ကုသနေသူ ၁၇၂ ဦးအနက် လူနာ ၃ ဦး ကို ဂရုစိုက် ကုသပေးနေရပြီး၊ဒါဟာလည်း ကိုဗစ်ရောဂါကြောင့် မဟုတ်ဘဲ ဆီးချိုနဲ့ အဆုတ်နဲ့ပတ်သက်တဲ့ ယခင်ရောဂါတွေကြောင့် ဖြစ်တယ်လို့လည်း သူက ရှင်းပြပါတယ်။

ကိုဗစ် လူနာ ၃ဦး ကို အထူးကြပ်မတ်ကုသဆောင်မှာ ကုသပေးနေရတယ်ဆိုတဲ့ သတင်းတွေ နဲ့ ပတ်သက်လို့လည်း မဟုတ်မှန်ကြောင်း ဒေါက်တာဇော်လွင် က ပြောပါတယ်။

စစ်တွေဆေးရုံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ လူနာ ၁၇၂ ဦး ကျော်အနက် အများစုဟာ ပြင်းပြင်းထန်ထန် ခံစားရတဲ့ ရောဂါလက္ခဏာ မပြကြကြောင်းနဲ့ သူတို့ဟာ လူနာဆောင်မှာပဲ ကုသမှုတွေ ခံယူနေကြကြောင်းလည်း သူက ရှင်းပြပါတယ်။

စစ်တွေဆေးရုံဟာ လက်ရှိ အနေအထားအရ ကိုဗစ်လူနာတွေကို နိုင်နိုင်နင်းနင်း ကုသနိုင်တယ်လို့ပြော

သြဂုတ်၃၀ ရက်နေ့ ည ၈နာရီ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့သူ လူနာသစ် ၂၆ ဦးထပ်မံ တွေ့ရှိခဲ့ပြီးတော့ ရခိုင်ပြည်နယ် က ၂၁ ဦးနဲ့ ရန်ကုန်က ၅ ဦးပါဝင်လာတာ တွေ့ရပါတယ်။

သြဂုတ်၃၀ ရက်နေ့ ညပိုင်း ရောဂါပိုးတွေ့သူတွေစာရင်းမှာတော့ စစ်တွေက ကိုရိုနာဗိုင်းရပ်စစ် ပိုးတွေ့ရှိသူ လူနာ ၈ ဦးသာပါဝင်တာ တွေ့ရပါတယ်။

အခု လက်ရှိ သြဂုတ်၃၀ ရက်နေ့ ည ၈နာရီ အချိန်အထိ မြန်မာနိုင်ငံမှာ အတည်ပြုလူနာပေါင်း ၇၇၅ ဦး၊ သေဆုံးသူပေါင်း ၆ဦးနဲ့ ပိုးကင်းစင်သူပေါင်း ၃၅၂ဦး ရှိနေပြီ ဖြစ်ပါတယ်။

စစ်တွေဆေးရုံကို ကိုဗစ်လူနာ ၂၀၀ တက်ရောက် ကုသနိုင်ဖို့ တိုးချဲ့ ပြင်ဆင်ထားသလို လက်ရှိ စစ်တွေဆေးရုံကြီးမှာ လူနာ ၁၃၅ ဦးနဲ့ သူနာပြုအဆောင်မှာ လူနာ ၃၀ ကျော်နဲ့ နှစ်ခုပေါင်း ၁၇၂ ဦးခန့် ကုသလျက်ရှိတယ်လို့လည်း ဆရာဝန်ကြီးဒေါက်တာဇော်လွင် ကပြောပါတယ်။

စစ်တွေဆေးရုံမှာ နောက်ထပ် ကိုဗစ် လူနာ ၆၀ လောက်အတွက် နေရာရှိသေးသလို တိုင်းရင်းဆေးရုံမှာ လည်းလူနာ ၅၀ ပေါင်း ကိုဗစ် လူနာ ၁၁၀ လောက်ကို လက်ခံ ကုသပေးနိုင်တဲ့ အနေအထားရှိတယ်လို့လည်း သူကရှင်းပြပါတယ်။

နောက်ထပ် ကိုဗစ်လူနာ ၁၀၀ ကျော်အတွက် စစ်တွေမှာ အသင့်ပြင်ထား

သြဂုတ်လ တတိယပတ်ကစလို့ သီတင်းတစ်ပတ်ကျော် အချိန်တိုအတွင်း ကိုဗစ် ကူးစက်သူ ၂၀၀ ကျော်ရှိခဲ့တဲ့ ရခိုင်ပြည်နယ်က ကူးစက်မှုတွေကို စမ်းသပ်ကြည့်ခဲ့ရာမှာ ကနဦးရလဒ်တွေအရ ရခိုင်မှာဖြစ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ မျိုးဗီဇ ပြောင်းပြီး ကူးစက်မှုနှုန်းမြန်တဲ့ ဗိုင်းရပ်စ်ဖြစ်နေတယ်ဆိုတာကို တွေ့ရှိခဲ့တယ်လို့ ဆေးသုတေသနဦးစီးဌာနထံက သိရပါတယ်။

အဲဒီ ကူးစက်မှုတွေဟာ ကမ္ဘာ့နိုင်ငံတချို့မှာ ပျံ့နှံ့ဖြစ်ပွားနေတဲ့ မျိုးဗီဇပြောင်း ဗိုင်းရပ်စ် ဟုတ်မဟုတ်ကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ ဆေးသုတေသန ဦးစီးဌာနက စစ်ဆေးခဲ့တာမှာ အခုလို တွေ့ရှိခဲ့တာ ဖြစ်တယ်လို့ အဲဒီဌာနက ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမြတ်ထွဋ်ညွန့်က ဘီဘီစီကိုပြောပါတယ်။

တွေ့ရှိချက်တွေအရ အဲဒီပိုးကူးစက်ပျံနှံ့မှုက ပုံမှန်ထက် ၁၀ ဆ လောက်အထိ မြန်တယ်လို့ သူက ပြောပါတယ်။

ပြင်းထန်မှုကတော့ အရင်အမျိုးအစားနဲ့ အခုအမျိုးအစားက သိပ်မကွာခြားကြောင်းနဲ့ လေ့လာမှု တစ်ခုလုံး ပြီးစီးရင်တော့ ဒီမျိုးဗီဇက ဘယ်ဒေသက မျိုးဗီဇလည်းဆိုတာ သိနိုင်မယ်လို့ ဆိုပါတယ်။

စစ်တွေမြို့မှာ အိမ်မှာပဲနေကြဖို့ အမိန့်ထုတ်ထား

စစ်တွေဆေးရုံကတော့ ကိုဗစ်လူနာတွေ အတွက် အခုစီစဥ်တဲ့နေရာတွေမှာ မလုံလောက်တော့မှသာ စစ်တွေ တက္ကသိုလ်ကို ဆေးရုံအဖြစ် ကုသတဲ့ သူတွေ ထားရှိဖို့အတွက် ဆောင်ရွက်ဖို့ စီစဥ်ထားတယ်လို့လည်း စစ်တွေဆေးရုံအုပ်ကြီးက ဘီဘီစီကို ရှင်းပြပါတယ်။

ရခိုင်ပြည်နယ်မှာ အများစု ကူးစက်ခံနေရသူတွေကတော့ စစ်တွေက ဖြစ်ပြီးတော့ စစ်တွေက ကိုရိုနာဗိုင်းရပ်စစ် ကူးစက်မှုဟာ မြန်တယ် များတယ်လို့ ပြောလို့ရကြောင်းနဲ့ သို့သော်လည်း ရောဂါလက္ခဏာက မပြင်းထန်ကြောင်းလည်း ဒေါက်တာဇော်လွင် က ရှင်းပြပါတယ်။

စစ်တွေဆေးရုံဟာ ကူးစက်ရောဂါ အထူးကုသတဲ့ ဆေးရုံသီးသန့် မဟုတ်တာကြောင့် လူနာတွေ နဲ့ ကုသတဲ့ ဆရာဝန်တွေ အကြားထိတွေဆက်ဆံရာမှာ အားနည်းချက်အချို့ရှိကြောင်းလည်း စစ်တွေမှာ စေတနာ့ဝန်ထမ်းအဖြစ် လာရောက်ကုသပေးနေတဲ့ ဆရာဝန်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

အခုလို ကိုဗစ်လူနာတွေရှိသလို ကိုဗစ်ရောဂါမဟုတ်တဲ့ လူနာတွေကိုလည်းစစ်တွေမှာ ကုသပေးနေ ရကြောင်းနဲ့ အဲဒီလူနာတွေကြားမှာ ကူးစက်မှု မရှိအောင်စီစဥ်ပေးရကြောင်း စစ်တွေဆေးရုံက ဆရာဝန်တွေကပြောပါတယ်။

အခုအခါ စစ်တွေဆေးရုံကို စေတနာ့ဝန်ထမ်း ၈၀ ကျော်ရောက်ရှိနေပြီးတော့ အလွှာအသီးသီးက ကျွမ်းကျင်သူတွပါလာတာရယ်၊ အဆောက်အအုံနဲ့ လူနာအနေအထား၊ လက်ရှိ ကုသရမှု အနေအထားတွေဟာ၊ အဆင်ပြေတယ် နိုင်နိုင်နင်းနင်း ကုသနိုင်တဲ့ အနေအထားရှိတယ်လို့ ပြောလို့ရကြောင်း စစ်တွေ ဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင် ကပြောပါတယ်။


BBC Burmese

https://www.bbc.com/burmese/burma-53964791

စစ်တွေဆေးရုံ က ကိုဗစ် လူနာတွေ အခြေအနေကောင်း  စစ်တွေဆေးရုံ က ကိုဗစ် လူနာတွေ အခြေအနေကောင်း Reviewed by THITHTOOLWIN on 07:04 Rating: 5

No comments:

Powered by Blogger.