ထိုင်းစစ်တပ်ဆန့်ကျင်ရေး ဆန္ဒပြကျောင်းသားခေါင်းဆောင် အဖမ်းခံရ

ဆန္ဒပြပွဲတွေကို ဦးဆောင်တဲ့ ကျောင်းသား ခေါင်းဆောင် Parit Chiwarak ကို ရဲတွေက ဖမ်းဆီး

ထိုင်းအစိုးရ ပြုပြင်ပြောင်းလဲရေးနဲ့ ထိုင်း နိုင်ငံရေးမှာ စစ်တပ် ဩဇာလွှမ်းမိုးထားတာကို အဆုံးသတ်ရေး ပြီးခဲ့တဲ့လက ပြုလုပ်ခဲ့တဲ့ ဆန္ဒပြပွဲတွေကို ဦးဆောင်ခဲ့သူ ကျောင်းသား ခေါင်းဆောင် တစ်ဦးကို ထိုင်းအာဏာပိုင်တွေက သောကြာနေ့က ဖမ်းဆီးလိုက်ပါတယ်။

အသက် ၂၂ နှစ်ရှိ ကျောင်းသား ခေါင်းဆောင် Parit “Penguin” Chiwarak ကို ဖမ်းဆီးသွားတာကို သူ့သူငယ်ချင်းက ဗွီဒီယိုရိုက် ပြီး Parit ရဲ့ Facebook စာမျက်နှာမှာ တင်ခဲ့တာပါ။ ဗွီဒီယိုထဲမှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၈ ရက် ဆန္ဒပြပွဲနဲ့ ပတ်သက်တဲ့ စွဲချက်တွေကို ရဲက Parit ကို ဖတ်ပြနေတာကို ကြားကြရပြီးတဲ့နောက် ရဲကားပေါ်ကို တင်ဆောင် ဖမ်းဆီးသွားတာကို မြင်ကြရပါတယ်။ အာဏာပိုင်တွေက Parit ကို ဘန်ကောက်မြို့ပြင်ဘက်မှာ ဆန္ဒပြပွဲတွေဆီကို အသွား ဖမ်းဆီးလိုက်တာလည်း ဖြစ်ပါတယ်။

Parit ဦးဆောင်ခဲ့တဲ့ ဇူလိုင်လ ၁၈ ရက်နေ့ ဆန္ဒပြပွဲနဲ့ အခုအခါ နေ့စဉ်နီးပါး ဖြစ်ပွားနေတဲ့ ဆန္ဒပြတွေဟာ ဝန်ကြီးချုပ် Prayuth Chan-ocha ရာထူးဆက်ပြီး ယူထားနိုင်ခဲ့တဲ့ ပြီးခဲ့တဲ့နှစ် ရွေးကောက်ပွဲကို ဆန့်ကျင်ရာကနေ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ အဲဒီ ရွေးကောက်ပွဲကို ဝန်ကြီးချုပ် Prayuth ၂၀၁၄ ခုနှစ်က အာဏာသိမ်းယူပြီး ၅ နှစ်အကြာမှာ ကျင်းပခဲ့တာလည်းဖြစ်ပါတယ်။

Parit ဖမ်းဆီးခံရပြီး နာရီပိုင်းအကြာမှာပဲ ရာချီတဲ့ ကျောင်းသားတွေ အရင်က စီစဉ်ထားတဲ့အတိုင်း ဘန်ကောက်မြို့လယ်က Chulalongkorn တက္ကသိုလ်မှာ ဆက်ပြီး ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြပွဲမှာ ဦးဆောင် စကားပြောသူတွေက အခြေခံဥပဒေ သစ် ရေးဆွဲရေးနဲ့ အစိုးရ နှုတ်ထွက်ရေး တောင်းဆိုခဲ့ကြပါတယ်။ ဆန္ဒပြပွဲ မလုပ်ဖို့ တက္ကသိုလ်အာဏာပိုင်တွေက ပိတ်ပင်ထား တဲ့ကြားက ဆန္ဒပြခဲ့ ကြတာလည်း ဖြစ်ပါတယ်။

ကြာသပတေးနေ့က ရုပ်မြင်သံကြားကပြောတဲ့ မိန့်ခွန်းမှာတော့ ဝန်ကြီးချုပ် Prayuth ကတော့ နိုင်ငံတွင်း စည်းလုံးညီညွတ်ကြဖို့ ဆော်ဩခဲ့ပြီး အမုန်းတရားအခြေခံ နိုင်ငံရေးကို ငြင်းဆန်ဖို့ ထိုင်းပြည်သူတွေကို တိုက်တွန်းခဲ့ပါတယ်။

ကျောင်းသား ဆန္ဒပြ အုပ်စုတွေကတော့ တနင်္ဂနွေနေ့မှာ ဆန္ဒပြပွဲကြီး တစ်ခုပြုလုပ်ပြီး စစ်တပ် ကျောထောက်နောက်ခံပြု အခြေခံ ဥပဒေကို ပြင်ဆင်ရေးနဲ့ ရွေးကောက်ပွဲ အသစ်ကျင်းပရေး တောင်းဆိုဖို့ စီစဉ်ထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/thailand-student-leader-arrested-/5544680.html

ထိုင်းစစ်တပ်ဆန့်ကျင်ရေး ဆန္ဒပြကျောင်းသားခေါင်းဆောင် အဖမ်းခံရ ထိုင်းစစ်တပ်ဆန့်ကျင်ရေး ဆန္ဒပြကျောင်းသားခေါင်းဆောင် အဖမ်းခံရ Reviewed by THITHTOOLWIN on 19:39 Rating: 5

No comments:

Powered by Blogger.