မြန်မာအများစုနေထိုင်တဲ့ မလေးရှားပီနန် ကိုဗစ်ကူးစက်မှု ရှိနေ

မလေးရှားနိုင်ငံ ပီနန်မြို့မှာ စျေးဆိုင်တခုထဲ မဝင်ခင် စျေးဝယ်သူများကို ကိုယ်အပူချိန် တိုင်းပေးနေတဲ့ ဝန်ထမ်းတချို့။ (မေ ၂၉၊ ၂၀၂၀)

မလေးရှားနိုင်ငံ ပီနန်ပြည်နယ်မှာ မြန်မာနိုင်ငံသားတွေ အပါအဝင်နိုင်ငံခြားသားတွေ နေထိုင်ရာအရပ်မှာ COVID-19 ကပ်ရောဂါပိုး ကူးစက်မှုတွေ့ရှိတဲ့ သတင်းကြောင်း စစ်ဆေးနေတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။


ကပ်ရောဂါနဲ့ ကြုံနေရတဲ့ မလေးရှားနိုင်ငံမှာ နောက်ထပ် ရောဂါကူးစက်မှု အတည်ပြုလူနာတွေကို ပီနန်ပြည်နယ်မှာ တွေ့ရှိခဲ့ပြီးနောက် သံသယလူနာတွေ ရှိ-မရှိ ဆက်လက် စစ်ဆေးနေတာ ဖြစ်ပါတယ်။ မနေ့တုန်းက မလေးရှား ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုလူနာသစ် နောက်ထပ် ၄၅ ယောက်ကို အတည်ပြုခဲ့ရာမှာ ပီနန်ပြည်နယ်လည်း ပါဝင်တဲ့အတွက် နောက်ဆက်တွဲ ကူးစက်မှု ရှိ၊ မရှိ စစ်ဆေးနေတာလို့လည်း မလေးရှားအခြေစိုက် ဒါနကုသလနာရေးကူညီမူအသင်းဥက္ကဋ္ဌ ကိုရဲမင်းထွန်းကပြောပါတယ်။


"တမန်ဆရီးရမ်ဘိုင် တခု တို့မှာ တွေ့တယ်။ ဂျလမ်းဘာလူးပရိုက်မှာ တခု တူနားဆူပရမ်းဂျာယာ တခု ၃ နေရာတွေ့တယ်။ တွေ့ပြီဆိုရင် လော့ဒေါင်းချလိုက်တယ်။ မချရင်လည်းအနီးတဝိုက်မှာ စစ်တာပဲ။ တွေ့ပြီးဆိုရင် ဆူပရမ်းဂျာယာ တိုက်ခန်းတွေနားမှာဆို ကျနော်တို့ နိုင်ငံခြားသားတွေ များတယ်။ အဲဒီပတ်ဝန်းကျင်နားမှာ ပျံ့နိုင်တဲ့အနေအထားဖြစ်တယ်ဆိုရင် သူတို့လိုက်တယ် အနီးတဝိုက်ကို ဆေးစစ်ဖို့ ဘာတို့ သတိပေးတယ်။"


အဲဒီနေရာတွေမှာ ကိုဗစ်ပိုးကူးစက်သူတွေ့ရှိရလို့ ဒီနယ်မြေအတွင်းမှာ နေထိုင်းနေကြတဲ့ မလေးရှားနိုင်ငံသားတွေနဲ့ မြန်မာအပါအဝင်နိုင်ငံခြားသားတွေကို ကျန်းမာရေးဌာနက PPE ဝတ်စုံတွေနဲ့ နေအိမ်တိုက်ခန်းတွေမှာ ရောဂါပိုး သံသယရှိတဲ့ လူနာတွေကို လိုက်လံ စစ်ဆေးရှာဖွေနေတာပါ


ရပ်ကွက်အတွင်း အဝင်အထွက်နေရာတွေမှာ ရဲတပ်ဖွဲ့ဝင်တွေဟာ စစ်ဆေးရေးဂိတ်တွေချ စောင့်ကြည့်နေကြသလို့ ရောဂါပိုးတွေ့ရှိခဲ့တဲ့ ရပ်ကွက်တွေမှာ COVID 19 ရောဂါပိုးဆိုင်ရာ ကာကွယ်ရေး အရေးပေါ်စည်းကမ်းတွေကို လိုက်နာကြဖို့ ကျန်းမာရေးဝန်ထမ်းတွေဟာ အသံချဲ့စက်တွေ သုံးပြီး သတိပေးနေတယ်လို့လည်း ပြောပါတယ်။


ခန့်မှန်းခြေ မြန်မာနိုင်ငံသား ၅၅၀,၀၀၀ လောက် အလုပ်လုပ်ကိုင်နေတဲ့ မလေးရှားနိုင်ငံမှာ ကပ်ရောဂါကာလ ကန့်သတ်ချက်တွေကြောင့် အလုပ်အကိုင်နဲ့ စားဝတ်နေရေး အခက်အခဲတွေ ကြုံနေရသလို အဖမ်းအဆီးတွေလည်းကြံုနေရတာပါ။ မလေးရှား ကျန်းမာရေးဝန်ကြီးဌာနကတော့ ဒီနေ့ပဲ COVID-19 ကူးစက်သူ လူနာသစ် ၁၁ ယောက်ကို ထပ်မံအတည်ပြုခဲ့တဲ့အတွက် အခုဆိုရင် သေဆုံးသူ ၁၂၅ ယောက် အပါအဝင် ကူးစက်မှုပေါင်း ၉,၀၀၀ ကျော်အထိ ရှိနေပါတယ်ရှင်။ 


မအေးအေးမာ/VOA (Burmese)

https://burmese.voanews.com/a/malaysia-covid/5537401.html

မြန်မာအများစုနေထိုင်တဲ့ မလေးရှားပီနန် ကိုဗစ်ကူးစက်မှု ရှိနေ မြန်မာအများစုနေထိုင်တဲ့ မလေးရှားပီနန် ကိုဗစ်ကူးစက်မှု ရှိနေ Reviewed by THITHTOOLWIN on 21:29 Rating: 5

No comments:

Powered by Blogger.