ALP အဖွဲ့ဝင် ငါးဦးကို ပုဏ္ဏားကျွန်းမြို့နယ်မှာ AA ဖမ်းဆီး

ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP တပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်

Photo: Arakan Liberation Party/ Facebook

လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်တဲ့ ရခိုင်လွတ်မြောက်ရေးပါတီ ALP က အဖွဲ့ဝင် ငါးဦးကို AA အဖွဲ့က သြဂုတ်လ ၁၀ ရက် မနေ့က ညနေပိုင်းမှာ ပုဏ္ဏားကျွန်းမြို့နယ် ဒီပါရုံကျေးရွာကနေ ဖမ်းဆီးသွားခဲ့ပါတယ်။


သြဂုတ်လ ၁၀ ရက် မနေ့က ပုဏ္ဏားကျွန်းမြို့နယ် ဒီပါရုံကျေးရွာမှာရှိတဲ့ ရခိုင်လွတ်မြောက်ရေးပါတီ ALP အဖွဲ့ဝင် တစ်ဦးရဲ့ အသုဘကို သွားရောက်ကြတဲ့ ALP အဖွဲ့ဝင် ငါးဦးဟာ ညနေပိုင်းမှာ AA အဖွဲ့ရဲ့ ဖမ်းဆီးတာကို ခံလိုက် ရတာပါ။


ဖမ်းဆီးခံရသူတွေဟာ ALP တွဲဘက်အတွင်းရေးမှူး ခိုင်အောင်စိုးသန်း၊ ရဲဘော်ခိုင်ဌေး၊ ဆေးမှူး ခိုင်မျိုးစံ၊ ဆေးတပ်သား ခိုင်မိုးဇက်နဲ့ ခိုင်ဟိန်းဇော်တို့ ဖြစ်ကြပါတယ်။


ဒီကိစ္စနဲ့ပတ်သက်ပြီး ALP ပါတီက ဒုတိယ ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းကို ဆက်သွယ်မေးမြန်းရာမှာ ဖမ်းဆီးခံ ရတာကို အတည်ပြုနိုင်ကြောင်း၊ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ပါတီက ကြေညာချက်တစောင် မကြာခင် ထုတ်ပြန်မှာ ဖြစ်ကြောင်း ပြောပါတယ်။


ALP ပါတီ ဗဟိုကော်မတီဝင်ဟောင်း ဦးခိုင်မျိုးထွန်းကတော့ ဖမ်းဆီးခံရသူတွေဟာ ဒေသခံပြည်သူတွေအတွက် ကျန်းမာရေးဝန်ဆောင်မှု ပေးနေသူတွေဖြစ်တယ်လို့ ဆိုပါတယ်။


“သူတို့က မိခင်ပါတီက ALP ဆိုပေမယ့် နိုင်ငံရေးစစ်ရေးမှာ သိပ်မပါဘူး၊ ရခိုင်ပြည်သူ့ကျန်းမာရေး လုပ်သား အဖွဲ့ ဒီအဖွဲ့က ALP အောက်မှာရှိတယ်၊ အဲဒီအဖွဲ့က IRC နဲ့ ပူးပေါင်းပြီး  ရခိုင်ပြည်နယ်က မျိုးနွယ် စုတွေရယ်၊ မွတ်စလင်ရွာတွေကိုလည်း သွားပြီးလုပ်နေတာပါ”


ပြီးခဲ့တဲ့ မေလကလည်း ALP အဖွဲ့ဝင် တစ်ဦးကို AA က ဖမ်းဆီးပြီး သတ်ဖြတ်တယ်လို့ ALP ပါတီက ဇွန်လ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။


ALP ဟာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးထားပါတယ်။ AA ကတော့  စာချုပ်မှာ မပါဝင်သေးပါဘူး။


ဘာအကြောင်းကြောင့် ဖမ်းဆီးတယ်ဆိုတာ မသိရပေမယ့် ရခိုင်ပြည်နယ်မှာ အချင်းချင်း မညီမညွှတ်ဖြစ်နေတာ ပြည်သူတွေအတွက် ပိုနစ်နာရတယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ထောက်ပြပါတယ်။


“ALP ဆိုတာ အစိုးရနဲ့ ငြိမ်းချမ်းရေးယူထားတဲ့အဖွဲ့၊ ကျနော်တို့ မသိပေမယ့် နယ်မြေပြဿနာတွေရှိတယ်လို့ ကြားတယ်၊ ကျနော်ကတော့ ဒီအချိန်မှာ ကိုယ့်ရခိုင်အချင်းချင်း ညီညွတ်စေချင်တယ်၊ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ ဒီလိုဖြစ်နေရင် ရခိုင်ပြည် ပြဿနာက ပိုရှုပ်ထွေးလာနိုင်တယ်၊ ကိုယ့်ရခိုင်အချင်းချင်း ပြည်သူအချင်းချင်း ညီညွတ်ကြပါလို့ ပြောချင်ပါတယ်”


ALP ပါတီဝင်တွေ ဖမ်းဆီးခံရမှုနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် စည်ပင်ဝန်ကြီး ဦးဝင်းမြင့်နဲ့ ရခိုင်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှတို့ကို မေးမြန်းရာမှာတော့ အဲဒီသတင်းကို မကြားမိသေးကြောင်း ပြောပါတယ်။


ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာက တိုက်ပွဲတွေ စတင်ဖြစ်ပွားပြီးနောက်ပိုင်း တပ်မတော်ကရော AA အဖွဲ့ကပါ သူတို့ မသင်္ကာသူတွေကို ဖမ်းဆီးစစ်ဆေးမှုတွေ ရှိနေပါတယ်။


တိုက်ပွဲတွေကလည်း မကြာခဏဆိုသလိုရှိနေပြီး သြဂုတ်လ ၇ ရက်နေ့အထိ RFA က ကောက်ယူထားတဲ့ စာရင်းတွေအရ အရပ်သားထိခိုက်သေဆုံးသူ ၂၇၈ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၆၀၄ ဦး ရှိနေပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/alp-five-arrest-08112020052234.html

ALP အဖွဲ့ဝင် ငါးဦးကို ပုဏ္ဏားကျွန်းမြို့နယ်မှာ AA ဖမ်းဆီး  ALP အဖွဲ့ဝင် ငါးဦးကို ပုဏ္ဏားကျွန်းမြို့နယ်မှာ AA ဖမ်းဆီး Reviewed by THITHTOOLWIN on 23:32 Rating: 5

No comments:

Powered by Blogger.