AA ကလွဲလို့ တိုင်းရင်းသားလက်နက်ကိုင် အားလုံးကို ၂၁ ပင်လုံတက်ဖို့ ဖိတ်မည်


NLD အစိုးရလက်ထက် နောက်ဆုံးအကြိမ် ကျင်းပမယ့် စတုတ္ထအကြိမ် ၂၁ ရာစု ပင်လုံညီလာခံအစည်းအဝေးကို အပစ်ရပ်လက်မှတ် မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့  ခုနှစ်ဖွဲ့ကို ဖိတ်ကြားမှာဖြစ်ပေမယ့် AA ကို တက်ရောက်ခွင့်ပြုမှာ မဟုတ်ဘူးလို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက  ပြောပါတယ်။

တချို့အဖွဲ့တွေကို ဖိတ်ကြားဖို့က ဥပဒေအရ  အကန့်အသတ်ရှိနေတယ်လို့ နေပြည်တော်မှာ မနေ့ကကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဦးဇော်ဌေးက ပြောလိုက်တာ ဖြစ်ပါတယ်။

"လက်မှတ်မထိုးတဲ့အဖွဲ့တွေ ခုနှစ်ဖွဲ့ ကျနော်တို့ ဖိတ်မယ်ပေါ့နော်၊ တချို့ အဖွဲ့အစည်းတွေကျရင် ဥပဒေ အရပေါ့၊ ဥပဒေအရ ဖိတ်ကြားဖို့ အကန့်အသတ်ရှိတယ်။ ဒါမျိုးတွေကြတော့ ဖိတ်ကြားနိုင်တာမရှိဘူး၊ မထိုးရသေးတဲ့အဖွဲ့ စုစုပေါင်း ခုနှစ်ဖွဲ့ဖိတ်မယ်။ ဖိတ်တဲ့အခါမှာလည်း ထိုးပြီးသားအဖွဲ့တွေကို ကျနော်တို့ ညီလာခံကို တက်ရောက်ဖို့အတွက် ထိပ်သီးခေါင်းဆောင် နှစ်ယောက်ဖိတ်တယ်။ အလားတူပဲ မထိုးရသေးတဲ့ အဖွဲ့တွေလည်း ထိပ်သီးခေါင်းဆောင် နှစ်ယောက်ဖိတ်မယ်။ ဖိတ်တဲ့အခါမှာလည်း သူတို့ လူစားထိုး တက်ရောက်ခွင့်မရှိဘူး။ ဖိတ်ကြားတဲ့ ထိပ်သီးခေါင်းဆောင်တွေပဲ ကိုယ်တိုင်တက်ပေါ့နော်။"

မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရတို့ကြား နိုင်ငံရေးဆွေးနွေးပွဲတွေ အမြန်ဆုံး စတင်လိုကြောင်းနဲ့  ၂၁ ရာစု ပင်လုံညီလာခံကိုလည်း UWSA “ဝ” အဖွဲ့  ဦးဆောင်တဲ့  FPNCC ရဲ့ လမ်းညွှန်မှုနဲ့ အဖွဲ့အားလုံးတက်ရောက်ဖို့ ဆန္ဒရှိကြောင်း ကိုးကန့် MNDAA၊ တအာင်း ပလောင် PSLF/TNLA  နဲ့ AA ရက္ခိုင့်တပ်တော်တို့က ဇူလိုင်လ ၂၁ ရက်နေ့က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

အစိုးရအဖွဲ့ရဲ့ သဘောထားအပေါ်  AA ရဲ့ တုံ့ပြန်ချက်နဲ့ ပတ်သက်ပြီး AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက အခုလို ပြောပါတယ်။

"အခု ဒီလို မြန်မာအစိုးရရဲ့ ပြောဆိုလုပ်ဆောင်ချက်တွေက ဟိုငြိမ်းချမ်းရေးကို ဘယ်သူတွေက အမှန်တကယ် မလိုလားသူတွေလည်းဆိုတာ ဒါက အဖြေထွက်တာပေါ့ဗျာနော်၊ နောက်တစ်ချက်က ဒါနိုင်ငံရေးအရ ပြောရ မယ်ဆိုရင်တော့ အခုကျင်းပတဲ့ စတုတ္ထပင်လုံကို တကယ်အနှစ်သာရရှိဖို့ဆိုရင်တော့ အားလုံးပါဝင်ရေးမူကို လက်ခံရမှာဖြစ်တယ်။ ဟိုအဖွဲ့ကိုကျတော့ပါ ဒီအဖွဲ့ကိုကျတော့ မပါရဘူးဆိုတဲ့ မူကတော့ ဒါပြဿနာကို တကယ်ဖြေရှင်းလိုတဲ့ ဆန္ဒ မရှိဘူး၊ ငြိမ်းချမ်းရေးရအောင် တကယ်လုပ်လိုတဲ့ ဆန္ဒမရှိဘူးဆိုတာကို ရှင်းရှင်း လင်းလင်းဖော်ပြနေတာဖြစ်တယ်"

မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင်အဖွဲ့တွေ  အစိုးရနဲ့ နှစ်ဖက်အပစ်ရပ်လက်မှတ်ထိုးဖို့  ညှိုနှိုင်းမှုတွေရှိပေမယ့် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကာလမှာ  အတားအဆီးဖြစ်နေတယ်၊ စာနဲ့ ဆက်သွယ်ပြောဆိုတာတော့ ရှိနေတယ် လို့ ခိုင်သုခက ပြောပါတယ်။

တအာင်း ပလောင် PSLF/TNLA  အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် တာဘုန်းကျော် က မြောက်ပိုင်း သုံးဖွဲ့လုံးကို မဖိတ်ခေါ်ဘူးဆိုရင် ၂၁ ရာစု ပင်လုံညီလာခံကို သူတို့အဖွဲ့အနေနဲ့ တက်ရောက်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

"AA ကို မဖိတ်ဘူးဆိုရင်တော့ ကျနော်တို့ မဟာမိတ်အဖွဲ့လည်းဖြစ်တယ်လေ။ AA ကို မဖိတ်ဘူးဆိုရင်တော့ ကျန်တဲ့မဟာမိတ်အဖွဲ့လည်း တက်ဖို့ အလားအလာမရှိပါဘူး။ ဒီမဟာမိတ်အဖွဲ့ကြားထဲမှာ သဘောတူထား တာရှိပါတယ်။ မြန်မာအစိုးရနဲ့ မြန်မာတပ်မတော်နဲ့ တွေ့ဆုံဆွေးနွေးဖို့ပဲဖြစ်ဖြစ်၊ မြန်မာအစိုးရက လုပ်တဲ့ပွဲ တစ်ခုခုကို တက်ဖို့ပဲဖြစ်ဖြစ် အားလုံးကို ဖိတ်မယ်ဆိုရင် အပြုသဘောဆောင်ပြီးတက်ကြမယ်။ ဒါပေမဲ့ တဖက်ဖက်ကို ချန်ထားမယ်ဆိုရင်တော့ မတက်ဘူး။ ကျတော်တို့ရဲ့ ညီညွတ်မှုကို လက်ကိုင်ထားဖို့လိုတယ်လို့ ဆုံးဖြတ်ထားတာရှိပါတယ်။ နားလည်မှု ကျနော်တို့ရှိပါတယ်။"

အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတဲ့ AA ကို ပင်လုံညီလာခံ မဖိတ်တဲ့အပေါ်  တပ်မတော်ရဲ့ သဘောထားကို သိရဖို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို ဒီကနေ့ ဆက် သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပါဘူး။

အပစ်ရပ် လက်မှတ်ထိုးထားတဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ဒုတိယဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်း ကတော့ တည်ဆဲဥပဒေတွေကို  လေးစားလိုက်နာရမှာဖြစ်ပေမယ့် တရားသေဆုပ်ကိုင်ထားရင်တော့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ရှေ့တိုးနိုင်မှာ မဟုတ်ဘူးလို့ ပြီးခဲ့တဲ့ ဦးသိန်းစိန် အစိုးရလက်ထက် ငြိမ်းချမ်းရေးဆောင်ရွက်ချက် နဲ့ နှိုင်းယှဉ်ပြီး RFA ရဲ့ "နိုင်ငံ့ရေးရာ မေးစရာ အစီအစဉ်"  ထုတ်လွှင့်ချက်မှာ ပြောခဲ့တာရှိပါတယ်။

ပြည်ထောင်စု နိုင်ငံရေးဆွေးနွေး ညှိုနှိုင်းရေးကော်မတီ FPNCC ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ UWSA “ဝ” အဖွဲ့ လားရှိုး အခြေစိုက် ဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရမ်းက ညီလာခံ တက်ရောက်ဖို့နဲ့ ပတ်သက်လို့ ပန်ဆန်းဌာနချုပ်က တာဝန်ရှိသူတွေရဲ့ သဘောထားကို မသိရသေးဘူးလို့ ပြောပါတယ်။

ညီလာခံကို ဖိတ်ကြားတဲ့အခါမှာလည်း ခေါင်းဆောင် နှစ်ဦးသာ တက်ရောက်ခွင့်ရမယ်၊ ကိုယ်စားလှယ် အစားထိုးပြီး တက်ရောက်ခွင့်မရှိဘူးလို့ အစိုးရက သတ်မှတ်တာကိုတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု တားဆီးနေရတဲ့ကာလဖြစ်လို့ အကျဉ်းချုံး စီစဉ်ရတာကို နားလည်နိုင်ပါတယ်လို့ ဦးညီရမ်းက ပြောပါတယ်။

FPNCC အဖွဲ့ဝင် မြောက်ပိုင်းမဟာမိတ် ခုနှစ်ဖွဲ့မှာ UWSA၊ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/ SSA နဲ့ NDAA မိုင်းလားအဖွဲ့တို့က အရင်အစိုးရလက်ထက် တပ်မတော်နဲ့ နှစ်ဖက်အပစ်ရပ်လက်မှတ် ထိုးထားခဲ့တဲ့အဖွဲ့တွေဖြစ်ပြီး AA, TNLA, MNDAA ကိုးကန့်နဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIA တို့ကတော့ တပ်နဲ့ နှစ်ဖက်အပစ်ရပ်  လက်မှတ်ထိုးဖို့ ကြိုးစားနေဆဲ အဖွဲ့တွေဖြစ်ပါတယ်။

၂၁ ပင်လုံကို တက်ရောက်ဖို့ အစိုးရက ဖိတ်ခေါ်ထားတဲ့ ကယားပြည်နယ်က ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP အဖွဲ့ကလည်း နှစ်ဖက်အပစ်ရပ်စာချုပ် လက်မှတ်ထိုးထားပါတယ်။

ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျု MIPS အမှုဆောင်ဒါရိုက်တာ ဦးမင်းဇော်ဦးက မြောက်ပိုင်း သုံးဖွဲ့ ညီလာခံ တက်ခြင်း မတက်ခြင်းက အရေးမကြီးဘဲ အစိုးရ တပ်မတော်နဲ့ နှစ်ဖက်အပစ်ရပ် လက်မှတ် ထိုးရေး ဆွေးနွေးဖို့ကသာ ပိုအရေးကြီးတယ်လို့ ပြောပါတယ်။

"အရင်တုန်းကလည်း လာဖူးတယ်။ လာပြီးတော့ ရောက်ပြန်လောက်ပဲရှိတာကို သိပ်ပြီးတော့ ဟိုဘာမှ ရလဒ်ထွက်တာ မရှိဘူးလေ။ အဲတော့ အဓိကကတော့ ၂၁ ရာစုပင်လုံကို ဒီ သုံးဖွဲ့အနေနဲ့ လာတက်တယ် မတက်ဘူးဆိုတာက ဒီလောက်အရေးမကြီးဘူးပေါ့၊ အဓိကအရေးကြီးတာက သူတို့နဲ့ တကယ့် အပစ် အခတ်ရပ်စဲရေး ဆွေးနွေးညှိုနှိုင်းမှုတွေ လုပ်နိုင်ဖို့လိုတာ၊ အဲဒါမှ တကယ့်ရလဒ်ထွက်တဲ့ကိစ္စဖြစ်မှာ၊ နောက်တစ်ခုကလည်း ဆွေးနွေးညှိုနှိုင်းမှုတွေ လုပ်တဲ့အခါမှာ သုံးဖွဲ့နဲ့ ပူးပေါင်းပြီး ညှိုနှိုင်းနေတာက ထိရောက်မှာ မဟုတ်ဘူး။ ညှိုနေတာကလည်း ကြာပြီ ခရီးမရောက်ဘူးဆိုတာလည်း သိတယ်။ နောက်ဆက် ညှိုလည်း ခရီးရောက်မှာ မဟုတ်ဘူးပေါ့ဗျာ။ ခရီးရောက်အောင်သွားမယ်ဆိုရင်တော့ တစ်ဖွဲ့ချင်း ညှိုနှိုင်း တဲ့အဆင့်ကို ရောက်နိုင်တဲ့ အခင်းအကျင်းကို ဖန်တီးမှပဲ တကယ်အပစ်အခတ်ရပ်စဲရေးက ညှိုလို့ရမှာပဲ။"

နိုင်ငံရေးလေ့လာသူ ဦးမောင်မောင်စိုးကတော့ AA နဲ့ မြောက်ပိုင်းအဖွဲ့တွေကို ညီလာခံကို ဖိတ်တာက ရပ်တန့်နေတဲ့ နှစ်ဖက်အပစ်ရပ်ဆွေးနွေးပွဲတွေ ပြန်စဖို့ လမ်းပွင့်နိုင်တယ်လို့ ပြောပါတယ်။

"တကယ်လို့သာ AA အပါ ဒီအဖွဲ့တွေကို ဖိတ်လိုက်တာက ပင်လုံညီလာခံမှာ အကြောင်းမထူးပေမယ့် ဒီအဖွဲ့တွေ ညီလာခံရောက်နေတဲ့ ကာလအတွင်း ဆက်လက် Bilateral ဆွေးနွေးဖို့အတွက်  လမ်းစရှာနိုင်မယ့် အခွင့်အလမ်းကောင်းတော့ရှိပါတယ်။ ဒါပေမဲ့ AA တစ်ဖွဲ့ထဲကို မဖိတ်ဘူးဆိုလို့ရှိရင် ကျန်တဲ့ သူ့ရဲ့ မဟာမိတ်၊ မြောက်ပိုင်းမဟာမိတ်လေး ဖွဲ့ပေါ့၊ အနည်းဆုံး နှစ်ဖွဲ့က တက်မှာတော့ မဟုတ်ဘူးလို့ ထင်ပါတယ်။ ခွဲထုတ် လိုက်မယ်ဆိုလို့ရှိရင်တော့ အလှမ်းဝေးသွားမယ်လို့ ထင်ပါတယ်။"

AA အဖွဲ့ကို ညီလာခံကို မဖိတ်တာက သူတို့အဖွဲ့တွေအနေနဲ့ မျှော်လင့်ထားပြီးသား ဖြစ်နိုင်ပေမယ့် ရခိုင်ပြည်သူ တွေအတွက်တော့ ငြိမ်းချမ်းရေးလမ်းကြောင်း ပိတ်သွားပြီဆိုရင် တခြားလမ်းကြောင်းဘက်ကို ရွေးချယ်ဖို့  တွန်းအားပေးသလိုဖြစ်မှာကို စိုးရိမ်တယ်လို့ သူက ဆက်ပြောပါတယ်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် AA ကို ညီလာခံ မဖိတ်တဲ့ကိစ္စနဲ့ KIA အဖွဲ့ ညီလာခံတက်ဖို့ ရှိ မရှိ သိနိုင်ဖို့  ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူကို RFA က ဆက်သွယ်မေးမြန်း ခဲ့ပေမယ့် တိုက်ရိုက်ပြောဆိုခွင့် မရခဲ့ဘဲ သူ့ရဲ့ ရုံးအဖွဲ့နဲ့သာ ဆက်သွယ်လို့ ရခဲ့ပါတယ်။

ဒီလ  သြဂုတ်လ ၁၉ ရက်နေ့စပြီး သုံးရက်ကြာကျင်းပမယ့် ၂၁ ရာစုပင်လုံညီလာခံ အစည်းအဝေးမှာ  NCA အပစ်ရပ်လက်မှတ်ထိုးထားတဲ့ အဖွဲ့ ၁၀ ဖွဲ့၊ အစိုးရ၊ တပ်မတော်နဲ့ နိုင်ငံရေးပါတီ ကိုယ်စားလှယ်တွေက  ပြည်ထောင်စု သဘောတူညီချက် အစိတ်အပိုင်း သုံးစာချုပ်ကို ချုပ်ဆိုမှာ ဖြစ်ပါတယ်။

သီဟထွန်း / RFA Burmese


AA ကလွဲလို့ တိုင်းရင်းသားလက်နက်ကိုင် အားလုံးကို ၂၁ ပင်လုံတက်ဖို့ ဖိတ်မည် AA ကလွဲလို့ တိုင်းရင်းသားလက်နက်ကိုင် အားလုံးကို ၂၁ ပင်လုံတက်ဖို့ ဖိတ်မည် Reviewed by THITHTOOLWIN on 20:59 Rating: 5

No comments:

Powered by Blogger.