ကိုဗစ်ကြောင့် လူပေါင်း သန်း ၂၇၀ အငတ်ဘေးကြုံရနိုင်ကြောင်း WFP သတိပေး


COVID-19 ကပ်ရောဂါကြောင့် နိုင်ငံပေါင်း ၂၅ နိုင်ငံထက်မနည်းကလူတွေဟာ အင်မတန်ဆိုးဝါးတဲ့ အငတ်ဘေး ကြုံကြရနိုင်တယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP က ဒီနေ့ ကြေညာချက်ထုတ်ပြန်ပါတယ်။

ငတ်မွတ်ခေါင်းပါးမှုဖြစ်နိုင်တဲ့ အန္တရာယ်ရှိကြောင်း လွန်ခဲ့တဲ့ ၃ လက ကုလသမဂ္ဂလုံခြုံရေးကောင်စီကို WFP ကပြောခဲ့သလို ဒီကနေ့ ဒီအချိန်မှာ ကမ္ဘာပေါ်က အဆင်းရဲဆုံးမိသားစုတွေဟာ အငတ်ဘေးချောက်ထဲကို တွန်းပို့ခံနေရတာ တွေ့နေရတယ်လို့ WFP အမှုဆောင်ညွှန်ကြားရေးမှူး David Beasley က ထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။


စားရေရိက္ခာမလုံလောက်တဲ့ ပြဿနာကို တုန့်ပြန်ဖို့ ဒေါ်လာ ၅ ဘီလီယံ နီးပါး လိုအပ်တယ်လို့ WFP ကပြောပါတယ်။ အာရှ၊ အာဖရိက၊ ကာရစ်ဘီယံကျွန်းဒေသ၊ လက်တင်အမေရိကနဲ့ အရှေ့အလယ်ပိုင်းဒေသတွေက အခြေအနေအဆိုးဆုံးနိုင်ငံတွေမှာ ငတ်မွတ်ခေါင်းပါးမှုမဖြစ်အောင် နောက်ထပ် ဒေါ်လာ သန်း ၅၀၀ လိုအပ်တယ်လို့လည်း ခန့်မှန်းထားပါတယ်။

အငတ်ဘေးကြုံနေတဲ့နိုင်ငံတွေမှာ COVID-19 ကပ်ရောဂါ မဖြစ်ခင်က အစားအသောက်ကို ဝလင်အောင် မစားနိုင်သူ ၁၄၉ သန်းလောက်ရှိမယ်လို့ ခန့်မှန်းထားပြီး ဒီနိုင်ငံတွေကိုအရေးပေါ် ထောက်ပံ့မပေးနိုင်ရင် အခုနှစ်ကုန်ချိန်မှာ သန်း ၂၇၀ အထိ တိုးလာနိုင်တယ်လို့လည်း ပြောပါတယ်။ လက်ရှိ WFP ရဲ့ ခန့်မှန်းတွက်ချက်မှုတွေအရ လာမယ့် ၆ လအတွင်း ကြိုတင်ကာကွယ်နိုင်တဲ့ ရောဂါတွေနဲ့ တနေ့ကို ကလေးငယ် ၆,၀၀၀ အထိ သေဆုံးနိုင်တယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။

ကိုဗစ်ကပ်ရောဂါကြောင့် ကလေးငယ်တွေအတွက် မဖြစ်မနေလိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အဟာရဖြည့်တင်းရေး ဝန်ဆောင်မှုတွေ ထိခိုက်နေတာကို သူတို့က ထောက်ပြထားပါတယ်။

VOA (Burmese)
https://burmese.voanews.com/a/wfp-covid/5506675.htmla
ကိုဗစ်ကြောင့် လူပေါင်း သန်း ၂၇၀ အငတ်ဘေးကြုံရနိုင်ကြောင်း WFP သတိပေး ကိုဗစ်ကြောင့် လူပေါင်း သန်း ၂၇၀ အငတ်ဘေးကြုံရနိုင်ကြောင်း WFP သတိပေး Reviewed by THITHTOOLWIN on 00:58 Rating: 5
Powered by Blogger.