ရွေးကောက်ပွဲဥပဒေတွေအထက်မှာ ဘယ်ပါတီမှ မရှိစေရဟု UEC ကတိပေး


၂၀၂၀ ရွေးကောက်ပွဲဟာ ပွင့်လင်းမြင်သာပြီး၊ ရွေးကောက်ပွဲဥပဒေတွေရဲ့ အထက်မှာ ဘယ်နိုင်ငံရေး ပါတီမှ မရှိစေရဘူး လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက၊ ဒီနေ့ အရပ်ဖက် အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံပွဲမှာ ကတိပေးလိုက်ပါတယ်။

အရပ်ဖက်အဖွဲ့တွေကတော့ “ရွေးကောက်ပွဲကော်မရှင်ကို သံသယမရှိသလို၊ အရပ်ဖက်အဖွဲ့အစည်းတွေ အပေါ်မှာလည်း သံသယ မထားရင်၊ ပူးပေါင်းဆောင်ရွက်ဖို့ လွယ်ကူမယ်” လို့ ထောက်ပြလိုက်ပါတယ်။

နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) ကို ဝေဖန်မှုတွေ မြင့်တက်နေချိန်မှာ၊ (UEC) က အရပ်ဖက်လူမှု အဖွဲ့အစည်းတွေနဲ့ ဒီနေ့ နေပြည်တော်မှာ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့တာပါ။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ဘယ်နိုင်ငံရေးပါတီမှ ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေတွေရဲ့ အထက်မှာ မရှိစေရဘူးလို့ ကတိပေးလိုက်ပါတယ်။

“ကျတော်တို့က ပြည်သူကို အာမခံတယ်။ ကျတော်တို့လုပ်တဲ့ လုပ်ငန်းမှန်သမျှ ခုလာမယ့် ရွေးကောက်ပွဲမှာ မည်သည့်နိုင်ငံရေးပါတီမှ ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေ အထက်တွင်မရှိစေရ၊ ဒါကျတော်တို့ သံဌိဌာန်ပဲ၊ ကျတော်ပြောတာ ခေါင်းထဲမှာ အသေအချာထားပါ။ မည်သည့်နိုင်ငံရေးပါတီမှနော် အဲဒါ မည်သည့် မည်သည့် ထည့်ထားတယ်။ မည်သည့်နိုင်ငံရေးပါတီမှ ရွေးကောက်ပွဲ ဥပေဒ နည်းဥပဒေရဲ့ အထက်တွင် မရှိစေရ၊ ဒါကျတော် အာမခံတယ်”

ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ ဖုံးကွယ်ထားတာ တစ်ခုမှမရှိဘဲ၊ အရင်ကော်မရှင် လက်ထက်က လုပ်ခဲ့သလိုပဲ လက်ရှိကော်မရှင်ကလည်း လုပ်မယ်လို့ ယူဆထားရင် မှားနိုင်ပြီး၊ အများယုံကြည်တဲ့ ရွေးကောက်ပွဲဖြစ်ရမယ်၊ ပြည်သူ့ဆန္ဒနဲ့ ရွေးကောက်ပွဲ မဲရလဒ် တစ်ထပ်တည်းဖြစ်စေရမယ်လို့ ဦးလှသိန်းက ပြောပါတယ်။

မဲဆန္ဒရှင် ပညာပေးတဲ့ လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ ကရင်ပြည်နယ် အရပ်ဖက်လူမှုအဖွဲ့အစည်း ကွန်ရက်က စောကျော်စွာ ကတော့၊ အရပ်ဖက်အဖွဲ့တွေအပေါ်မှာလည်း ရွေးကောက်ပွဲ ကော်မရှင်ဖက်က သံသယမရှိ စေချင်ဘူးလို့  ပြန်လည်တင်ပြပါတယ်။

“ကျတော်တို့လည်း အဲလိုပဲ ကျတော်တို့ကလည်းပဲ သူပြောသလိုပေါ့၊ ဒီ UEC အပေါ်မှာ သံသယ မရှိသလို ကျတော်တို့လုပ်တာလည်း UEC က သံသယ မရှိဖို့ အရေးကြီးတယ်ပေါ့နော်၊ အဲဒါမှ အဲဒါမှ ကျတော်တို့ မိသားစုသဖွယ် လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်”

အရပ်ဖက်လူမှုအဖွဲ့အစည်းတချို့ဟာ နိုင်ငံရေးပါတီတွေဖက်ကို ဘက်လိုက်တယ်ဆိုတဲ့ သံသယတွေ ကရင်ပြည် နယ် အစိုးရမှာရှိတဲ့အတွက် ဖြေရှင်းရတာတွေရှိခဲ့တယ်လို့လည်း စောကျော်စွာက ဆက်ပြောပါတယ်။

ဒီနေ့ ဆွေးနွေးပွဲကို တက်ရောက်လာတဲ့ Equality Myanmar က အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းကလည်း၊ စိန်ခေါ်မူတွေများမယ့်၂၀၂၀ ရွေးကောက်ပွဲ အောင်မြင်ဖို့က ရွေးကောက်ပွဲကော်မရှင် တစ်ခုတည်းနဲ့ ဆောင်ရွက်နိုင် မှာ မဟုတ်ဘူးလို့ သတင်းထောက်တွေကို ပြောပါတယ်။

“အခုက ဒီရွေးကောက်ပွဲကာလက နည်းနည်းတော့ စိန်ခေါ်မှုများတယ်။ များတယ်ဆိုတာက ဒီ Covid ကြောင့်လည်းဖြစ်နေတယ်။ နောက်တစ်ခါ ရွေးကောက်ပွဲကာလမှာ အရမ်းအချိန် နီးစပ်နေတယ်။ အဲတော့ သေချာတာ ကော်မရှင်နဲ့ ဝန်ထမ်းလောက်နဲ့တော့ ဘယ်လိုမှ ရမှာမဟုတ်ဘူး။ CSO တွေရဲ့ ပါဝင်မှု အရမ်း လိုအပ်တယ်။ နောက်တစ်ခုက ကျတော်တို့မှာ ဘာဖြစ်နေလဲဆိုတော့ ရွေးကောက်ပွဲကာလနဲ့ အခုဖြစ်နေတဲ့ နိုင်ငံတကာရဲ့ Attention ( အာရုံစိုက်မူ) ရနေတဲ့ ဒီအမုန်းစကားတို့၊ နောက် ဆိုရှယ်အွန်လိုင်းမီဒီယာတွေကို အလွဲသုံးစားလုပ်ပြီးတော့ လုပ်တဲ့အခါဖြစ်တော့ အဲဒီတစ်ခုကို ကျတော်တို့တော်တော် သတိထားဖို့ လိုအပ် တယ်”

လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတွေအနေနဲ့ လူမျိုးရေး၊ ဘာသာရေးကို အခြေခံပြီး မဲဆွယ်စည်းရုံး တာတွေ မလုပ်ဖို့လည်း ဦးအောင်မျိုးမင်းက သတိပေးခဲ့ပါတယ်။

ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားတွေအရေး ဆောင်ရွက်နေတဲ့ ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း ( FED ) က ခူးမီရယ်က ရွှေ့ပြောင်းအလုပ်သမားတွေ အလွယ်တကူ မဲပေးနိုင်အောင် ပြည်ပမှာ မဲရုံတွေ ပိုထားပေးဖို့ တောင်းဆိုပါတယ်။

“အဓိကဖြင့် ကျတော် အကြံပြုချင်တာက ဒီထိုင်းငံမှ မဟုတ်ဘူး။ တခြားနိုင်ငံတွေမှာလည်း  ရွှေ့ပြောင်း အလုပ်သမား အများကြီးရှိတယ်။ ရွှေ့ပြောင်းအလုပ်သမားတွေ အများကြီးရှိတဲ့ နေရာမျိုးတွေမှာ မဲရုံထားပေးဖို့ လိုအပ်တယ်ပေါ့။ ထိုင်းနိုင်ငံမှာဆို ရနောင်းဘက်မှာဆို တစ်နေရာထားမလား။ ချင်းမိုင်ဘက်မှာ တစ်နေရာ ထားမလား၊ ဘန်ကောက်ဘက်မှာ တစ်နေရာထားမလား စသည်အားဖြင့် ဒီရွှေ့ပြောင်းအလုပ်သမား အရေ အတွက်များတဲ့ နေရာတွေမှာဆို မဲရုံတစ်ရုံထားပေးဖို့ လိုအပ်တယ်။ ဒီ သံရုံးတစ်ခုတည်းနဲ့ အဆက်အသွယ် လုပ်လို့ရှိရင် အခက်အခဲအများကြီး ဖြစ်စေတာပေါ့နော်”

ထိုင်းနိုင်ငံရောက် မြန်မာ ရွှေ့ပြောင်းအလုပ်သမား အရေအတွက်၊ သုံးသန်းခန့်ရှိမယ်လို့လည်း  ခူးမီရယ်က ခန့်မှန်းပါတယ်။

ပြည်တွင်း ရွှေ့ပြောင်းအလုပ်သမားတွေက နေရာဒေသတစ်ခုမှာ ရက်ပေါင်း ၆၀ နေထိုင်ရင် မဲပေးနိုင်ပေမယ့်၊ ပြည်ပရောက် မြန်မာအလုပ်သမားတွေအတွက်တော့ မလွယ်ကူဘူးလို့လည်း သူ့အတွေ့အကြုံကို ပြောပြသွား ပါတယ်။

အရင်ရွေးကောက်ပွဲတွေ မကျင်းပနိုင်ခဲ့တဲ့ UWSA "ဝ" တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ရှိတဲ့ ၀ ဒေသနဲ့၊ တိုက်ပွဲ တွေကြောင့် နယ်မြေမတည် မငြိမ်ဖြစ်နေတဲ့ ရခိုင်ပြည်နယ် အပါအဝင် မဲဆန္ဒနယ် ၃၃၀ မှာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ ပြည်ထောင်စ ုရွေးကောက်ပွဲကော်မရှင်က ကြေညာထားတာပါ။

ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့တွေရဲ့ တာဝန်ထဲမှာ၊ ရွေးကောက်ပွဲ ကျင်ပရေးနဲ့ ပတ်သက်တဲ့ လိုအပ်ချက်တွေကို ဝေဖန်ထောက်ပြပေးဖို့ဆိုတာ ပါဝင်ပေမယ့် အပြစ်ရှာတဲ့သဘော မယူဆစေလိုဘူးလို့ အကြံပြုသူတွေလည်းရှိပါတယ်။

ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး ဆောင်ရွက်နေတဲ့ ရွေးကောက်ပွဲ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ PACE ရဲ့ အမှုဆောင် ဒါရိုက်တာ စိုင်းရဲကျော်စွာမြင့်ကတော့၊ ဒီနေ့မှာ ရွေးကောက်ပွဲကော်မရှင်နဲ့ သဘောတူညီချက် ရခဲ့တာတွေရှိတယ်လို့ ရှင်းပြပါတယ်။

“အဓိက အားဖြင့်တော့ဗျာ ဒီကျတော်တို့ obsever တွေ စောင့်ကြည့်လေ့လာတဲ့ လုပ်ငန်းစဉ်တွေမှာ သူတို့ အရင် ရွေးကောက်ပွဲတွေမှာ ချန်ထားခဲ့တဲ့ အချက်တွေရှိလေ။ ဥပမာ ဥပဒေ မူဘောင်ကိစ္စတို့ နောက်ပြီးတော့မှ မဲဆန္ဒရှင်တွေနဲ့ ပတ်သက်တဲ့ ကိစ္စ၊ နောက် ခုံရုံးကိစ္စ၊ အဲကိစ္စတွေ ဖြုတ်ချထားတဲ့အတွက်ကြောင့်မို့လို့ ကျတော်တို့ ဒါက အရေးကြီးတယ်၊ ဒီလို လုပ်ငန်းစဉ်တွေ အားလုံးကို ကြည့်ရှုခွင့်ရသင့်တယ်လို့ ပြောတာကို၊ ပြောတော့ အဓိကကတော့ ပြန်ပြောတာက ဒါတွေဟာ စောင့်ကြည့်လေ့လာတဲ့ ကာလအတွင်းမှာ မဟုတ်ဘဲ ဘယ်အချိန်မဆို ကြည့်လို့ရတဲ့အတွက်ကြောင့်မို့လို့ ဒါကို သူတို့ စောင့်ကြည့်လေ့လာမှု သဘောကတော့ဗျာ စောင့်ကြည့်လေ့လာမှု လုပ်လို့ရတယ်ဆိုတဲ့ သဘောပါပဲ”

တိုင်းပြည်အတွက် အရေးကြီးတဲ့ ၂၀၂၀-ရွေးကောက်ပွဲကို လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပတော့မှာ ဖြစ်လို့၊ ကပ်ရောဂါကာလ သုံးလဝန်းကျင် အချိန်အတွင်းမှာ၊ အရပ်ဖက်အဖွဲ့တွေနဲ့ ရွေးကောက်ပွဲကော်မရှင်တို့ ထပ်မံတွေ့ဆုံပြီး ညှိုနှိုင်းဖို့ လိုအပ်တယ်လို့လည်း အရပ်ဖက်အဖွဲ့အစည်းတွေက အကြံပြုသွားပါတယ်။

RFA Burmese
https://www.rfa.org/burmese/news/uec-meet-cso-07172020055620.html
ရွေးကောက်ပွဲဥပဒေတွေအထက်မှာ ဘယ်ပါတီမှ မရှိစေရဟု UEC ကတိပေး ရွေးကောက်ပွဲဥပဒေတွေအထက်မှာ ဘယ်ပါတီမှ မရှိစေရဟု UEC ကတိပေး Reviewed by THITHTOOLWIN on 00:16 Rating: 5
Powered by Blogger.