ရှမ်းတပ်သားသစ်တွေ အရေး တပ်မတော် ထုတ်ပြန်ချက် RCSS/SSA ငြင်းဆို

RCSS/SSA တပ်ဖွဲ့ဝင်အချို့။ (ဓာတ်ပုံ - RCSS/SSA News & Information Department)
တောင်ပိုင်းရှမ်းပြည်တပ်မတော် RCSS/SSA ဌာနချုပ် စစ်သင်တန်းကနေ ထွက်ပြေးလာတဲ့ တပ်သားသစ် ၂၀ ဦးကို UWSA ၀အဖွဲ့က ယာယီထိန်းသိမ်းထားရှိပြီး တပ်မတော်ဘက် အပ်နှံခဲ့ပါတယ်။ အပြည့်အစုံကို နိုင်ကွန်းအိန် စုစည်း တင်ပြထားပါတယ်။

တောင်ပိုင်းရှမ်းပြည်တပ်မတော် RCSS/SSA စစ်သင်တန်းကျောင်းကနေ ထွက်ပြေးလာတဲ့ တပ်သားသစ်တွေကို UWSA ၀အဖွဲ့က တာချီလိတ်မြို့ရှိ နယ်မြေခံတပ်ကို အပ်နှံခဲ့တယ်လို့ တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဗွီအိုအေကို ပြောပါတယ်။

“ကျနော်တို့ ၂၃ ရက်နေ့တုန်းက ည ၁၀ နာရီလောက်မှာ ဖြစ်ပါတယ်။ RCSS/SSA ကနေ ထွက်ပြေးလာတယ် ၂၀ ဦးပေါ့။ ဒီ UWSA ကနေပြီးတော့ ၀ဒေသပေါ့ တပ်ဖာလိုင်မှာ ထိန်းသိမ်းခံရ၊ သူတို့ကို လာရောက်အပ်နှံခဲ့တာ ရှိတယ်။ သူတို့ကို ကျနော်တို့ ဆက်လက်ထိန်းသိမ်းပြီးတော့ လိုအပ်တာတွေ မေးမြန်းလျက်ရှိတယ်။”

စစ်သင်တန်း တက်ရောက်နေတာကနေ ထွက်ပြေးကြတဲ့ အကြောင်းရင်းကို ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက အခုလို ဆက်ပြောပါတယ်။

“သူတို့ကိုတော့ RCSS/SSA က မူးယစ်ဆေးဝါး ဆေးစွဲတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းပြီးတော့ စစ်သင်တန်း ပေးနေတယ်လို့တော့ အကြမ်းဖျင်း သိရပါတယ်။ ထွက်ပြေးရတဲ့ အဓိကအကြောင်းအရင်းကတော့ RCSS/SSA ထဲမှာ မလုပ်ချင်တာရယ်၊ ပင်ပန်းဆင်းရဲတဲ့ အကြောင်းရင်းတွေကြောင့်လို့ အကြမ်းဖျင်း သိရပါတယ်။”

တောင်ပိုင်းရှမ်းပြည်တပ်မတော် RCSS ပြောခွင့်ရ ဒုဗိုလ်မှူးကြီး စိုင်းအုမ်ခေးကတော့ တပ်မတော်ကနေ ထုတ်ပြန်တဲ့ သတင်းဟာ မှန်ကန်မှုမရှိဘူးလို့ ငြင်းဆိုပါတယ်။

“လုံးဝ မဟုတ်မမှန် ကြံဖန်ပြီးတော့ လုပ်နေတဲ့သတင်း ဖြစ်နေတယ်နော်။ လုံးဝ မမှန်ကန်ဘူးနော်။ ဘာသက်သေ သာဓကမှ မရှိဘဲနဲ့ အဲဒီလိုမျိုး ရေးတင်ရဲတယ်ဆိုတော့ ကျနော်တို့ တော်တော်အံ့သြဖို့ ကောင်းတာပေါ့နော်။ ယုံကြည်မှုတည်ဆောက်နေတဲ့ အချိန်မျိုးမှာ အဲဒီလိုမျိုး သတင်းထွက်လိုက်တော့ ယုံကြည်မှုကို လျော့ကျစေတယ်ပေါ့နော်။ စီမံချက်ရှိရှိနဲ့ တမင်တကာ တင်လိုက်တာလား တော်တော် သံသယဖြစ်နေမိတာပေါ့နော်။”

UWSA လားရှိုးမြို့ ဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းကတော့ ဒီဖြစ်စဉ်ကို မသိရှိသေးဘူးလို့ ပြောပါတယ်။

“ကျနော် ခရီးလွန်နေလို့ အဲဒီကိစ္စ ကျနော် မသိရဘူးဖြစ်နေတယ်။”

UWSA တောင်ပိုင်းဆက်ဆံရေးမှူးကို ဆက်သွယ်ရာမှာ ဆက်သွယ်လို့ မရခဲ့ပါဘူး။

တောင်ပိုင်းရှမ်းပြည်တပ်မတော် RCSS နဲ့ UWSA ၀ပြည်သွေးစည်းညီညွတ်ရေး တပ်ဖွဲ့ဟာ ရှမ်းပြည်နယ် အရှေ့ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာ နယ်မြေပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး စစ်ရေးတင်းမာမှု ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။

ပြည်ထောင်စုအင်စတီကျု သုတေသနဌာန တာဝန်ခံ စိုင်းထွန်းအောင်လွင်က ဒီအခြေအနေကို အခုလိုပြောပါတယ်။

“စစ်အစိုးရလက်ထက် အထူးသဖြင့်ကတော့ UWSA တာချီလိတ်အောက်ဘက် လွယ်လန်းကနေပြီး ရှမ်းတောင်ပိုင်းအထိ ထိုင်းနယ်စပ်တလျှောက်က အရင်က ရှမ်းတပ်ဖွဲ့တွေ အခြေစိုက်တဲ့ နယ်မြေတွေမှာ နေရာပေးစကတည်းက စဖြစ်တာပေါ့နော်။ ဒီ ၉၆ တို့ နောက်ပိုင်းမှာ အထူးသဖြင့်ကတော့ ၂၀၀၀ ပတ်ဝန်းကျင်မှာ တိုက်ပွဲတွေ အကြီးအကျယ်ဖြစ်တယ်။ UWSA ကလည်း နယ်တွေဘာတွေ တိုးလိုတာတွေ လုပ်တယ်။ စစ်တပ်နဲ့ ဘာနဲ့ ပြေလည်ရင် တိုးတော့ တင်းမာမှုကတော့ ဖြစ်တယ်။”

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်တုန်းကလည်း RCSS အဖွဲ့ရဲ့ တပ်သားတွေကို UWSA ၀ပြည်သွေးစည်းညီညွတ်ရေး တပ်ဖွဲ့ကနေ ဖမ်းဆီးရမိပြီး မြန်မာစစ်တပ်ဘက်ကို အပ်နှံခဲ့တဲ့ ဖြစ်စဉ်တွေ ရှိခဲ့တယ်လို့ စိုင်းထွန်းအောင်လွင်က ပြောပါတယ်။

၀တပ်ဖွဲ့ဟာ ဗမာပြည်ကွန်မြူနစ်ပါတီကနေ ခွဲထွက်လာပြီးနောက်ပိုင်း နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး စစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲခဲ့ပါတယ်။ ရှမ်းပြည်နယ်ဘက်မှာ ၀တပ်ဖွဲ့အတွက် နေရာချထားပေးပြီးနောက်မှာ တောင်ပိုင်းရှမ်းပြည်တပ်မတော် RCSS နဲ့ စစ်ရေးတင်းမာခဲ့ပါတယ်။

တောင်ပိုင်းရှမ်းပြည်တပ်မတော် RCSS/SSA အဖွဲ့ဟာ မြန်မာအစိုးရနဲ့ NCA အပစ်ရပ် လက်မှတ်ရေးထိုးပြီးသားအဖွဲ့ ဖြစ်ပေမယ့် မြန်မာစစ်တပ်နဲ့တော့ မကြာခနဆိုသလို တိုက်ပွဲဖြစ်ပွားနေပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်နေ့မှာ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတုံမြို့နယ်အတွင်း RCSS/SSA ရှမ်းလက်နက်ကိုင်အဖွဲ့နဲ့ မြန်မာ့တပ်မတော်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သလို ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကနေ မတ်လ ၃ ရက်နေ့အထိ ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်၊ ကျေးသီးနဲ့ မိုင်းနောင်မြို့နယ်တို့မှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

မြန်မာတပ်မတော်အနေနဲ့ ရှမ်းပြည်နယ်ဘက်မှာ အပစ်ရပ် ကြေညာထားတယ် ဆိုပေမယ့် တအာင်းပလောင် TNLA အဖွဲ့နဲ့ အစဉ်လိုလို တိုက်ပွဲဖြစ်ပွားနေပြီး တောင်ပိုင်းရှမ်းပြည်တပ်မတော် RCSS၊ မြောက်ပိုင်းရှမ်းပြည်တပ်မတော် SSPP/SSA၊ ကချင်လွတ်လပ်ရေးအဖွဲ့ KIA၊ ကိုးကန့်တပ်ဖွဲ့တို့နဲ့လည်း မကြာခန တိုက်ပွဲဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။

နိုင်ကွန်းအိန်  / ဗွီအိုအေ ( မြန်မာပိုင်း)
https://burmese.voanews.com/a/rcss-ssa/5517606.html
ရှမ်းတပ်သားသစ်တွေ အရေး တပ်မတော် ထုတ်ပြန်ချက် RCSS/SSA ငြင်းဆို ရှမ်းတပ်သားသစ်တွေ အရေး တပ်မတော် ထုတ်ပြန်ချက် RCSS/SSA ငြင်းဆို Reviewed by THITHTOOLWIN on 19:52 Rating: 5
Powered by Blogger.