ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ရှမ်း၊ မွန်၊ ကရင်၊ ကယားနဲ့ ပဲခူးတိုင်းတို့မှာ ဝင်ပြိုင်မယ်

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်
လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ပါတီဟာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသပြင်ပ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်နဲ့ ပဲခူးတိုင်းက မဲဆန္ဒနယ်တချို့က ပအိုဝ်းတိုင်းရင်းသားအများစုရှိတဲ့ ဒေသတွေမှာပါ ရွေးကောက်ပွဲ ဝင်ပြိုင်တော့မယ်လို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ကပြောခွင့်ရ ခွန်သိန်းဖေက ပြောပါတယ်။

၂၀၁၀ နဲ့ ၂၀၁၅ ရွေးကောက်ပွဲတွေမှာတော့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ဟာ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတွေမှာပဲ ဝင်ပြိုင်ခဲ့တာလည်းဖြစ်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ ဒီလိုပြိုင်ဖို့အတွက် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ဟာ ကြံ့ခိုင်ရေးပါတီနဲ့ ရွေးကောက်ပွဲဆိုင်ရာ မဟာမိတ် ညှိနှိုင်းမှုကို ရပ်ဆိုင်းခဲ့တယ်လို့လည်း ဆိုပါတယ်။

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ဟာ အရင်ကတော့ စစ်အစိုးရအဖွဲ့ဝင်ဟောင်းတွေပါတဲ့ ကြံ့ခိုင်ရေးပါတီနဲ့ နီးကပ်တဲ့ ဆက်ဆံရေးတွေရှိခဲ့ပါတယ်။
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ကိုယ်စားလှယ်လောင်းတွေမှာ လူငယ်တွေပါဝင်လာ
ဒေသခံလူထုရဲ့ဆန္ဒအရ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသထဲက ဆီဆိုင်၊ ဟိုပုံးနဲ့ ပင်လောင်းသုံးမြို့နယ်အပြင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသပြင်ပက ပအိုဝ်းတိုင်းရင်းသားအများစုနေထိုင်တဲ့ မဲဆန္ဒနယ်တွေကို ဝင်ပြိုင်ဖို့ ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ PNO ပြောခွင့်ရ ခွန်သိန်းဖေက ဘီဘီစီကို ပြောပါတယ်။

အခုလို ဆုံးဖြတ်ချက်ကြောင့် ကြံ့ခိုင်ရေးပါတီနဲ့ ရေရှည် မဟာမိတ် ဆက်ဆံရေးကို ထိခိုက်စရာမရှိသလို သဘောထားတူညီတဲ့ အရေးကိစ္စတွေမှာ ဆက်လက်ပူးပေါင်းသွားမယ်လို့ ခွန်သိန်းဖေက ပြောပါတယ်။

အခု PNO ဝင်ပြိုင်တော့မယ့် မဲဆန္ဒနယ်တွေမှာ အင်အားကြီးပါတီကြီးတချို့ရှိပြီးတော့ သူတို့ ဝင်ပြိုင်လာတဲ့အတွက် ပအိုဝ်းမဲတွေကိုတော့ ပါတီကြီးတွေက ရတော့မှာမဟုတ်ဘူးလို့လည်း ခွန်သိန်းဖေက ရှင်းပြပါတယ်။

ဒေသခံတိုင်းရင်းသားတွေရဲ့ ဆန္ဒအရ ခုလို ဆုံးဖြတ်တဲ့ PNO ရဲ့ ဆုံးဖြတ်ချက်ကို တားမြစ်ပိုင်ခွင့်မရှိ သလို မဟာမိတ်ဆက်ဆံရေးကို ထိခိုက်စရာမရှိဘူးလို့ ကြံ့ခိုင်ရေးပါတီပြောခွင့်ရသူ ဒေါက်တာ နန္ဒာလှမြင့်က ဘီဘီစီကိုပြောပါတယ်။

PNOက ကြံ့ခိုင်ရေးနဲ့ ညှိနှိုင်းပြီး ဝင်မပြိုင်ခဲ့တဲ့ ဒေသတွေမှာ ၂၀၁၀ ရွေးကောက်ပွဲတုန်းက ကြံ့ခိုင်ရေးနိုင်ခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲမှာတော့ NLD နိုင်ထားတာဖြစ်ပါတယ်။

အခု PNO နေရာ အချို့မှာတိုးပြီး ဝင်ပြိုင်မယ်ဆိုတဲ့အတွက် ကြံ့ခိုင်ရေးပါတီရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေး အတွက် အပြောင်းအလဲကြီးကြီးမားမားမရှိဘူးလို့လည်း ဒေါက်တာနန္ဒာလှမြင့်က ပြောပါတယ်။
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ဗဟိုကော်မတီ အစည်းအဝေး
PNO ဟာ ပြီးခဲ့တဲ့ရွေးကောက်ပွဲနှစ်ကြိမ်လုံးမှာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေမှာ အနိုင်ရထားတာဖြစ်ပြီး အခု ဝင်ပြိုင်မယ့် ပအိုဝ်းတိုင်းရင်းသား အများစုနေထိုင်တဲ့ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်နဲ့ ပဲခူးတိုင်းက မဲဆန္ဒနယ်တချို့မှာပါ အနိုင်ရဖို့ ယုံကြည်တယ်လို့ ခွန်သိန်းဖေက ပြောကြားခဲ့ပါတယ် ။

လာမယ်ရွေးကောက်ပွဲမှာ မဲဆန္ဒနယ် ပေါင်း၃၅ နယ် အထိဝင်ပြိုင်မှာဖြစ်ပြီး ကိုယ်စားလှယ်လောင်းတွေထဲမှာလူငယ် ၅၀ ရာခိုင်နှုန်းပါဝင်တယ်လို့လည်း PNO ရဲ့ထုတ်ပြန်ချက်တွေ အရသိရပါတယ်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးတဲ့ အချိန်ကစပြီးပအိုဝ်းတိုင်းရင်းသားပါတီတစ်ခုအနေနဲ့ မဲဆန္ဒနယ် အများဆုံးဝင်ပြိုင်တာဖြစ်ကြောင်းနဲ့ အမျိူးသမီးကိုယ်စားလှယ်ပါဝင်မှုက ၁၅ ရာခိုင်နှုန်းခန့်ရှိတယ်လို့လည်း PNO ကပြောပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-53582699
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ရှမ်း၊ မွန်၊ ကရင်၊ ကယားနဲ့ ပဲခူးတိုင်းတို့မှာ ဝင်ပြိုင်မယ် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ရှမ်း၊ မွန်၊ ကရင်၊ ကယားနဲ့ ပဲခူးတိုင်းတို့မှာ ဝင်ပြိုင်မယ် Reviewed by THITHTOOLWIN on 05:22 Rating: 5
Powered by Blogger.