မွန်ကိုယ်စားလှယ်အချို့အပါအဝင် NLD ကိုယ်စားလှယ်လောင်းအချို့ကို ကန့်ကွက်သူတွေရှိလို့ ပြန်စိစစ်နေ

NLD ပါတီရဲ့ကိုယ်စားလှယ်လောင်းတွေကို ကန့်ကွက်သူတွေရှိနေ
မွန်ပြည်နယ် ကိုယ်စားလှယ်လောင်းအချို့အပါအဝင် ကိုယ်စားလှယ်လောင်းတချို့ကို ကန့်ကွက်တိုင်ကြားတာတွေရှိလာတဲ့အတွက် ပါတီဗဟိုကော်မတီကနေ ပြန်လည်စိစစ်နေတယ်လို့ NLD ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွှန့်က ဘီဘီစီကိုပြောပါတယ်။

လာမယ့် ၂၀၂၀၂ ရွေးကောက်ပွဲအတွက် NLD ပါတီကိုယ်စားပြုယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းစာရင်း ကို ဇူလိုင် ၂၃ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာဖြစ်ပြီး ဒီထဲကကိုယ်စားလှယ်လောင်း အချို့ကို မကျေနပ်တဲ့အတွက် ပါတီဝင်တွေနဲ့ ပါတီဝင်မဟုတ်ပေမဲ့ ပါတီကိုထောက်ခံသူတွေက လက်မှတ်ရေးထိုးပြီး ကန့်ကွက်နေကြတာဖြစ်ပါတယ်။

''အမှုအခင်းလေးတွေရှိနေတာမျိုး၊ ကျန်းမာရေးမကောင်း၊ ချို့ယွင်းတယ်ဆိုတဲ့ဒါမျိုးတွေပါ။ ကန့်ကွက်ချက်တွေကို အဖွဲ့က တောက်လျှောက်ကို စိစစ်နေပါတယ်။ သုံးလေးဦးလောက်ကိုတော့ ကိုယ်စားလှယ်လောင်းထောက်ခံစာ ခဏဆိုင်းထားတာရှိပါတယ်။ ဒီရက်ပိုင်းအတွင်းမှာပဲ ပြန်ပြီးတော့ကျလာမှာပါ စိစစ်ချက်က''လို့ ဒေါက်တာမျိုးညွှန့်က ပြန်လည်စိစစ်နေတဲ့ အခြေအနေကို ပြောပြပါတယ်။

ပါတီ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင်မယ့်သူတွေဟာ ပါတီရဲ့ကိုယ်စားလှယ်လောင်းဖြစ်ကြောင်း ထောက်ခံစာရမှသာ ရွေးကောက်ပွဲကော်မရှင်ကို အမည်စာရင်း တင်သွင်းပြီး ပါဝင်ယှဉ်ပြိုင်နိုင်မှာဖြစ်ပါတယ်။

ကန့်ကွက်ခံရသူကိုယ်စားလှယ်လောင်းတွေထိခိုက်နိုင်တဲ့အတွက်ဘယ်သူတွေဆိုတာ ထုတ်ဖော်မပြောနိုင်ဘူးလို့ ဒေါက်တာမျိုးညွှန့်ကပြောပေမဲ့ မွန်ပြည်နယ်၊ မုဒုံမြို့နဲ့ ချောင်းဆုံမြို့နယ်က ကိုယ်စားလှယ်အချို့ကိုတော့ ကန့်ကွက်ကြောင်း လက်မှတ်ရေးထိုးစုဆောင်းတာတွေရှိနေပါတယ်။

'' ယုံကြည်မှုအားနည်းလာလို့ပါ။ အခုပြန်ပါလာတဲ့ဦးစောထွန်းဆိုလည်းကိုယ့်မြို့အတွက် ပြီးခဲ့တဲ့ လွှတ်တော်သက်တမ်း ငါးနှစ်အတွင်း ဘာတစ်ခုမှ စွမ်းဆောင်ခဲ့တဲ့ အပိုင်းမပြနိုင်ဘူး။ ပုဂ္ဂိုလ်ရေးမုန်းလို့မဟုတ်ဘူး။ အခုက ကန်ပိန်းလုပ်လိုက်တဲ့သဘောပေါ့''လို့ ကန့်ကွက်ရာမှာပါဝင်သူတစ်ဦးဖြစ်တဲ့ NLDပါတီကိုထောက်ခံသူ မုဒုံမြို့နယ်အရပ်ဖက်အဖွဲ့အစည်းက ဦးဇော်မင်းဦးက ဘီဘီစီကိုပြောပြပါတယ်။
ချောင်းဆုံမြို့နယ်ဟာ တံတားအမည်ပေးတာနဲ့ပတ်သက်ပြီး ကန့်ကွက်ဆန္ဒပြတာတွေရှိခဲ့တဲ့မြို့နယ်တစ်ခုဖြစ်
ကန့်ကွက်ခံရတဲ့ထဲမှာ မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ကိုယ်စားပြု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းနေရာက ဝင်ရောက် ယှဉ်ပြိုင်မယ့်သူအချို့လည်းပါတယ်လို့သိရပါတယ်။

ချောင်းဆုံမြို့နယ်ဟာ တံတားအမည်ပေးတာနဲ့ပတ်သက်ပြီး ကန့်ကွက်ဆန္ဒပြတာတွေရှိခဲ့တဲ့မြို့နယ်တစ်ခုဖြစ်သလို ၂၀၁၅ ခုနှစ်က NLDကအနိုင်ရခဲ့တဲ့နေရာဖြစ်ပေမဲ့ ၂၀၁၇ ကြားဖြတ် ရွေးကောက်ပွဲမှာတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးပါတီ ကိုယ်စားလှယ်က အနိုင်ရရှိခဲ့တဲ့နေရာတစ်ခုလည်းဖြစ်ပါ တယ်။

အလားတူ ကလောမြို့နယ်က လွှတ်တော် ကိုယ်စားလှယ်ဟောင်းအဖြစ် ပြန်လည်ပါဝင်လာသူ ကိုယ်စားလှယ်လောင်းကိုလည်း မြေရာ အမှုအခင်း ကိစ္စတွေရှိနေသလို ကိုယ်စားလှယ်သက်တမ်း အတွင်း လူထုတွေ့ဆုံပွဲလုပ်တာတွေမရှိတာ၊ ကြယ်ပွင့်ပြမေးခွန်း မေးမြန်းတာတွေ မရှိတာကြောင့် ဒေသခံNLD ပါတီဝင်တွေအနေနဲ့ ကန့်ကွက်တာတွေရှိခဲ့ပေမဲ့လည်း ကိုယ်စားလှယ်လောင်း အဖြစ် ပြန်လည်ပါဝင်တာတွေလည်းရှိနေတယ်လို့ ကလော NLDပါတီဝင် ဦးထိန်လင်းကပြောပြပါတယ်။

လက်ရှိမှာ ကိုယ်စားလှယ်လောင်းအချို့ကို ကန့်ကွက်သူတွေရှိနေပေမဲ့လည်း ဒီကိုယ်စားလှယ်လောင်းတွေ နေရာကို ပြန်လည်အစားထိုးမထိုးဆိုတာကတော့ ဖြစ်စဉ် တစ်ခုချင်းအပေါ် မူတည်မှာဖြစ်ပြီး စိစစ်နေဆဲဖြစ်လို့ မှတ်ချက်ပြုဖို့တော့စောသေးတယ်လို့လည်းဒေါက်တာမျိုးညွှန့်ကပြောပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-53550195
မွန်ကိုယ်စားလှယ်အချို့အပါအဝင် NLD ကိုယ်စားလှယ်လောင်းအချို့ကို ကန့်ကွက်သူတွေရှိလို့ ပြန်စိစစ်နေ မွန်ကိုယ်စားလှယ်အချို့အပါအဝင် NLD ကိုယ်စားလှယ်လောင်းအချို့ကို ကန့်ကွက်သူတွေရှိလို့ ပြန်စိစစ်နေ Reviewed by THITHTOOLWIN on 21:27 Rating: 5
Powered by Blogger.