NLD ကိုယ်စားလှယ်လောင်းစာရင်းမှာ အစ္စလာမ်ဘာသာဝင်တွေ ပထမဆုံးအကြိမ်ပါဝင်

 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အခုလာမယ့် နိုဝင်ဘာလ  ရွေးကောက်ပွဲအတွက်  ရွေးချယ်လိုက်တဲ့ ကိုယ်စားလှယ်လောင်းတွေထဲမှာ ပထမဆုံးအကြိမ်အဖြစ် အစ္စလာမ်ဘာသာဝင် အနည်းငယ် ပါဝင်လာခဲ့ပါတယ်။ အဲဒီသူတွေထဲမှာ နိုင်ငံရေးလှုပ်ရှားမှုတွေအတွက် စစ်အစိုးရလက်အောက်မှာ  ထောင်နှစ်ရှည်ကျခံခဲ့ရတဲ့ ဒေါ်ဝင်းမြမြနဲ့ ကိုစည်သူမောင် တို့လည်းပါဝင်ပါတယ်။

NLD က ပထမဆုံးအကြိမ် အစ္စလာမ်ဘာသာဝင် တချို့ကို လွှတ်တော်ကိုယ်စားလှယ်လောင်းတွေအဖြစ် ရွေးချယ်လိုက်ပါပြီ။ ဗုဒ္ဓဘာသာဝင် အများစုဖြစ်တဲ့ မြန်မာနိုင်ငံမှာ လူမျိုးရေးနဲ့ ဘာသာရေးခွဲခြားဖိနှိပ်မှုတွေ အကျယ်အပြန့် ရှိနေတယ်ဆိုပြီး နိုင်ငံတကာအသိုင်းအဝန်းရဲ့ ပြစ်တင်ရှုတ်ချမှုအပြင်  ပြည်တွင်းမှာလည်း အစွန်းရောက် ဗုဒ္ဓဘာသာဝင်တချို့ရဲ့ ဆန့်ကျင်လှုပ်ရှားမှုတွေကို ရင်ဆိုင်နေရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေအနေနဲ့ အခုလို အစ္စလာမ်ဘာသာဝင် အနည်းငယ်ကို ထည့်သွင်းရွေးချယ်လိုက်တာဟာ နိုင်ငံတကာစံချိန်စံနှုန်းတွေနဲ့ ကိုက်ညီအောင် ကြိုးစားမှုတခုဖြစ်တယ်လို့ ရှုမြင်သူတွေလည်း ရှိပါတယ်။

မန္တလေးတိုင်း စဉ့်ကိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပါဝင်ယှဉ်ပြိုင်ဖို့ NLD က ရွေးချယ်လိုက်သူကတော့ နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ နှစ်ရှည်လများ အကြိမ်ကြိမ်ဖမ်းဆီးခံခဲ့ရပြီး ဒီပဲယင်း အရေးအခင်းမှာ လက်နှစ်ဖက်ကျိုးခဲ့ရသူ၊  စျေးချိုထဲက ဆိုင်တဆိုင် သိမ်းဆည်းခံရမှုအပါအဝင် စစ်အစိုးရ လက်ထက်မှာ မိသားစုတစုလုံး ဒုက္ခမျိုးစုံကြုံခဲ့ရတဲ့ ဒေါ်ဝင်းမြမြပါ။

“ကျမအနေနဲ့က ပါတီခေါင်းဆောင်တွေက တာဝန်ပေးတယ်ဆိုတော့ ဒီတာဝန်ကို ကျမတို့ ကျေဖို့လိုပါတယ်။ နဂိုတုန်းကလဲ လွှတ်တော်ကိုယ်စားလှယ်မဖြစ်လဲ ပါတီဆိုက်က နေပြီးတော့မှ လွှတ်တော်ကိုယ်စားလှယ်တွေ နဲ့ ပူးပေါင်းပြီး အလုပ်တွေလုပ်နေရတာ၊ အခုလဲ အလုပ်လုပ်ရတာ ပိုအားဖြစ်သွားတာ၊ တာဝန်အပေးခံရတာ ကျေလဲကျေနပ်ပါတယ် ဝမ်းလဲသာပါတယ်။ကျမ ဒါ မြန်မာတယောက်အနေနဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် အရွေးခံမှာပါ၊ ဘာသာရေးကိုတော့ မချဲ့ပါဘူးရှင့်။ ကျမ နိုင်ငံရေးလုပ်တာပေါ်မှာ ဗမာလူမျိုးတယောက်အနေနဲ့ တိုင်းပြည်အတွက်ကို ကျမလုပ်တာဖြစ်ပါတယ်။”

နောက်ထပ် မွတ်စလင်ကိုယ်စားလှယ်လောင်းတဦးကတော့ ရန်ကုန်တိုင်းက ကိုစည်သူမောင် ပါ။ သူကတော့ သံဃာတွေ ဦးဆောင်တဲ့ ၂ဝဝ၇ ရွှေဝါရောင်တော်လှန်ရေးမှာ ပါဝင်မှုနဲ့ အကျဉ်းထောင်တွေထဲမှာ ၄ နှစ်ကျော် နေထိုင်ခဲ့ရတဲ့ ကျောင်းသားသမဂ္ဂခေါင်းဆောင်ဟောင်း တဦး ဖြစ်ပါတယ်။

“ကျနော်တို့ရဲ့ နိုင်ငံရေးဘဝမှာ အဲဒီ ဘာသာတရားဆိုတာ မရှိဘူး။ ကျနော်တို့ယုံကြည်တာက အများပြည်သူအတွက် တိုင်းပြည်အတွက် နိုင်ငံအတွက် ဆိုုတဲ့စိတ်နဲ့ဘဲ ခံယူချက်ရှိတယ်။ ရွှေဝါရောင်သံဃာ့အရေးအခင်းမှာပါတဲ့ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံနဲ့ လက်တွဲဆောင်ရွက်ခဲ့တဲ့ ပြယုဂ်က  အင်မတန်လှပတဲ့ ပြယုဂ်တခုဖြစ်တယ်လို့ဘဲ ကျနော်ပြောချင်ပါတယ်။ ကျနော်တို့နိုင်ငံဟာအနာဂတ်ကာလမှာလဲ ဒီလိုမျိုးဘဲ မတူတဲ့လက်တွေ လက်တွဲပြီးတော့ ကျနော်တို့တိုင်းပြည်ရဲ့ အနာဂတ်ကို တည်ဆောက်သွားရမှာဖြစ်တယ်။ အဓိကကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ နိုင်ငံရေးဆိုင်ရာ ရည်မှန်းချက်တွေ မူဝါတွေနဲ့အညီ ကျနော် ကိုယ်စားလှယ်လောင်းတာဝန်ကို ထမ်းဆောင်ရမှာဖြစ်တယ်။ လွှတ်တော်ထဲ ရောက်သွားတဲ့အခါကျရင်လဲ ဒီမိုကရေစီစံနှုန်းနဲ့ မကိုက်ညီတဲ့ ဥပဒေတွေကို ပြင်ဆင်ရမှာ ပြုပြင်ရမှာ ဒီလိုအပိုင်းတွေပေါ့။ လွှတ်တော်နိုင်ငံရေးလမ်းကြောင်းတွေမှာလဲ ကျနော် ပါဝင်ရမဲ့အပိုင်းတွေ ရှိလာမယ်လို့ ယုံကြည်ပါတယ်။ အခု အရေးကြီးဆုံးအချက်ကတော့ ဒီ ၂၀၂၀ ရွေးကောက်ပွဲ အောင်နိုင်ရေးကို အားစိုက်ပြီးတော့ မြို့နယ်က အောင်နိုင်ရေးအဖွဲ့ မြို့နယ်ရဲ့ အလုပ်အမှုဆောင်အဖွဲ့တွေနဲ့ တိုင်ပင်ပြီး ပါဝင်ဆောင်ရွက်သွားမှာပါခင်ဗျ ”

နိုင်ငံရေးအကျဉ်းသားဟောင်း အယ်ဒီတာ မျိုးမြင့်ညိမ်း ကလည်း နိုင်ငံရေးကို ဘာသာရေးလူမျိုးရေးနဲ့ ရောထွေးရှုမြင်တာဟာ  အစွန်းရောက်ဝါဒီတွေရဲ့ ဆွေးမြေ့နေတဲ့ အယူအဆပဲလို့ ဝေဖန်ပါတယ်။

“ NLD ခေါင်းဆောင်ပိုင်းတွေဟာလည်း နိုင်ငံရေးနဲ့ ဘာသာရေးကို ရောယှက်စဉ်းစားတဲ့သူတွေ မဟုတ်ပါဘူး။  မြန်မာပြည်လွတ်လပ်ရေးသမိုင်းကို ပြောမယ်ဆိုရင်လည်း ဦးရာရှစ်၊ ဦးရာဇတ်၊ သခင်ဘသောာင်း စတဲ့ ပုဂ္ဂိုလ်မျိုးတွေကို ထည့်ပြောရမှာပဲလေ။ ဒီမိုကရေစီမှာ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ရှိတယ်ဆိုတာကို ယုံကြည်လို့ရှိရင် ဘာသာရေးနဲ့ နိုင်ငံရေးနဲ့ မရောထွေးပဲ ဒီလူဟာ တိုင်းပြည်အတွက် ဘယ်လောက်ကောင်းအောင်လုပ်နိုင်သလဲ၊ ပြည်သူလူထုကို ဘယ်လောက် ကိုယ်စားပြုသလဲဆိုတာတွေ အပေါ်မှာပဲ မူတည်ပြီး စဉ်းစားစေချင်ပါတယ်”

ဝေဖန်သူတချို့ကတော့ အခုလို အစ္စလာမ်ဘာသာဝင်အနည်းငယ် ပါဝင်လာတာကို ကြိုဆိုပေမယ့် ဘာသာပေါင်းစုံကိုယ်စားပြုတဲ့ ကိုယ်စားလှယ်တွေ အခုထက် ပိုမိုပါဝင်သင့်တယ်လို့ ပြောပါတယ်။ အခုရွေးချယ်လိုက်တဲ့ NLD ကိုယ်စားလှယ်တွေထဲမှာ ဗုဒ္ဓဘာသာဝင်မဟုတ်သူ ဘယ်လောက်ပါသလဲဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။

ခင်မောင်စိုး / RFA Burmese
https://www.rfa.org/burmese/news/muslim-candidates-will-run-coming-up-elections-from-nld-party-for-the-first-time-07232020190054.html
NLD ကိုယ်စားလှယ်လောင်းစာရင်းမှာ အစ္စလာမ်ဘာသာဝင်တွေ ပထမဆုံးအကြိမ်ပါဝင် NLD ကိုယ်စားလှယ်လောင်းစာရင်းမှာ အစ္စလာမ်ဘာသာဝင်တွေ ပထမဆုံးအကြိမ်ပါဝင် Reviewed by THITHTOOLWIN on 08:41 Rating: 5
Powered by Blogger.