၂၀၂၀ ရွေးကောက်ပွဲ-NLD ပါတီရဲ့အမာခံ ဒေါ်ဝင်းမြမြရဲ့ နိုင်ငံရေးဖြတ်သန်းမှု

ဒေါ်ဝင်းမြမြဟာ ထောင်ခဏခဏကျခံရပေမဲ့ တွန့်ဆုတ်မှုမရှိဘဲ NLD ပါတီတာဝန်တွေကို မပျက်မကွက်ထမ်းဆောင်ခဲ့ပါတယ်။
ဒေါ်ဝင်းမြမြကို မန္တလေးတိုင်းမှာ NLD ပါတီရဲ့ အမာခံ သစ္စာရှိသူတစ်ဦးလို့ လူသိများသလို စစ်အစိုးရ လက်ထက် နိုင်ငံရေးဖိနှိပ်မှုတွေအောက် တစ်မိသားစုလုံး အကျဉ်းကျခံရသူ၊ နိုင်ငံရေးလုပ်လို့ ပိုင်ဆိုင်တဲ့စီးပွားရေး လုပ်ငန်းတွေ ထိခိုက်ခံခဲ့သူအဖြစ်လည်း သိကြပါတယ်။

NLD ပါတီက နိုဝင်ဘာရွေးကောက်ပွဲ ဝင်ပြိုင်ဖို့ ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်လောင်း ၁၁၃၂ ဦးထဲမှာ မန္တလေးက နိုင်ငံရေးအကျဉ်းသူဟောင်း ဒေါ်ဝင်းမြမြ ပါဝင်ခဲ့ပါတယ်။

ဖိနှိပ်မှုတွေအောက် ထောင်အကြိမ်ကြိမ်ကျခဲ့ပေမဲ့ ထောင်က ပြန်ထွက်လာတိုင်း ထောက်လှမ်းရေးတွေ မပြတ်တမ်းစောင့်ကြည့်နေတဲ့ကြားက NLD ပါတီကို အဝင်အထွက်မပျက်၊ ပါတီအလုပ်တွေ မပြတ်တမ်း လုပ်ခဲ့တဲ့သူဖြစ်ပါတယ်။

ထောင်မကြောက်တန်းမကြောက်ဘဲ သူယုံကြည်ရာကို ရဲရဲဝံ့ဝံ့လုပ်ခဲ့တာကြောင့် ၂၀၁၅ ရွေးကောက်ပွဲမှာ ဒေါ်ဝင်းမြမြကို လွှတ်တော်အမတ်အဖြစ် NLD ပါတီက ရွေးချယ်ယှဉ်ပြိုင်စေမယ်လို့ အများက မျှော်လင့်ထားခဲ့ကြပါတယ်။

ဒါပေမဲ့ ဒေါ်ဝင်းမြမြ ရွေးကောက်ပွဲမဝင်ခဲ့ပါဘူး။

အဲဒီအချိန်တုန်းက ဒေါ်ဝင်းမြမြအပါအဝင် အစ္စလာမ်ဘာသာဝင်တွေကို NLD က ကိုယ်စားလှယ်လောင်းအဖြစ် မရွေးချယ်ခဲ့ဘူးဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့တာပါ။

ပါတီဘက်ကတော့ ဒါနဲ့ပတ်သက်လို့ မူဝါဒ ရှိတယ်လို့ ထုတ်ပြန်ပြောဆိုတာ မရှိခဲ့ပါဘူး။

ဒေါ်ဝင်းမြမြကတော့ ၂၀၁၅ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း လျှောက်လွှာတင်ခဲ့ပေမဲ့ တခြားလုပ်ငန်းတစ်ခုကို ဦးစားပေး လုပ်ချင်တာကြောင့် နောက်ပိုင်းမှာ လျှောက်လွှာကို ပြန်ရုပ်သိမ်းခဲ့တယ်လို့ ပြောပါတယ်။

ဒါပေမဲ့ အထက်မှာဆိုခဲ့သလို အစ္စလာမ်ဘာသာဝင်မို့ အဲဒီတုန်းက ကိုယ်စားလှယ်လောင်းစာရင်းမှာ ကျန်ခဲ့တာမျိုးလားလို့ မေးတဲ့အခါမှာ ဒေါ်ဝင်းမြမြက

"ကျွန်မတို့ ပါတီမူဝါဒကတော့ ဒီလိုမရှိပါဘူး။ ဒါပေမဲ့ အခြေအနေအကြောင်းကြောင်းကြောင့် ကျွန်မတို့ပါတီ၊ ကျွန်မတို့ ခေါင်းဆောင်က ချန်ခဲ့တာ ရှိကောင်းရှိမယ်။ ဒါပေမဲ့ ကျွန်မတို့ခေါင်းဆောင်သည် နိုင်ငံတစ်နိုင်ငံလုံးအရေးကို သူက ဦးဆောင်နေရတဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်။ သူ့အနေနဲ့ ဘက်စုံက အခြေအနေ အရပ်ရပ်ကို စဉ်းစားပြီး ဆိုးကျိုးကောင်းကျိုးအားလုံးကို စဉ်းစားပြီး လုပ်တယ်လို့ မြင်တယ်။ ကျွန်မတို့ဟာ နဂိုတည်းက ပါတီကိုရော ကျွန်မတို့ခေါင်းဆောင်ကိုရော ယုံကြည်တယ်။ ကျွန်မတို့ ခေါင်းဆောင်က ကျွန်မတို့ကို ဘာတာဝန်ပေးမတုန်း၊ ဘာခိုင်းမတုန်း၊ ကျွန်မတို့ခေါင်းဆောင် လိုအပ်တာကိုဖြည့်ဆည်းဖို့ နောက်လိုက်အနေနဲ့ရှိနေပါတယ်။ အဲဒီတော့ ကျွန်မတို့မှာတော့ ဒီလိုမျိုးရှိခဲ့လည်း ဘယ်လိုမှမအောက်မေ့ပါဘူး။ ကျွန်မတို့ သဘောပေါက်ပါတယ်" လို့ ဆိုပါတယ်။

NLD ပါတီကို ဘာကြောင့် ဝင်ခဲ့တာလဲ

ဒေါ်ဝင်းမြမြဟာ ၁၉၈၈ ခုနှစ် မတိုင်ခင်အထိ သာမန်အရပ်သူတစ်ဦးဖြစ်ပြီး ဘာနိုင်ငံရေးမှမလုပ်ခဲ့သလို ဘယ်ပါတီဘယ်အဖွဲ့စည်းမှ မဝင်ခဲ့သူပါ။

၁၉၈၈ ခုနှစ်မှာ ဒီမိုကရေစီအရေးတော်ပုံနဲ့အတူ နိုင်ငံတစ်ဝန်း ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး တောင်းဆို လှုပ်ရှားမှုတွေမှာ ဒေါ်အောင်ဆန်းစုကြည် ပေါ်ထွန်းလာပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထူထောင် တယ်လို့ ကြားကြားချင်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်အပေါ် ယုံကြည်စိတ်၊ အာဏာရှင်စနစ် ကျဆုံးပြီး ပြည်သူတွေရဲ့ လူ့အခွင့်အရေးတွေ၊ ဒီမိုကရေစီအရေးတွေကို ဒေါ်အောင်ဆန်းစုကြည်ကသာ စွမ်းဆောင်ပေးနိုင်မယ်လို့ ယုံကြည်စိတ်နဲ့ NLD ပါတီကို ဝင်ခဲ့တယ်လို့ ဒေါ်ဝင်းမြမြက ပြောပါတယ်။
ခေါင်းဆောင်အပေါ် သစ္စာရှိစွာနဲ့ ပါတီတာဝန်တွေကို ဆက်လက်ထမ်းဆောင်ခဲ့တယ်လို့ ဒေါ်ဝင်းမြမြက ဆိုပါတယ်။
၁၉၉၀ ပြည့်လွန် နှစ်ကာလတွေဟာ NLD ပါတီ ဆိုင်းဘုတ်ထောင်ရင်၊ ပါတီဝင်တွေဆိုရင် အကြောင်း အမျိုးမျိုးပြပြီး ထောင်ချခံနေရချိန်ပါ။

ဒေါ်ဝင်းမြမြကတော့ ပါတီဝင်စဖြစ်ကတည်းက မြို့နယ် စည်းရုံးရေးကော်မတီတွေဖွဲ့စည်းပြီး ပါတီ ရုံးထိုင် ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ စစချင်းမှာ မြို့နယ်အဆင့်မှာ ပါတီရဲ့ ယာယီဘဏ္ဍာရေးမှူး အဖြစ်နဲ့ ပါတီ လုပ်ငန်းတွေ ဆောင်ရွက်ခဲ့ပါတယ်။

၁၉၉၅ ခုနှစ်၊ ဒီဇင်ဘာမှာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်လာချိန်မှာတော့ တိုင်း နဲ့ပြည်နယ် ပါတီစည်းရုံးရေးအဖွဲ့တွေမှာ လူအင်အား လျော့နည်းနေတာကို ပြန်ဖြည့်ဖို့ ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီမှာ ဒေါ်ဝင်းမြမြဟာ မန္တလေးတိုင်းအတွင်း စည်းရုံးရေးတွေလုပ်ဖို့ NLD ပါတီရဲ့ တိုင်းအလုပ်အမှုဆောင် ဖြစ်လာခဲ့ပါတယ်။

၂၀၁၃ ခုနှစ်မှာတော့ တိုင်းနဲ့ပြည်နယ်အဆင့် NLD ပါတီဖွဲ့စည်းမှုကို ညီလာခံခေါ်ယူပြီး ဖွဲ့စည်းတဲ့အခါ မန္တလေးတိုင်းလုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌအဖြစ် ရွေးချယ် တင်မြှောက်ခံခဲ့ရပါတယ်။

ဒီတာဝန်ကို အခုချိန်ထိ ထမ်းဆောင်နေတာ ဖြစ်ပါတယ်။

တစ်မိသားစုလုံး ထောင်ချခံရ

၁၉၈၉ ခုနှစ်နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကာလတွေ စတင်ချိန်ကစလို့ ဒေါ်ဝင်းမြမြအပါအဝင် ပါတီဝင်တွေအများစုဟာ ထောက်လှမ်း ရေးတွေရဲ့ မျက်ခြည်မပြတ် စောင့်ကြည့်တာခံခဲ့ရပါတယ်။

ထောက်လှမ်းရေးတွေဟာ ဒေါ်ဝင်းမြမြကို မကြာခဏ ခေါ်ယူစစ်ဆေးမေးမြန်းခဲ့ကြပါတယ်။ တိုင်းအလုပ် အမှုဆောင်ဖြစ်လာချိန် ၁၉၉၅ ခုနှစ်မှာတော့ စတင်ခေါ် ယူထိန်းသိမ်းခံခဲ့ရပါတယ်။
ဒေါ်ဝင်းမြမြဟာ စဉ့်ကိုင်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
NLD ပါတီအနိုင်ရခဲ့တဲ့ ၁၉၉၀ ၊ မေလ မှာ ကျင်းပခဲ့တဲ့ရွေးကောက်ပွဲအောင်နိုင်ခဲ့တဲ့နေ့နဲ့ NLD ပါတီ စတင် တည်ထောင်တဲ့ စက်တင်ဘာလတွေဆို ထောက်လှမ်းရေး တွေက သူအပါအဝင် တိုင်းအလုပ်အမှုဆောင်တွေကို ခေါ်ထိန်းသိမ်းလေ့ရှိတယ်လို့ ဆိုပါတယ်။

"တစ်နှစ်ကို နှစ်ကြိမ် နှစ်ကြိမ် ခေါ်ထိန်းသိမ်းတယ်။ ရက်အနေနဲ့ကတော့နှစ်လ၊ သုံးလ၊ လေးလ ဖြစ်ရင် ဖြစ်မယ်။ ကျွန်မတင်မကဘူး။ တိုင်းအလုပ်အမှုဆောင် တွေအကုန်လုံးက ထိန်းသိမ်းခံရတယ်။ အကြိမ်ကြိမ်ပဲ။ ၂၀၀၀ ပြည့်နှစ်ထိ အဲဒီလို ထိန်းသိမ်းခံရတယ်။ ၂၀၀၀ မှာ ကျွန်မကို ခေါ်ထိန်းသိမ်းတော့ မန္တလေး အကျဉ်းထောင်ထဲရောက်တယ်။ အဲဒီအချိန်မှာ မန္တလေးထောင်ထဲမှာ ကျွန်မအစ်ကိုရယ်၊ ကျွန်မ ညီမ သုံးယောက်ရယ်က Yellow Campaign လှုပ်ရှားမှုကြောင့်မို့လို့ နှစ်ရှည်ပြစ်ဒဏ်တွေကျပြီး ရောက်နှင့်ပြီးသား။ သို့သော် ကျွန်မတစ်ယောက်တည်း ကျန်နေပေမဲ့ လို့လည်း ကျွန်မကိုပါ ထိန်းသိမ်းတဲ့အလုပ်ကို သူတို့ အပျက်မခံဘူး" လို့ ဒေါ်ဝင်းမြမြကပြောပါတယ်။

တစ်ထောင်တည်းမှာ မောင်နှမတွေရောက်နေပေမဲ့ တစ်ဦးနဲ့တစ်ဦး တွေ့ခွင့်မရသလို တစ်အုပ်စုလုံးကို အရေးကြီးအုပ်စုအဖြစ် သတ်မှတ်စောင့်ကြည့်ခံခဲ့ရတယ်လို့ သူက ဆက်ပြောပါတယ်။

၂၀၀၁ ခုနှစ်၊ မန္တလေးအကျဉ်းထောင်ကနေ ပြန်လွတ်လွတ်ချင်းမှာပဲ ပါတီတာဝန်တွေကို ဆက်ထမ်းဆောင်ခဲ့ပါတယ်။

ဒီပဲယင်းနဲ့ ရွှေဝါရောင်အတွေ့အကြုံ

၂၀၀၁ ခုနှစ်နောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်အစိုးရတို့အကြား တွေ့ဆုံမှုတွေ လုပ်လာခဲ့တာကြောင့် ၂၀၀၃ ခုနှစ် ဒီပဲယင်းအရေးအခင်းမတိုင်ခင်ထိ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စည်းရုံရေးခရီးစဉ်တွေ တော်တော်များများလုပ်ခွင့်ရခဲ့ပါတယ်။

အထူးသဖြင့် အထက်မြန်မာပြည်ခရီးစဉ်တော်တော်များများမှာ တိုင်းအလုပ်အမှုဆောင်အဖြစ် ဒေါ်ဝင်းမြမြအနေနဲ့ ခရီးစဉ်တွေချောမွေ့ရေးအပါအဝင် တာဝန်တော်တော်များများ အပေးခံခဲ့ရပါတယ်။

ဒါပေမဲ့ ၂၀၀၃ ဒီပဲယင်းဖြစ်စဉ်ကြောင့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင်၊ ပါတီဝင်တွေ၊ မန္တလေးတိုင်းအဆင့် တာဝန်ရှိသူတွေ အကုန် ထိန်းသိမ်းခံခဲ့ရပါတယ်။

အဲဒီနောက် ဒေါ်ဝင်းမြမြဟာ ၂၀၀၄ ခုနှစ်၊ ဇန်နဝါရီ ၁၆ မှာ ပြန်လွတ်လာချိန်မှာ ပါတီ တာဝန်တွေဆက်ထမ်းဆောင်ခဲ့ပါတယ်။

"အဲဒီလိုတွေ အလုပ်လုပ်နေရင်းက ၂၀၀၇ မှာရွှေဝါရောင်တော်လှန်ရေးမှာ တစ်ခါပြန်ဖမ်းခံရတယ်။ ၂၀၀၈ ခုနှစ်မှာ ထောင်ထဲမှာရှိတဲ့ အထူးခုံရုံးတင်တယ်။ နှစ်ရှည်ပြစ်ဒဏ် ၁၂ နှစ်ချတယ်လို့ သိရတယ်။ နောက် လေးနှစ် အယူခံပေးတယ်လို့လည်း သိရပြန်တယ်။ အဲဒီကနေ ကျွန်မကို ပူတာအိုအကျဉ်းထောင်ကို ပို့လိုက်ပါတယ်။ ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီ ၁၃ မှာတော့ ကျွန်မ ပူတာအိုအကျဉ်းထောင်ကနေပြန်လွတ်ပြီး ပါတီတာဝန်တွေထမ်းဆောင်ပါတယ်" လို့ ဒေါ်ဝင်းမြမြကပြောပြပါတယ်။

နိုင်ငံရေးခရီးကြမ်းကို ဘာကြောင့် ဒူပေနာပေ ခံနိုင်ခဲ့သလဲ

ထောင်တွေ ခဏခဏချခံရပြီး ထောင်နှုတ်ခမ်းနင်း နိုင်ငံရေးလုပ်ကြတဲ့ ဒီမိုကရေစီခရီးကြမ်းကို ခံနိုင်ရည်ရှိရှိ ဖြတ်သန်းခဲ့တာဟာ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပေါ် ယုံကြည်စိတ်အပြည့်ရှိလို့ဖြစ်တယ်လို့ ဒေါ်ဝင်းမြမြကပြောပါတယ်။
မန္တလေးတိုင်းဝန်ကြီးချုပ်နဲ့အတူ ယခင် အခမ်းအနားတစ်ခုမှာ တွေ့ရတဲ့ ဒေါ်ဝင်းမြမြ
စစ်အာဏာရှင်လက်အောက်က လွတ်မြောက်ရေး၊ ပြည်သူလူထုရဲ့ လူ့အခွင့်အရေးနဲ့ အခွင့်အရေးတွေကို ပေးနိုင်မယ့် ဥပဒေတွေဖန်တီးပေးရေးနဲ့ ပြည်တွင်းငြိမ်းချမ်း ရေးကို ဒေါ်အောင်ဆန်းစုကြည်ကသာလျှင် ဖန်တီးပေးနိုင်မယ်လို့ ယုံကြည်ချက်ကြောင့် ဘယ်လိုအခက်အခဲအကြပ်အတည်းကိုမဆို ခံနိုင်ရည်ရှိတယ်လို့လည်း သူက ဆက်ပြောပါတယ်။

"အားလုံး သဟဇာတဖြစ်ရေးကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်ပြီးတော့မှ ပါတီ စတည် ထောင်ကတည်းက မိန့်ခွန်းထဲမှာ ဒီစကားတွေပါတယ်။ အဲဒီတော့ ကျွန်မတို့သည် တစ်ချိန်ချိန်မှာ ကျွန်မတို့နိုင်ငံသည် ဒါက အခုတော့ ကျွန်မတို့ပါတီ ငါးနှစ်သက်တမ်းအတွင်းမှာ ကျွန်မတို့ပါတီက တစ်ပိုင်းတစ်စ တော်တော်လေးကို တိုးတက်တဲ့အပိုင်း ရောက်သွားပါပြီ။ ဒါကြောင့် ဒီလိုမျိုးအခြေအနေတစ်ရပ်ကို ကျွန်မတို့က တစ်ချိန်ချိန်မှာ ဖြစ်လာလိမ့်မယ်လို့ ဒေါ်အောင်ဆန်းစုကြည် လုပ်ရင် ဖြစ်လိမ့်မယ်လို့ ကျွန်မတို့က ယုံကြည်တဲ့အတွက် ဘယ်အကြပ်အတည်းကိုမဆို ခံနိုင်သွားတယ်"

ထောက်လှမ်းရေးခေတ်ကတည်းက သူအပါအဝင် NLD ပါတီဝင်တွေကို ပါတီကနေ နုတ်ထွက်ကြဖို့ အမျိုးစုံဖိအားပေးခံခဲ့ရပေမဲ့ နုတ်ထွက်ဖို့ မစဉ်းစားခဲ့သလို ခေါင်းဆောင်အပေါ် သစ္စာရှိစွာနဲ့ ပါတီတာဝန်တွေကို ဆက်လက်ထမ်းဆောင်ခဲ့တယ်လို့ ဒေါ်ဝင်းမြမြက ဆက်ပြောပါတယ်။

ဒေါ်ဝင်းမြမြဟာ လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-53591453
၂၀၂၀ ရွေးကောက်ပွဲ-NLD ပါတီရဲ့အမာခံ ဒေါ်ဝင်းမြမြရဲ့ နိုင်ငံရေးဖြတ်သန်းမှု ၂၀၂၀ ရွေးကောက်ပွဲ-NLD ပါတီရဲ့အမာခံ ဒေါ်ဝင်းမြမြရဲ့ နိုင်ငံရေးဖြတ်သန်းမှု Reviewed by THITHTOOLWIN on 19:37 Rating: 5
Powered by Blogger.