NASA ရဲ့ စက်ရုပ်ကားက အင်္ဂါဂြိုဟ်ပေါ်မှာ သက်ရှိတွေ ရှိခဲ့သလားဆိုတာ ဘယ်လိုရှာမှာလဲ

လက်ရှိ နာဆာလွှတ်တင်မယ့် ပါစဗေးရန့် စက်ရုပ်ကားကတော့ ၁၉၇၀ ဗိုက်ကင်း စီမံကိန်းနောက်ပိုင်းမှာ ပထမဆုံးအကြိမ် အင်္ဂါဂြိုဟ်ပေါ်မှာ ဇီဝဗေဒ အထောက်အထား ရှာဖွေတာ ဖြစ်
အမေရိကန် အာကာသ အေဂျင်စီ (NASA) နာဆာက ပါစဗေးရန့်လို့ အမည်ပေးထားတဲ့ စက်ရုပ်ကားကို ၂၀၂၀ ဇူလိုင်လ ကုန်ပိုင်းလောက်မှာ အင်္ဂါဂြိုဟ်ပေါ်ကို လွှတ်တင်ဖို့ ကနဦး စီစဉ်ထားပြီး ချိုင့်ဝှမ်းကြီးတစ်ခုကို အဓိကထားပြီး သက်ရှိတွေ ရှိခဲ့၊ မရှိခဲ့ စုံစမ်းထောက်လှမ်းမှာ ဖြစ်ပါတယ်။

အင်္ဂါဂြိုဟ်ရဲ့ လက်ရှိအနေအထားအရတော့ သက်ရှိတွေ ရှိဖို့ မဖြစ်နိုင်ဘူးလို့ ယူဆထားပါတယ်။

အကြောင်းကတော့ အင်္ဂါဂြိုဟ်ပေါ်မှာ လေထုအလွှာ အလွန်ပါးလွှာပြီး ရေဒီယို ဓါတ်ရောင်ခြည်သင့်မှု များနေလို့ အပေါ်ယံ မြေသားထုမှာ အပင်ပေါက်လို့ မဖြစ်နိုင်တဲ့အပြင် ရေ ရှိတယ်လို့ ပြောလို့ရပေမဲ့ အေးလွန်းတဲ့အတွက် ရေခဲအဖြစ်သာ တည်ရှိနိုင်ပြီး အငန်ဓာတ်အလွန်များတယ်လို့ နာဆာက ဆိုပါတယ်။

ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃.၅ ဘီလီယံ တုန်းက ဆိုရင်တော့ အင်္ဂါဂြိုဟ်ပေါ်မှာ ရေစီးဆင်းနေတဲ့ လမ်းကြောင်းတွေတောင် ရှိခဲ့တယ်ဆိုတဲ့ အထောက်အထားတွေ တွေ့ထားပြီး အဲဒီ အချိန်က အင်္ဂါဂြိုဟ်ရဲ့ လေထုကလည်း ကာဗွန်ဒိုင်အောက်ဆိုဒ် ပါဝင်မှုများတဲ့အတွက် ရေဒီယို ဓါတ်ရောင်ခြည်သင့်မှု နည်းနိုင်တယ်လို့ ဆိုပါတယ်။

ရေဟာ သက်ရှိဇီဝတိုင်းအတွက် အခြေခံတစ်ခု ဖြစ်တဲ့အတွက် အဲဒီကာလက သက်ရှိတွေလည်း ရှိခဲ့နိုင်တယ်လို့ ယူဆထားတာ ဖြစ်ပါတယ်။
အင်္ဂါဂြိုဟ်ရဲ့ အစဦး နှစ်ပေါင်း ဘီလီယံ ကာလအတွင်းဟာ သက်ရှိတွေ အရှင်သန်နိုင်ဆုံး ကာလ ဖြစ်
၁၉၇၀ ပြည့်လွန် ကာလတွေမှာ နာဆာက ဗိုက်ကင်း စီမံကိန်းနဲ့ အင်္ဂါဂြိုဟ်ပေါ်က မြေသားတွေမှာ အလွန်သေးငယ်တဲ့ ဘက်တီးရီးယား အရွယ် ပိုးမွှားငယ်တွေ ရှိမရှိ စစ်ဆေးခဲ့ပေမဲ့ တိတိကျကျ အဖြေ မထုတ်နိုင်ခဲ့ပါဘူး။

၁၉၉၀ ပြည့်လွန်နှစ်တွေမှာတော့ နာဆာက အင်္ဂါဂြိုဟ် စူးစမ်းလေ့လာရေး စက်ရုပ်ကားကို စေလွှတ်ခဲ့ပြီး အရင်က ရေရှိခဲ့ မရှိခဲ့ ရှာဖွေရာမှာတော့ ရေ ရှိခဲ့တယ် ဆိုတဲ့ ဘူမိဗေဒ အထောက်အထား အမြောက်အများ တွေ့ရှိခဲ့ပါတယ်။

၂၀၁၂ ခုနှစ်မှာ နာဆာက စေလွှတ်ခဲ့တဲ့ ကျူရီရောစတီး စက်ရုပ်ကားကတော့ အင်္ဂါဂြိုဟ်ပေါ်မှာ ယခင်က ရေကန်ကြီးဖြစ်ခဲ့ဖူးတဲ့ ဂေးလ် အမည်ရ ချိုင့်ဝှမ်းမှာ သက်ရှိတွေ ရှိဖို့ အထောက်အကူ ဖြစ်ခဲ့နိုင်တဲ့ ကာဗွန် ဓာတုဗေဒ အထောက်အထားတွေ စတင် တွေ့ရှိခဲ့ပါတယ်။

လက်ရှိ နာဆာလွှတ်တင်မယ့် ပါစဗေးရန့် စက်ရုပ်ကားကတော့ ဇီဝဗေဒ အထောက်အထားကို ရှာဖွေမှာဖြစ်ပြီး ဒါဟာ ၁၉၇၀ ဗိုက်ကင်း စီမံကိန်းနောက်ပိုင်းမှာ ပထမဆုံးအကြိမ် အင်္ဂါဂြိုဟ်ပေါ်မှာ ဇီဝဗေဒ အထောက်အထား ရှာဖွေတာ ဖြစ်တယ်လို့ ကန်ဝီလီဖို့ဒ်က ပြောပါတယ်။

ကန်ဝီလီဖို့ဒ်ဟာ အမေရိကန်နိုင်ငံ ကယ်လဖိုးနီးယားပြည်နယ် ပက်ဆာဒီးနားမြို့မှာရှိတဲ့ နာဆာရဲ့ ဂျက်အင်ဂျင်သုံး တွန်းအားဆိုင်ရာ စမ်းသပ်ခန်းက သိပ္ပံပညာရှင်တစ်ဦးဖြစ်ပြီး လက်ရှိ ပါစဗေးရန့် လွှတ်တင်မယ့် စီမံကိန်းရဲ့ လက်ထောက် သိပ္ပံမှူးလည်း ဖြစ်ပါတယ်။
ယဇီယို ချိုင့်ဝှမ်းနဲ့ ကာဘွန်အထောက်အထား နေရာပြ မြေပုံ (ဝိုင်းထားတဲ့ နေရာမှာ ပါစဗေးရန့် ဆင်းသက်ဖို့ စီစဉ်ထား
လက်ရှိသိထားသလောက် အထောက်အထားအရ ဆိုရင် အင်္ဂါဂြိုဟ်ရဲ့ အစဦး နှစ်ပေါင်း ဘီလီယံ ကာလအတွင်းဟာ သက်ရှိတွေ အရှင်သန်နိုင်ဆုံး ကာလ ဖြစ်မယ်လို့ ခန့်မှန်းထားတယ်လို့ ဒေါက်တာ ဝီလီဖို့ဒ်က ဆိုပြီး အင်္ဂါဂြိုဟ်ရဲ့ စုစုပေါင်း သက်တမ်းကတော့ ၄.၆ ဘီလီယံ ရှိတယ်လို့ ခန့်မှန်းထားတာ ဖြစ်ပါတယ်။

လက်ရှိ ပါစဗေးရန့် စက်ရုပ်ကား ဆင်းသက်မယ့် ယဇီယို ချိုင့်ဝှမ်းဟာ ယခင် ဗိုက်ကင်းစီမံကိန်းတုန်းက စမ်းသပ်ခဲ့တဲ့ ဂေးလ် ချိုင်ဝှမ်းထက် သက်ရှိအထောက်အထား တွေ့ဖို့ ဖြစ်နိုင်ခြေများတယ်လို့လည်း ဆိုပါတယ်။

လက်ရှိစီမံကိန်းရဲ့ စက်ရုပ်ကားက အင်္ဂါဂြိုဟ်ရဲ့ ကျောက်သားကို ဖောက်ပြီး မြေဖြူခဲ အရွယ်အစားရှိတဲ့ ကျောက်သားနမူနာတွေ ရယူပြီး အလုံပိတ်သိမ်းဆည်းကာ အင်္ဂါဂြိုဟ် မျက်နှာပြင်ပေါ်မှာ အမှတ်အသားလုပ်ပြီး ထားခဲ့မှာ ဖြစ်ပါတယ်။

အဲဒီလို ထားခဲ့တဲ့ ကျောက်သား နမူနာတွေကို ကမ္ဘာမြေပေါ် ယူလာဖို့အတွက် နောက်ထပ် စက်ရုပ်ကားတစ်ခု စေလွှတ်ရဦးမှာဖြစ်ပြီး အဲဒီအပိုင်းမှာတော့ ဥရောပ အာကာသ အေဂျင်စီ (ESA) အီဆာ နဲ့ ပူးပေါင်း ဆောင်ရွက်မှာ ဖြစ်ပါတယ်။

ပါစဗေးရန့် စက်ရုပ်ကား ဆင်းသက်မယ့် ယဇီယို ချိုင့်ဝှမ်းဒေသဟာ အင်္ဂါဂြိုဟ်ပေါ်မှာ စီးဆင်းနေတဲ့ ရေတွေ ရှိခဲ့တဲ့ကာလတုန်းက မြစ်ဝကျွန်းပေါ်လို နေရာမျိုးဖြစ်ခဲ့ပြီး အဲဒီ နေရာ တစ်ဝိုက်မှာ ရေစီးဆင်းမှုကြောင့် မြေလွှာ အထပ်ထပ်နဲ့အတူ ကျောက်တွေ၊ သဲတွေ သာမက သက်ရှိတွေရဲ့ ကြွင်းကျန်တဲ့ ကာဗွန်အထောက်အထားပါ ရှိနေနိုင်ပါတယ်။
ယဇီယိုချိုင့်ဝှမ်းကို ဦးတည် စီးဆင်းလာတဲ့ လမ်းကြောင်းဟာ ချိုင့်ဝှမ်းကမ်းပါးကို ထိုးဖောက်ဝင်လာပြီး အဲဒီဝင်လာတဲ့ အဝ မှာပဲ ပါစဗေးရန့် စက်ရုပ်ကားက ဆင်းသက်နိုင်ဖို့ စီစဉ်ထား
ယဇီယိုချိုင့်ဝှမ်းကို ဦးတည် စီးဆင်းလာတဲ့ လမ်းကြောင်းဟာ ချိုင့်ဝှမ်းကမ်းပါးကို ထိုးဖောက်ဝင်လာပြီး အဲဒီဝင်လာတဲ့ အဝ မှာ ရှိနေတဲ့ မြစ်ဝကျွန်းပေါ် ကုန်းလျှောကလေးနားမှာပဲ ပါစဗေးရန့် စက်ရုပ်ကားက ဆင်းသက်နိုင်ဖို့ စီစဉ်ထားတယ်လို့ ဒေါက်တာ ဝီလီဖို့ဒ်က ဆိုပါတယ်။

အဲဒီ မြစ်ဝကျွန်းပေါ်ဒေသအတွင်းမှာ မြစ်ကြောင်းအစပိုင်းက သဲမြေတွေကိုလည်း တွေ့ရပြီး ချိုင့်ဝှမ်းမရောက်ခင်မှာ ရေစီးကြောင်းတွေ ရှိခဲ့တဲ့ မြေသားရှိကြောင်း အထောက်အထားတွေလည်း တွေ့ရတယ်လို့ သူက ဆိုပါတယ်။

အဲဒီဒေသအတွင်းက သဲမြေတွေကို ကျောက်သားဖြစ်သွားစေတဲ့ အလွှာတွေကလည်း အလွန်စိတ်ဝင်စားဖို့ကောင်းပြီး ယခင်က ရေကန်ဖြစ်ခဲ့တဲ့ အဲဒီ ချိုင့်ဝှမ်းဒေသ မြစ်ဝကျွန်းပေါ်အတွင်းမှာ ရေနဲ့ သဲမြေတို့ အပြန်အလှန် သက်ရောက်တဲ့ သမိုင်းကြောင်းကို မှတ်တမ်းတင်ပေးထားမယ့် အလွှာတွေ ဖြစ်တယ်လို့ ဒေါက်တာ ဝီလီဖို့ဒ်က ပြောပါတယ်။

အဲဒီ အလွှာမျိုးမှာ သက်ရှိပိုးမွှားတွေ ပေါက်ဖွားရှင်သန်နိုင်ပြီး မြစ်ကြောင်းအစ ဒေသဘက်မှာ ရှိခဲ့နိုင်တဲ့ သက်ရှိတွေရဲ့ ကာဗွန်အကြွင်းအကျန်တွေပါ ဒီချိုင့်ဝှမ်းအတွင်းမှာ လာစုနေနိုင်တယ်လို့ ဆိုပါတယ်။

အမေရိကန်နိုင်ငံ ပါဂျူး တက္ကသိုလ်နဲ့ အနောက်ဝါရှင်တန် တက္ကသိုလ်တို့က ဒေါက်တာ ဘရီယွန်နီ ဟော်ဂန်နဲ့ ဒေါက်တာ မလစ်ဆာ ရိုက်စ်တို့ရဲ့ ယဇီယို ချိုင့်ဝှမ်းကို လေ့လာချက်အရ ဒီချိုင့်ဝှမ်းကမ်းခြေ ကမ်းပါး တစ်နေရာမှာ ကာဗွန် အကြွင်းအကျန်တွေ တင်နေတာ တွေ့ရတယ်လို့ ဆိုပါတယ်။

ဒီလို တင်နေပုံကို ဥပမာပေးရရင် လူတွေ ရေစိမ်ချိုးတဲ့ ကန်ငယ်အတွင်းမှာ ရေကျသွားရင် ပတ်လည်မှာ တင်ကျန်နေတတ်တဲ့ ဆပ်ပြာမြုပ် အကွင်းလိုက်လို ကျန်ခဲ့တာမျိုး ဖြစ်ပါတယ်။

ဒီလို ကာဗွန်အကြွင်းအကျန် အတွင်းမှာလည်း သက်ရှိအထောက်အထားတွေ သိုလှောင်ထားနိုင်ပြီး အဲဒီလို အလွှာအမျိုးအစား တစ်ခုကတော့ စထရိုမာတိုလိုက် ဖြစ်ပါတယ်။
စထရိုမာတိုလိုက်အလွှာတွေကို ကမ္ဘာပေါ်က သက်တမ်းရင့် ကမ်းခြေဒေသတွေမှာလည်း တွေ့ရ (ရှာ့ခ်ပင်လယ်အော်၊ သြစတြေးလျ)
အဲဒီအလွှာတွေဟာ တစ်လွှာချင်း တစ်မီလီမီတာ ရှိပြီး ဘက်တီးရီးယားနဲ့ သဲမှုန်တွေ စုပေါင်း တည်ဆောက်ထားရာမှာ တချို့အလွှာတွေဟာ နှစ်ပေါင်းများစွာကြာပေမဲ့ ဆက်လက် ရပ်တည်နေနိုင်ပြီး ကမ္ဘာပေါ်က သက်တမ်းရင့် ကမ်းခြေဒေသတွေမှာလည်း တွေ့ရတယ်လို့ ဆိုပါတယ်။

ပါစဗေးရန့် စက်ရုပ်ကားမှာ ရှားလော့လို့ ခေါ်တဲ့ ကျောက်သားတွေကို အနီးကပ် ဓါတ်ပုံရိုက်ယူပြီး သက်ရှိကာဗွန်အထောက်အထား အပါအဝင် ပါဝင်တဲ့ ဓါတ်သတ္ထုတွေကိုလည်း တွက်ချက်ပေးနိုင်တဲ့ ကိရိယာပါဝင်ပါတယ်။

ဒါ့အပြင် ပစ်ဇယ်လို့ခေါ်တဲ့ ကိရိယာလည်း ပါဝင်ပြီး ဒါကတော့ အဲဒီ ရှားလော့ကိရိယာ လေ့လာတဲ့ မြေနေရာတစ်ဝိုက်က ဓာတုဗေဒ ဖွဲ့စည်းပုံကို အသေးစိတ် ဖော်ပြပေးနိုင်တယ်လို့ ဆိုပါတယ်။

သက်ရှိတွေ ရှိခဲ့သလားဆိုတာကို ဆုံးဖြတ်ရာမှာ အမြင်သက်သက်နဲ့ မဟုတ်ပဲ အင်္ဂါဂြိုဟ်ပေါ်က ကျောက်သား ကမ္ဘာပေါ်ရောက်လာမှသာလျှင် ယတိပြတ် ဆုံးဖြတ်နိုင်မယ် ဆိုပါတယ်။

ဒါပေမဲ့လည်း စထရိုမာတိုလိုက် လို ကာဗွန်အကြွင်းအကျန် အလွှာမျိုးတွေမှာ မိုက်ခရုပ် ပိုးမွှားတွေ ရှိခဲ့တာကြောင့် တွန့်လိမ်ကောက်ကွေးတဲ့ အနေအထားရှိတဲ့ အလွှာတွေကို တွေ့ရပြီး ကင်မရာအရ အမြင်မှာတင် ထင်ရှားနိုင်တယ်လို့ ဒေါက်တာ ဝီလီဖို့ဒ်က ပြောပါတယ်။
စထရိုမာတိုလိုက် လို အလွှာမျိုးတွေမှာ မိုက်ခရုပ် ပိုးမွှားတွေ ရှိခဲ့တာကြောင့် တွန့်လိမ်ကောက်ကွေးတဲ့ အနေအထားရှိတာကို တွေ့ရပြီး ကင်မရာအရ အမြင်မှာတင် ထင်ရှားနိုင်
အခုလို အလွှာတွေကို လေ့လာရာမှာ တစ်လွှာနဲ့ တစ်လွှာ မတူနိုင်ပေမဲ့ ဆင်တူယိုးမှား အလွှာတွေ တွေ့လာရပြီဆိုရင် သက်ရှိ ရှိခဲ့တဲ့ ဇီဝဗေဒ အထောက်အထားလို့ ဆိုနိုင်တဲ့အတွက် ဒါမျိုးတွေ တွေ့ရဖို့ မျှော်လင့်တယ်လို့ သူက ဆိုပါတယ်။

အခုလို အင်္ဂါဂြိုဟ်ပေါ်က စထရိုမာတိုလိုက် လို အလွှာတွေကို လေ့လာရာမှာ အကျွမ်းတဝင်ဖြစ်ဖို့ အတွက် ကမ္ဘာပေါ်က အလားတူ သက်တမ်းရင့် စထရိုမာတိုလိုက် အလွှာတွေကို ၂၀၁၉ အတွင်းမှာ ပါးစဗေးရန့် စီမံကိန်းက သိပ္ပံပညာရှင်တွေက လေ့လာခဲ့ကြပါတယ်။

အဲဒီ အလွှာတွေကို သြစတြေးလျနိုင်ငံ ပေလ်ဘာရာ ဒေသမှာ တွေ့ရပြီး နှစ်ပေါင်း ၃.၄၈ ဘီလီလျံ ရှိတဲ့ အဲဒီ စထရိုမာတိုလိုက် အလွှာတွေမှာ သက်ရှိတွေရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေကိုပါ တွေ့ခဲ့ရပါတယ်။

ကမ္ဘာပေါ်က အဲဒီ ကျောက်လွှာတွေကို လေ့လာရာမှာ အမှုန့်ကြိတ်ပြီး ဖန်သားပြင်ပေါ်တင်ပြီး လေ့လာရင် ဒီပိုးမွှားတွေရဲ့ ဆဲလ်တစ်ခုချင်းကိုပါ ကြည့်ရှုနိုင်တယ် ဆိုပေမဲ့ ပါစဗေးရန့် စက်ရုပ်ကားကတော့ အဲဒီလောက်အထိ လုပ်နိုင်တဲ့ အခြေအနေမရှိပါဘူး။
ကမ္ဘာပေါ်မှာ ကျောက်သားတွေ လေ့လာရာမှာ ပိုးမွှားတွေရဲ့ ဆဲလ်တစ်ခုချင်းကိုပါ ကြည့်ရှုနိုင်တယ် ဆိုပေမဲ့ ပါစဗေးရန့် စက်ရုပ်ကားကတော့ အဲဒီလောက်အထိ လုပ်နိုင်တဲ့ အခြေအနေမရှိ
ဒါပေမဲ့လည်း အဲဒီ မိုက်ခရုပ် ပိုးမွှား ရုပ်ကြွင်းတွေကို တစ်ကောင်ချင်း တွေ့ရတာမျိုး အလွန် ရှားပါးပြီး အစုလိုက်သာ တွေ့ရလေ့ရှိတဲ့အတွက် ဒါကိုတော့ ပါစဗေးရန့်က တွေ့ရှိ ထောက်လှမ်း နိုင်လောက်တယ်လို့ ဒေါက်တာ ဝီလီဖို့ဒ်က ဆိုပါတယ်။

ပါစဗေးရန့် စက်ရုပ်ကားက ကျောက်သားနမူနာယူပြီးတဲ့ အခါမှာတော့ ယဇီယို ချိုင့်ဝှမ်းရဲ့ ကမ်းပါးနေရာအထိ မောင်းနှင်သွားပြီး ဒီချိုင့်ဝှမ်းနဲ့တကွ ရှိခဲ့နိုင်တဲ့ ရေကန်ရဲ့ သက်တမ်းကို ခန့်မှန်းမှာ ဖြစ်ပါတယ်။

ပါစဗေးရန့် စီမံကိန်းပြီးသွားလို့ သက်ရှိအထောက်အထား မတွေ့ရဘူးဆိုရင်တောင်မှ ယဇီယို ချိုင့်ဝှမ်းထက် သက်တမ်းရင့်တယ်လို့ ယူဆထားတဲ့ ဆားတစ် လို့ အမည်ပေးထားတဲ့ ဒေသကို စက်ရုပ်ကားလွှတ်ပြီး လေ့လာဖို့ နာဆာက ဆက်လက်စီစဉ်ထားပါတယ်။

အင်္ဂါဂြိုဟ်ပေါ်မှာ သက်ရှိတွေ နေခဲ့သလား စမ်းသပ်တာက ကမ္ဘာပေါ်မှာ စမ်းတာထက် ပိုလွယ်နိုင်တယ်လို့ အင်္ဂါဂြိုဟ်ပေါ်ကို နောက်ထပ် ဂြိုဟ်တုလွှတ်မယ့်အဖွဲ့မှာ ပါတဲ့ အမေရိကန် အာကာသ အေဂျင်စီ နာဆာရဲ့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။

အင်္ဂဂြိုဟ်ရဲ့ မြေသားထုဟာ ကမ္ဘာပေါ်မှာလို ပြတ်ရွေ့ကြော လှုပ်ရှားမှု မရှိတော့ဘဲ ရပ်ဆိုင်းသွားတယ်လို့ ယူဆရတဲ့အတွက် ယခင်က သက်ရှိတွေ နေခဲ့သလားဆိုတဲ့ သဲလွန်စတွေကို ရှာလို့ ပိုလွယ်မယ်လို့ သူတို့က ဆိုပါတယ်။

ကမ္ဘာပေါ်မှာတော့ ဒီလို သက်တမ်းရင့်တဲ့ ကျောက်သားတွေကို အပေါ်ယံ မြေမျက်နှာပြင်ပေါ်မှာ တွေ့ရဖို့ ခဲယဉ်းသလို ရှိနေတဲ့ ကျောက်သားတွေကလည်း အပူချိန်ကြောင့် ကျစ်လျစ်သွားတဲ့ ကျောက်သားတွေ ဖြစ်တဲ့အတွက် အဲဒီကာလက သက်ရှိတွေ ဘယ်လိုနေခဲ့သလဲဆိုတာ သဲလွန်စရှာဖို့ ခက်ခဲပါတယ်။
ပါစဗေးရန့် စက်ရုပ်ကားကို မိုးပျံဝန်ချီစက်လို့ အမည်ပေးထားတဲ့ နည်းပညာနဲ့ ဂြိုဟ်မျက်နှာပြင်ပေါ်က ချချင်တဲ့ နေရာကို အတိအကျ ချဖို့ ကြိုးစားမယ်
ပါစဗေးရန့် စက်ရုပ်ကားကို ပြန်ခေါ်ဖို့ စီမံကိန်းကိုတော့ နာဆာနဲ့ ဥရောပ အာကာသ အေဂျင်စီ အီဆာ တို့က ပူးတွဲလုပ်ဆောင်ဖို့ စီစဉ်ထားပြီး ၂၀၃၀ အစောပိုင်းလောက်မှာ လုပ်ဖြစ်မယ်လို့ မှန်းထားပါတယ်။

ဒီ စက်ရုပ်ကားဟာ ၂၀၁၂ မှာ နာဆာက အင်္ဂါဂြိုဟ်ကို စေလွှတ်ခဲ့တဲ့ တစ်တန် အလေးချိန်ရှိ စူးစမ်းခြင်း အမည်ရ စက်ရုပ်ကားကိုပဲ အခြေခံထားပါတယ်။

အဲဒီစက်ရုပ်ကားကို မိုးပျံဝန်ချီစက်လို့ အမည်ပေးထားတဲ့ နည်းပညာနဲ့ ဂြိုဟ်မျက်နှာပြင်ပေါ်က ချချင်တဲ့ နေရာကို အတိအကျ ချဖို့ ကြိုးစားမှာ ဖြစ်ပြီး ဒီတစ်ခေါက်မှာတော့ မြေပြင်အနေအထားကို ပိုပြီး တိတိကျကျ မြေပုံထုတ်ပြီးမှ စက်ရုပ်ကားကို နေရာချဖို့ နည်းပညာကို ဖြည့်စွက် ထားပါတယ်။

မြေပြင်ပေါ်ကို ရောက်သွားတဲ့ အချိန်မှာလည်း ဒီစက်ရုပ်ကားက လိုအပ်သလို လမ်းကြောင်းပြောင်းဖို့ ဆုံးဖြတ်ပြီး လေ့လာနိုင်မယ့် ကွန်ပျူတာ စနစ်ကို ထည့်သွင်းထားပါတယ်။

ဒီစက်ရုပ်ကို စေလွှတ်ရာမှာ လိုချင်တဲ့နေရာကို ရောက်ဖို့အတွက် ကမ္ဘာနဲ့ အင်္ဂါဂြိုလ်ကြားမှာ တခြားဂြိုဟ်အစရှိတဲ့ အရာတွေ ခံမနေဘဲ အကွာအဝေးအနည်းဆုံး ဖြစ်မယ့် လမ်းကြောင်းတည့်မယ့်အချိန်ကို ရွေးရတဲ့ အချိန်ကန့်သတ်ချက်လည်း ရှိနေပါတယ်။

အဲဒီအတွက် ပါစဗေးရန့် စက်ရုပ်ကားက ၂၀၂၁ ဖေဖော်ဝါရီမှာ အင်္ဂါဂြိုဟ်ပေါ် ရောက်ဖို့ ၂၀၂၀ ဇူလိုင်နဲ့ သြဂုတ်လ ကြားမှာ နာဆာက ဂြိုဟ်တုလွှတ်တင်ဖို့ စီစဉ်ထားပါတယ်။

BBC Burmese
https://www.bbc.com/burmese/world-53544676
NASA ရဲ့ စက်ရုပ်ကားက အင်္ဂါဂြိုဟ်ပေါ်မှာ သက်ရှိတွေ ရှိခဲ့သလားဆိုတာ ဘယ်လိုရှာမှာလဲ NASA ရဲ့ စက်ရုပ်ကားက အင်္ဂါဂြိုဟ်ပေါ်မှာ သက်ရှိတွေ ရှိခဲ့သလားဆိုတာ ဘယ်လိုရှာမှာလဲ Reviewed by THITHTOOLWIN on 21:09 Rating: 5
Powered by Blogger.