ရှမ်းနီ(တိုင်းလိုင်) ကျောင်းသားနှစ်ဦးတို့ KIA တပ်ဖွဲ့ဝင်တွေ သတ်ဖြတ်တာခံရ

KIA တပ်ဖွဲ့ဝင် တစ်ဦးကို တွေ့ရစဉ် - Photo: RFA
စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်၊ ပါဟုတ်ကြီးရွာမှာ ရှမ်းနီလူမျိုး အသက် ၁၇ နှစ်အရွယ် ကျောင်းသား လူငယ် နှစ်ဦးကို ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) က သတ်ဖြတ်ခဲ့ပါတယ်။

KIA ဘက်ကလည်း ဝန်ခံထားပြီး မိသားစုဝင်တွေ ကျေနပ်အောင်လုပ်ပေးမယ်လို့ ပြောထားပါတယ်။

အသက် ၁၇ နှစ်အရွယ် ၉ တန်းကျောင်းသား မောင်ဇော်မျိုးဦးနဲ့ မုံရွာတက္ကသိုလ်မှာ အဝေးသင်တက်ရောက်မယ့် မောင်သန့်ဇင်အောင် တို့ကို ပြီးခဲ့တဲ့ ဇူလိုင်လ ၆ ရက်နေ့က KIA တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခေါ်ဆောင် သွားခဲ့ပြီးတဲ့နောက် ၁၆ ရက် အကြာမှာ KIA ဘက်က သေဆုံးသွားပြီလို့ အကြောင်းကြားလာတယ်လို့  မောင်သန့်ဇင်အောင် ဖခင် ဦးအိုက်ဆန်းက ပြောပါတယ်။

သူတို့နှစ်ဦးဟာ ညီအစ်ကို ဝမ်းကွဲ တော်စပ်ကြတာဖြစ်ပြီး မောင်သန့်ဇင်အောင်ဟာ ရန်ကုန်ကို မကြာခင်ရက်ပိုင်း ပြန်ဖို့စီစဉ်နေချိန် မပြန်ခင် ညီအစ်ကိုနှစ်ယောက် ပျော်ပွဲစားထွက်ကြရင်းကနေ KIA တပ်ဖွဲ့ ဝင်တွေရဲ့ ဖမ်းဆီးတာကို ခံလိုက်ရတာဖြစ်ပါတယ်။

သူတို့နှစ်ဦးကို ဖားကန့်မြို့နယ် ဟောင်ပါးကျေးရွာအုပ်စု ဆယ်ဇင်းကျေးရွာမှာ အသတ်ခံလိုက်ရတာမို့ KIA ဘက်က တာဝန်ယူဖြေရှင်းပေးဖို့တောင်းဆိုတယ်လို့ ရှမ်းနီ(တိုင်းလိုင်) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီက ဦးစိုင်းဌေးအောင်က ပြောပါတယ်။

အသတ်ခံရတဲ့ ကျောင်းသားနှစ်ဦးရဲ့အလောင်းကို ချက်ချင်းပြန်ပေးဖို့၊ သေဆုံးသူတွေအတွက် နှစ်နာကြေးပေးဖို့ အပါအဝင် ကံယာကံရှင်မိသားစုဝင်တွေ ကျေနပ်တဲ့အထိ KIA ဘက်က အများပြည်သူရှေ့ ဝန်ချတောင်းပန်ပေးဖို့နဲ့ ကျူးလွန်သူတွေကို ပွင့်လင်းမြင်သာစွာ အရေးယူပေးဖို့ တိုင်းလိုင်(ရှမ်းနီ) အမျိုး သားဖွံ့ဖြိုးတိုးတက်ရေးပါတီက ဇူလိုင်၂၃ ရက်နေ့မှာ သဘောထားကြေညာချက် ထုတ်ပြန်ထားပါတယ်။

အခုလိုဖြစ်စဉ်အတွက် KIA တပ်ဖွဲ့ဝင်တွေက လက်လွန်သွားတာကို မိသားစုဝင်တွေ ကျေနပ်အောင် ကြေညာချက် ထုတ်ပြန်တဲ့အဖွဲ့အစည်းတွေကိုလည်း ကျေနပ်အောင် လုပ်ဆောင်ပေးမယ်လို့ KIA အဖွဲ့ က ဒု-ဗိုလ်မှူးကြီး နော်ဘူက RFA ကို ပြောပါတယ်။

KIA ဘက်ကလည်း ကျူးလွန်ခဲ့သူတွေကို စုံစမ်းစစ်ဆေးနေပြီး ကျောင်းသား နှစ်ဦးတို့ရဲ့ အလောင်းကို မြေပြင် အခြေအနေအရ စုံစမ်းမှုတွေလုပ်ပြီး ပြန်ပေးနိုင်ရေး လုပ်ဆောင်ပေးမယ်လို့လည်း ဒု-ဗိုလ်မှုးကြီး နော်ဘူ က ပြောပါတယ်။

ရှမ်းနီ(တိုင်းလိုင်) တိုင်းရင်းသားတွေကို KIA က အခုလိုသတ်ဖြတ်နေတာတွေ နောက်ထပ်မဖြစ်ပေါ်စေဖို့ ၊ လူမျိုးရေးအရ ပဋိပက္ခတွေ ထပ်မဖြစ်စေဖို့အတွက် အခုလိုကြေညာချက်တွေ ထုတ်ပြန်နေရတာလို့လည်း ရှမ်းနီ(တိုင်းလိုင်) အဖွဲ့အစည်းတွေက ပြောကြပါတယ်။

အဲလိဇဘက်ဂျန်မာ / RFA Burmese
https://www.rfa.org/burmese/news/kia-killed-two-students-07242020073009.html
ရှမ်းနီ(တိုင်းလိုင်) ကျောင်းသားနှစ်ဦးတို့ KIA တပ်ဖွဲ့ဝင်တွေ သတ်ဖြတ်တာခံရ ရှမ်းနီ(တိုင်းလိုင်) ကျောင်းသားနှစ်ဦးတို့ KIA တပ်ဖွဲ့ဝင်တွေ သတ်ဖြတ်တာခံရ Reviewed by THITHTOOLWIN on 20:46 Rating: 5
Powered by Blogger.